DVB Logo
Home
နိုင်ငံရေး
မြို့ ၄ မြို့ကို စစ်တပ်က ပြန်တောင်းနေချိန် နမ့်ခမ်း၌ TNLA တပ်လှုပ်ရှားမှုတိုးမြှင့်
စိုးသူအောင်
·
May 21, 2026
TNLA တပ်ဖွဲ့ဝင်အချို့ (Photo : Reuters)
TNLA တပ်ဖွဲ့ဝင်အချို့ (Photo : Reuters)
Donate to DVB

မြို့ ၄ မြို့ကို ပြန်လွှဲပေးဖို့ စစ်အာဏာရှင်က တောင်းဆိုလိုက်တဲ့သတင်း ထွက်လာပြီးနောက်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဘက်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမှာ တပ်လှုပ်ရှားမှုတွေ တိုးမြှင့်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေ ၁၂ ရက်နဲ့ ၁၅ ရက်တွေထဲ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ တရုတ်ရဲ့ ကြားဝင်မှုကြောင့် စစ်အာဏာရှင်တပ်နဲ့ TNLA အကြီးအကဲတွေ တွေ့ဆုံဆွေးနွေးရာမှာ စစ်တပ်ဘက်က နမ့်ခမ်း၊ နမ္မတူ၊ မိုင်းလုံနဲ့ မိုင်းငေါ့ မြို့ ၄ မြို့ကို ပြန်လွှဲပေးဖို့ တောင်းဆိုကြောင်း သတင်းထွက်လာခဲ့တာပါ။

ဆွေးနွေးပွဲကိစ္စကို အသေးစိတ်မသိရပေမဲ့ ဒီသတင်းတွေ ထွက်ပေါ်ချိန်မှာပဲ နမ့်ခမ်းမြို့ပေါ်နဲ့ မြို့အဝင်အထွက်တွေမှာ TNLA ဘက်က လုံခြုံရေးနဲ့ စစ်ရေးပြင်ဆင်မှုတွေကို ခပ်စိပ်စိပ် လုပ်ဆောင်လာတာ တွေ့ရတယ်လို့ နမ့်ခမ်းဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

“သွားတာကတော့ သူတို့ ၁၂ ရက်နေ့က သွားတာ။ ၁၅ ရက်နေ့လောက်မှာ သူတို့ ပြန်လာတယ်။ တကယ်လို့သာ မပေးရဘူးဆိုရင် သူတို့ဘက်က မဟုတ်ပါဘူးဆိုတဲ့ဟာမျိုး ပြောရမှာ။ ပြင်ဆင်နေတာတော့ တွေ့ရတယ်။ ပြင်ဆင်တယ်ဆိုတာက ကားကြီး၊ ကားငယ်ပေါ့နော်၊ မြို့ပြင်တွေမှာ ဆိုရင်လည်း အရင်ကထက်ပိုတဲ့ စောင့်ကြည့်မှုတွေပေါ့နော် သူတို့ လုပ်နေတာ။ နံပါတ် ၂ ကတော့ စစ်ရေးပြင်ဆင်တဲ့အနေနဲ့ပေါ့၊ အရင်ကထက် များပြားတဲ့လူတွေကို နမ့်ခမ်းမြို့ပေါ်မှာ တွေ့ရတယ်။ ဘာလဲဆိုတော့ TNLA စစ်သားတွေပေါ့။ ဖြစ်လာမှာလား၊ မဖြစ်လာဘူးလား ဆိုတာကတော့ ပြည်သူတွေကတော့ ထပ်ဖြစ်မယ်ဆိုရင်လည်း မိုးကုတ်နဲ့ မိုးမိတ်လိုပဲ ဒီတိုင်းပဲ ပေးလိုက်မယ်ပဲ ကျနော်တို့ ထင်တယ်။ သူတို့ဘက်က ခံတိုက်ဖို့ဆိုတာက အဲဒီလောက်ထိတော့ မမြင်ထားဘူး အစ်ကို။”

ဒေသခံတွေရဲ့ အမြင်မှာတော့ နမ့်ခမ်းမြို့ကို တိုက်ပွဲမဖြစ်ဘဲ စစ်တပ်ကို ပြန်လည်လွှဲပြောင်းပေးဖွယ် ရှိတယ်လို့ ယူဆနေကြပေမဲ့ စစ်ရေးလေ့လာသူတွေကတော့ ဒါဟာ TNLA အတွက် ကြီးမားတဲ့ စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်းတခုလို့ ထောက်ပြနေပါတယ်။

အထူးသဖြင့် နမ္မတူ၊ မိုင်းလုံနဲ့ မိုင်းငေါ့မြို့တွေဟာ TNLA ရဲ့ ပလောင်ပြည်နယ် ဖော်ဆောင်ရေးအတွက် အရေးပါတဲ့မြို့တွေ ဖြစ်တာကြောင့် လက်လွှတ်ဖို့ ခက်ခဲနိုင်တယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI ပြောခွင့်ရသူ CDM ဗိုလ်မှူး ကိုနောင်ရိုးက သုံးသပ်ပါတယ်။

“တရုတ်ဘက်က သဘောထားတွေလည်း ပါကောင်း ပါနိုင်တယ်ဆိုတော့ ဒီ နမ့်ခမ်းကတော့ ဖိအားတွေရော၊ တောင်းဆိုမှုတွေရော ပြင်းထန်လာမယ်ဆိုရင်တော့ TNLA အနေနဲ့ လက်လွှတ်ကောင်း လက်လွှတ်ရမဲ့ အနေအထားတွေ ရှိလာနိုင်တယ်လို့ ကျနော်တို့ ယူဆတယ်ပေါ့နော်။ ဒါပေမဲ့ ကျန်တဲ့ နမ္မတူ၊ မိုင်းလုံ၊ မိုင်းငေါ့ တို့ကိုတော့ TNLA အနေနဲ့ လက်လွှတ်ဖို့ ခက်လိမ့်မယ်လို့ ကျနော် ထင်တယ်ပေါ့နော်။ ဒီနယ်မြေတွေကို လက်လွှတ်ရပြီ ဆိုရင်လည်း TNLA နယ်မြေက သိပ်ပြီးတော့ မကျန်တော့ဘူးပေါ့နော်။ နမ့်ဆန်တဝိုက်၊ မန်တုံတဝိုက်တွေပဲ ကျန်တော့တယ်။ တော်တော်လေး ပြန်ကျုံ့သွားမှာပေါ့နော်။ နဂို စစ်အာဏာ မသိမ်းခင် အနေအထားလောက် အခြေအနေကို ပြန်ရောက်သွားနိုင်တယ်။ ဒီအခြေအနေကိုတော့ TNLA အနေနဲ့ လက်ခံဖို့ ခက်ခဲနိုင်လိမ့်မယ်လို့ ထင်တယ်။”

အထက်ပါအကြောင်းအရာတွေကြောင့် TNLA အနေနဲ့ နမ္မတူ၊ မိုင်းလုံ၊ မိုင်းငေါ့ နယ်မြေတွေကို စစ်တပ်ဆီလွှဲပေးဖို့ ခက်ခဲနိုင်သလို နမ့်ခမ်းမြို့ဟာလည်း KIA ထိန်းချုပ်ရာ လွယ်ဂျယ်နဲ့ ဗန်းမော်ဘက်ကို ကုန်းလမ်းပေါက်နေပါတယ်။

ဒါကြောင့် TNLA အနေနဲ့ နမ့်ခမ်းမြို့ကို စစ်တပ်ကို ပြန်လည်ပေးလိုက်ပါက ဒေသတွင်း ကုန်သွယ်ရေးနဲ့ ထောက်ပို့လမ်းကြောင်းတွေအပေါ် စစ်တပ်က ပြန်လည်စိုးမိုးသွားမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

တရုတ်နိုင်ငံဘက်ကလည်း နယ်စပ်တည်ငြိမ်ရေးကို အကြောင်းပြပြီး တော်လှန်ရေးအဖွဲ့တွေအပေါ် ဖိအားပေးမှုတွေ တိုးမြှင့်နေသလို စစ်တပ်ကလည်း ဒီအခြေအနေကို အခွင့်ကောင်းယူပြီး လက်လွှတ်ခဲ့ရတဲ့ မြို့တွေကို ပြန်လည်ရယူဖို့ ကြိုးပမ်းနေတာပါ။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး TNLA ပြောခွင့်ရသူ လွေးယေဦးထံ DVB က စာပေးပို့ မေးမြန်းပေမဲ့ ဖြေကြားတာမရှိသေးသလို သတင်းရေးသားချိန် မေ ၂၁ ရက် မနက်ပိုင်းအထိ ပြည်သူကို ထုတ်ပြန်အသိပေးတာလည်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013