DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံအသစ် ရေးဆွဲပြဋ္ဌာန်းမည်ဟု တိုင်းရင်းသားလူမျိုးများညီလာခံ ကြေညာ
DVB
·
August 2, 2013
ဖွဲ့စည်းပုံအသစ် ရေးဆွဲပြဋ္ဌာန်းမည်ဟု တိုင်းရင်းသားလူမျိုးများညီလာခံ ကြေညာ
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ရေးဆွဲပြဋ္ဌာန်းသွားမယ်လို့ တိုင်းရင်းသားလူမျိုးများ ညီလာခံက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဒီနေ့ပြုလုပ်တဲ့ တိုင်းရင်းသားညီလာခံရဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ပြောဆိုလိုက်တာပါ။

ညီလာခံကို ဇူလိုင် ၂၉ ကနေ ဩဂုတ် ၁ ရက်နေ့အထိ ၃ ရက်ကြာ ပြုလုပ်ခဲ့ပြီး အချက် ၆ချက်ပါ သဘောထားဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဒီထဲမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းဖို့၊ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံဘဲ ဖွဲ့စည်းပုံအသစ် ရေးဆွဲပြဋ္ဌာန်းဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲရေး ကိစ္စရပ်နဲ့ ပတ်သက်ပြီး ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ)  အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက အခုလိုပြောပါတယ်။

“အရင် စစ်အစိုးရက ဒီဖွဲ့စည်းပုံကို ပြင်လို့မရအောင်ကို ဖန်တီးထားတယ်။ အဲတော့ ၂၀၀၈ ဖွဲ့စည်းပုံကို သူတို့သတ်မှတ်ထားတဲ့ မှုအရ လွှတ်တော်ထဲမှာရှိတဲ့ ကိုယ်စားလှယ်တွေနဲ့ ပြင်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ကျနော်တို့ မြင်တယ်။ တကယ်လို့ အဲဒီပုံစံအတိုင်း သွားမယ်ဆိုရင် အချိန်အများကြီးလိုမယ်။ ပုဒ်မတိုင်း ပုဒ်မတိုင်း လိုလိုမှာ ပြင်ဆင်မှုလုပ်ဖို့ လိုနေတယ်။ အဲဒါက တဖက်ကလည်း အချိန်လည်းကြာမယ်၊ အလုပ်လည်းမဖြစ်ဘူး။  နောက် ပုဒ်မတခုခုကို ဆွေးနွေးရင် စစ်တပ်ရဲ့ အခွင့်အာဏာကို တဖက်က ထိခိုက်မယ်၊ ထိခိုက်ရင် သူတို့ကလည်း ကာကွယ်မယ်။ အဲဒီတော့ ညီညွတ်ရေးကို ဦးမတည်ဘူးလို့ ကျနော်မြင်တယ်။ ဒါကြောင့် အဲဒီလို အခက်အခဲကြားမှာ တဖက်ကလည်း ပြင်လို့ရအောင်ဆိုရင်တော့ အသစ်ရေးတာကတော့ အကောင်းဆုံဖြစ်မယ်လို့ ကျနော်ယုံကြည်တယ်။”

ဖွဲ့စည်းပုံအသစ်ကို ဒီနှစ်ထဲ အပြီးရေးဆွဲပြီး အစိုးရနဲ့ ဆွေးနွေးတဲ့အခါ အသုံးပြုမှာဖြစ်ပြီး အသေကိုင်ထားမှာ မဟုတ်ကြောင်း၊ အခွင့်အရေးရရင် ပြည်သူကို ချပြမယ်လို့ ပြောပါတယ်။ ဖွဲ့စည်းပုံအသစ်ကို ဒီနှစ်ထဲ အပြီးရေးဆွဲသွားမယ်လို့ ဆိုပါတယ်။

ဖွဲ့စည်းပုံအသစ် ရေးဆွဲပြဋ္ဌာန်းမယ်ဆိုတဲ့ တိုင်းရင်းသားညီလာခံရဲ့ ဆုံးဖြတ်ချက်အပေါ် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ဖြစ်နိုင်ခြေနည်းတယ်လို့ ယူဆကြောင်း ပြောပါတယ်။

“သူတို့ ဘယ်လိုနည်းနဲ့ ပြန်ရေးမလဲ။ လူထုနည်းနဲ့ ရေးမလား၊ လူထုနည်းနဲ့ ရေးမယ်ဆိုရင် လူထုကြားမှာ ကျနော်တို့ လှုပ်ရှားမှုတွေ လုပ်ကြရတော့မယ်။ လုပ်မယ်ဆိုရင် လက်ရှိအနေအထားက ခွင့်ပြုမလား၊ မပြုဘူးလား ဒါလည်း စဉ်းစားရတော့မယ်။ စိတ်ကူး စိတ်သန်းကတော့ အများကြီးတာပေါ့ အခြေခံဥပဒေကို မကြိုက်တာတော့ မကြိုက်ကြဘူး။ လက်ရှိနိုင်ငံရေးအနေအထား အရ လက်ခံထားတဲ့ နိုင်ငံရေးပါတီအဖွဲ့အစည်းတွေလည်း ရှိနေတယ်။ အဲဒီတော့ လက်မခံဘူး ဖျက်ချင်တယ် ဆိုရင်လည်း လုပ်ကြပေါ့။ ကျနော်တို့က ဒါကိုတော့ ဖြစ်နိုင်ခြေနည်းတယ်လို့ ယူဆတယ်။”

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကတော့ ပြည်တွင်းပြည်ပ အားလုံးပါဝင်တဲ့ တွေ့ဆုံမှု၊ ဆွေးနွေးမှု ဟုတ်ရဲ့လားလို့ မေးခွန်းထုတ်ပါတယ်။

“ကျနော်အမြင်ကတော့ဖြင့် တစ်အချက် ၂၀၀၈ ကို လက်မခံဘူးဆိုတာ ကျနော်တို့ သဘောပေါက်ပါတယ်။ နှစ်အချက်က ဖွဲ့စည်းပုံတခုကို စဉ်စားတော့မယ် ဆိုတဲ့အခါကျတော့ ကျနော်တို့ နိုင်ငံမှာ ရှိခဲ့တဲ့ ပုံစည်းပုံ သုံးခုစလုံးကို ပြန်စဉ်စားပေးဖို့လိုတယ်။ လက်ရှိပြဿနာဟာ ဖွဲ့စည်းပုံကြောင့် ဖြစ်တဲ့ ပြဿနာဆိုလို့ရှိရင် ယူအန်အေ၊ ယူအန်အက်ဖ်စီ၊ တိုင်းရင်းသားတွေနဲ့ လုပ်တယ်ဆိုတဲ့ ခေါင်းစဉ်တခုအောက်ကတော့ ကျနော်တို့က တစုံတခု အတိုင်းအတာတခုအထိ လက်ခံနိုင်ဖို့တော့ ရှိပါတယ်။ အားလုံး ပါဝင်ပြည့်စုံတဲ့ တွေ့ဆုံမှု သို့မဟုတ် ဦးဆောင်မှု ဟုတ်ရဲ့လားဆိုတာကို ပြန်လည်သုံးသပ်ဖို့လိုမယ်။ ပြည်တွင်းထဲမှာလုပ်နိုင်ရင် ပိုမကောင်းဘူးလားဆိုတဲ့အမြင်နဲ့ ဒီဖွဲ့စည်းပုံကို ပြန်ချဉ်းကပ်သင့်ပါတယ်။”

၃ ရက်ကြာ ကျင်းပပြုလုပ်ခဲ့တဲ့ တိုင်းရင်းသားညီလာခံကို ယူအန်အက်ဖ်စီ အဖွဲ့ဝင်တွေ အပါအ၀င် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၁၈ ဖွဲ့က ကိုယ်စားလှယ်တွေ၊ ညီညွတ်သော တိုင်းရင်းသားများမဟာမိတ် (ယူအန်အေ) အဖွဲ့ဝင်တွေ၊ တိုင်းရင်းသားနိုင်ငံရေးပါတီ ၄ ဖွဲ့က ကိုယ်စားလှယ်တွေ၊ လူငယ်အဖွဲ့အစည်းတွေ၊ အမျိုးသမီးအဖွဲ့အစည်းတွေ၊ နိုင်ငံခြားရောက် တိုင်းရင်းသားအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ၊ တတ်သိပညာရှင်တွေနဲ့ တိုင်းရင်းသား အရေး ဆောင်ရွက်တဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေ စုစုပေါင်း ၁၂၀ ကျော် တက်ရောက် ဆွေးနွေးခဲ့ကြတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ဖွဲ့စည်းပုံအသစ် ရေးဆွဲပြဋ္ဌာန်းမည်ဟု တိုင်းရင်းသားလူမျိုးများညီလာခံ ကြေညာ