
စစ်အာဏာရှင် တပ်သားတွေအပါအဝင်၊ ရဲနဲ့ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းဆင့်ခေါ်စာကို အကြောင်းပြပြီး မိသားစုဝင်တွေဆီကနေ ကျပ် သိန်း ၄၀ ကနေ ၈၀ အထိ တောင်းခံနေတာကြောင့် စစ်မှုထမ်းဈေးကွက်အတွင်း တယောက်ကို ကျပ် သိန်း ၈၀ အထိ ပေါက်ဈေး ရှိနေတယ်လို့ စုံစမ်းမေးမြန်းချက်တွေအရ သိရပါတယ်။
ကိုယ်တွေ့ကြုံခဲ့ရသူတယောက်က “အခုအုပ်ချုပ်ရေးမှူးတွေနဲ့ စစ်သားတွေက စစ်မှုထမ်းစာရင်း ပါတယ်ဆိုပြီး အိမ်တွေကိုအကြောင်းကြားတယ်။ တကယ်လို့ စစ်မှုမထမ်းချင်ဘူးဆိုရင် သူတို့ တောင်းတဲ့ငွေကို ပေးရင်ရပြီဆိုပြီး ပြောတယ်။ ကနဦး ကျပ် သိန်း ၄၀ လောက်တောင်းတယ်။ အဲဒါနဲ့ ပြီးလားဆို မပြီးဘူး၊ ထပ်ကာထပ်ကာတွေ တောင်းတယ်။ သူတို့က ဒါကို စီးပွားရေးတခုလို လုပ်နေကြတာ” လို့ ပြောပါတယ်။
ဇူလိုင် ၁၂ ရက်ကလည်း စမ်းချောင်းမှာ အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းအမည်စာရင်းပေါက်တဲ့ နေအိမ်ကနေ ကျပ် သိန်း ၈၀ တောင်းခံခဲ့ပြီး သိန်း ၅၀ နဲ့ ညှိနှိုင်းခဲ့ရတယ်လို့ စမ်းချောင်းမြို့မှာ နေထိုင်သူတယောက်က ပြောပါတယ်။
စစ်မှုထမ်းအတွက် ပေါ်တာဆွဲပြီး စစ်တပ်ကို ငွေကြေးနဲ့ ပြန်ရောင်းစားတာတွေရှိသလို စစ်မှုထမ်းအပတ်စဥ် ကျော်ဖို့အတွက် လစဥ်ကြေးအနေနဲ့ တလကို သုံးသိန်းကောက်ခံတာတွေ လည်း ရှိပါတယ်။
စစ်မှုထမ်းဥပဒေပြဋ္ဌာန်း ပြီးနောက်ပိုင်း စစ်မှုထမ်းသင်တန်းအမှတ်စဥ် ၂၆ ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။
ဒါ့အပြင် အမျိုးသမီးစစ်မှုထမ်းသင်တန်းအတွက် ရပ်ကွက်တွေထဲမှာ စာရင်းတွေ လိုက်ကောက်နေပြီလို့ သိရပါတယ်။
စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလမှာ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်မှာတော့ လက်ရှိ စစ်အာဏာရှင်မင်းအောင်လှိုင်က အာဏာသက်ဝင်တဲ့အမိန့် ထုတ်ပြန်ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။










