DVB Logo
Home
မြန်မာသတင်း
ကယားကိုယ်စားလှယ်လောင်းများ ရိုးရာထုံးတမ်းနှင့်အညီ ကတိသစ္စာပြု (ဓာတ်ပုံ)
DVB
·
November 6, 2020
ကယားကိုယ်စားလှယ်လောင်းများ ရိုးရာထုံးတမ်းနှင့်အညီ ကတိသစ္စာပြု (ဓာတ်ပုံ)
1 / 10
Donate to DVB

၂၀၂၀ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ကယားပြည်နယ်အခြေစိုက် ပါတီကိုယ်စားလှယ်လောင်း တွေဟာ လွိုင်ကော်မြို့ရှိ ရိုးရာသမိုင်းအစဉ်အလာရှိတဲ့ ကန္ဒရဝတီမြိုင်ကျောက်တိုင်မှာ ရိုးရာ ထုံးတမ်းအစဉ်အလာတိုင်း ကတိသစ္စာပြုတဲ့အခမ်းအနားကို ဒီနေ့မနက် ပြုလုပ်ပါတယ်။

အဆိုပါကျောက်တိုင်ကွင်းဟာ ရှေ့ဘိုးဘွားစဉ်ဆက် လွိုင်ကော်မြို့တည်လာကတည်းက ရိုးရာအရထားရှိခဲ့တဲ့ နေရာဖြစ်ပြီး ရိုးရာနတ်အိမ်၊ ကျောက်တိုင်ကလွဲရင် တခြားဆောက်အဦတွေ မထားဘဲ ရိုးရာနယ်မြေတခုအဖြစ်  ထားရှိခဲ့တဲ့ နေရာဖြစ်ပါတယ်။

ဒါ့အပြင်ဘိုးဘွားစဉ်ဆက်ကတည်းက တိုင်းပြုအုပ်ချုပ်မင်းလုပ်တဲ့သူတွေဟာ ရိုးသား ဖြောင့်မတ်စွာနဲ့ တိုင်းသူပြည်သားတွေကို အုပ်ချုပ်မှပဲ တိုင်းပြည်သာယာဝပြောမယ်ဆိုတဲ့ ကတိသစ္စာဆိုခဲ့ကြတဲ့အတိုင်း ပါတီကိုယ်စားလောင်းတွေအနေနဲ့ လာရောက်ကတိသစ္စာပြုတာလို့  ဒီးမော့ဆိုမြို့နယ်က ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ်လောင်း ခူးပလုရယ်က ပြောပါတယ်။

“ဒီနေရာက ကျနော်တို့ ကယားပြည်နယ်သမိုင်းတလျှောက်မှာ အရေးပါတဲ့နေရာဖြစ်သလို ကျနော်တို့ အုပ်ချုပ်ခဲ့တဲ့ မင်းအဆက်ဆက်၊ စော်ဘွားအဆက်ဆက်က ဒီနေရာကို အလေးအမြတ် ထားပြီးတော့မှ သစ္စာအဓိဋ္ဌာန်ပြုခဲ့ကြတဲ့နေရာဖြစ်တယ်။ တချို့ကလည်း ဒီနေရာကိုအထွတ်အမြတ် ထားတဲ့ ဗဟိုချက်မနေရာ၊ တကယ့်ကို အဓိဋ္ဌာန်ထားတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မို့လို့ တက်လာ တဲ့ ပြည်နယ်အုပ်ချုပ်သူတိုင်းသည် ဒီမှာ အဓိဋ္ဌာန်ပြုပြီးတော့မှ အဓိဋ္ဌာန်နဲ့အညီ ပြည်သူပြည်သား တွေကို  အုပ်ချုပ်ဖို့နဲ့ ပြည်နယ်ကောင်းကျိုး၊ ပြည်သူကောင်းကျိုးအတွက် လုပ်ဖို့ဆိုတဲ့ဟာမျိုးကို အမြဲတမ်းစိတ်မှာထားပြီးမှ  အုပ်ချုပ်မင်းလုပ်ရမယ့် အနေအထားမျိုးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့လည်း ဒီသမိုင်းကြောင်းကို ရှေးက မိဘဖိုးဖွားတွေ လုပ်ဆောင်လာခဲ့တဲ့ ရိုးနဲ့အညီ၊ သမိုင်းကြောင်းနဲ့အညီ ကျနော်တို့လည်း ဒီမှာရွေးကောက်ပွဲဝင်တယ်ဆိုတဲ့အဓိပ္ပါယ်က ကျနော်တို့ နေရာရဖို့ ဆိုတာထက် ရှေးရှေးက ကျနော်တို့ ဘိုးဘွားတိုင်တည်ခဲ့တဲ့သစ္စာ ကျနော်တို့ စောဖျာ အဆက်ဆက်ထားခဲ့တဲ့ ကတိကဝတ်တွေပေါ်မှာမူတည်ပြီးမှ ကျနော်တို့ကလည်း ဒီအတိုင်း ကျနော်တို့ ပြည်နယ်အတွက် တကယ်ပဲ ဖြောင့်ဖြောင့်မတ်မတ် မှန်မှန်ကန်ကန်နဲ့ စီမံအုပ်ချုပ်ဖို့၊ ပြည်သူတွေကိုယ်စားပြုဖို့ လုပ်ပါမယ်ဆိုပြီးတော့မှ ဒီမှာလာပြီးတော့မှ ကတိသစ္စာ အဓိဋ္ဌာန်ပြုခြင်း ဖြစ်ပါတယ်။ ”

လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ဒီလိုအဓိဋ္ဌာန် မပြုခင်မှာ  ကြက်နဲ့ပူဇော်ပသမှုတွေ လည်း ပြုလုပ်ခဲ့ပါတယ်။

ရိုးရာနတ်ဆရာတဦးကတော့ “ကျနော်တို့ ကရင်နီပြည်သူပြည်သားအားလုံးအတွက် ကောင်းကောင်းမွန်မွန်အေးအေးချမ်းချမ်းနဲ့နေစေဖို့ ကျနော်တို့ဒီအစောင့်အရှောက်တွေ ဒီမြေအစောင့်အရှောက်တွေကို ကျနော်တို့ တောင်းလျှောက်ပြီးတော့  ပူဇော်ပသရခြင်း ဖြစ်ပါတယ်။”လို့ ပြောပါတယ်။

ပူဇော်ပသအပြီးမှာတော့ ကယားပြည်နယ်ဒီမိုကရေက်တစ်ပါတီနဲ့ ကယန်းအမျိုးသားပါတီ ကိုယ်စားလှယ်လောင်းတွေဟာ အတူကတိသစ္စာပြုခဲ့ကြပါတယ်။

“ကျနော်တို့သည် ကယားပြည်နယ်တဝန်လုံး၌ရှိသာ မြေထု၊ ရေထု မိမိတို့တန်ဖိုးထား လေးစားသော သမိုင်းနှင့်တကွ ပြည်နယ်တည်ငြိမ်အေးချမ်းရေးကို ဝိုင်းဝန်းထူထောင်ခဲ့ကြသော အဆက်ဆက်သော ပုဂ္ဂိုလ်များအားလုံးကို လေးစားဂုတ်ပြုပါ၏။ ထို့အတူ ကျနော်တို့နှင့်တကွ ဝိုင်းဝန်းလက်တွဲဝန်းရံပေးကြသော ပြည်သူလူထုအားလုံးကိုလည်း လေးစားဂုဏ်ပြုပါ၏။ ကျွန်ုပ်တို့နှင့်အတူ ရှေ့ကာလ အဆက်ဆက်ကတည်းက သမိုင်းဖြစ်တည်မှုအတွက် အသက်သွေးချွေးပေါင်းမြောက်များစွာဖြင့် တည်ထောင်ခဲ့ကြသော သူရဲကောင်းအားလုံးကို လေးစားဂုတ်ပြုပါ၏။ တဆက်တည်၌ ကျနော်တို့ ပြည်နယ်၏ နိုင်ငံရေး၊ လူမှုစီးပွား၊ ဖွံ့ဖြိုး တိုးတက်ရေးနှင့်ကျွန်ုပ်တို့၏ ရေမြေသဘာဝတန်ဖိုးထားမှုအလုံးစုံတို့ကို ကာကွယ်စောင့်ရှောက်သွား မည်ဟု ကတိသစ္စာခံယူပါသည်။ ကျနော်တို့အားလုံး ကတိသစ္စာခံယူပါသည်။ ကျနော်တို့အားလုံး ကတိကဝတ်ပြုပါသည်ခင်ဗျာ။” 

ပါတီဝန်ရံသူတဦးဖြစ်တဲ့ ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းအမှုဆောင် ဒါရိုက်တာ ဦးထူးချစ်ကတော့ ပြည်နယ်အခြေစိုက်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ပြည်နယ်သူ ပြည်နယ်သားတွေကို ရွေးကောက်ပွဲမတိုင်မီ ကတိကဝတ်ပြုစေချင်တဲ့အတွက် ဒီအခမ်းအနားဖြစ်လာရတာလို့ ပြောပါတယ်။

“သူတို့ ပြည်နယ်သူပြည်နယ်သားတွေကို ရွေးကောက်ပွဲမတိုင်ခင်လေးမှာ ကတိကဝတ် ကျနော်တို့ ပေးစေချင်တယ်။ သူတို့သည် ပြည်နယ်သူပြည်နယ်သားတွေရဲ့သစ္စာကို မဖောက်ဖျက်ပါ ဘူး၊ ငြိမ်းချမ်းရေးကို ရအောင်ဆောင်ရွက်ပါမယ်၊ ပြည်နယ်ဖွံ့ဖြိုးအောင် တိုးတက်ဆောင်ရွက် ပါမယ်ဆိုတဲ့ ကတိကဝတ်တွေကို ကျနော်တို့က လာပြီးတော့ သူတို့ကိုလာပြောတာပေါ့လေနော်။ ဒါကြောင့် ကျနော်တို့ဒီပွဲကို လုပ်ရပါတယ်။ ဒါမှလည်းသူတို့ကို မဲထည့်မယ့် ကျနော်တို့ရဲ့(ကရင်နီ) ကယားပြည်နယ်သူပြည်နယ်သားတွေက သူတို့ကို ပိုပြီးတော့ ယုံကြည်စိတ်ချမှုရမယ်။ ”

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနဲ့ ကယန်းအမျိုးသားပါတီဟာ မဟာမိတ်ဖွဲ့ထားတဲ့ ကယားပြည်နယ်အခြေစိုက်ပါတီတွေဖြစ်ပြီး ပြည်နယ်တွင်းမှာ မဲဆန္ဒနယ် ၃၄ နေရာစလုံးမှာ ဝင်ရောက်ယှည်ပြိုင်ကြမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013