DVB Logo
Home
မြန်မာသတင်း
ရေဘေးဒုက္ခသည်များ အကူအညီ လိုအပ်
DVB
·
August 1, 2013
ရေဘေးဒုက္ခသည်များ အကူအညီ လိုအပ်
Donate to DVB

ကရင်၊ မွန်နဲ့ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းတိုမှာ မိုးသည်းထန်ပြီး ရေကြီးခဲ့တဲ့အတွက် သောင်းနဲ့ချီတဲ့ ပြည်သူတွေ ဒုက္ခသည်တွေအဖြစ် ခိုလှုံနေရသလို အကူအညီ အထောက်အပံ့တွေ လိုအပ်နေပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက မိုးသည်ထန်ခဲ့တဲ့အတွက် ကရင်ပြည်နယ် ၇ ခုထဲက ၅ မြို့နယ်မှာ ရေကြီးခဲ့ပြီး ထိုင်း-မြန်မာနယ်စပ် မြ၀တီမှာတော့ ယာယီခိုလှုံရေး စခန်း ၂၄ ခုမှာတော့ ဒုက္ခသည် ၁ သောင်းကျော် ခိုလှုံနေတယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ မယ်တော်ဆေးခန်းက ဆရာရွှေနှင်းက ပြောပါတယ်။

အခု ရက်ပိုင်းအတွင်း ရေပြန်ကျခဲ့ပေမယ့် ဒုက္ခသည်တွေက အိမ်မပြန်နိုင်သေးသလို အကူအညီတွေ လိုအပ်နေတဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လုပ်နေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

“ရေကတော့ တချို့ ပြန်ကျတဲ့အပေါ်မှာ ရွေွှ့ပြောင်းတာ အဆင်မပြေတာတို့၊ စားဖို့ သောက်ဖို့ အဆင်မပြေတာတို့ အဲဒါတွေပဲ လောလောဆယ် အဲဒီလိုမျိုးကြုံရတာရှိတယ်၊ အထူးသဖြင့် မြ၀တီဘက်ကမ်းမှာဆိုရင်တော့ ကယ်ဆယ်ရေးတွေ လိုက်လုပ်နေရဆဲပဲ။ ကျနော်တို့ သိရသလောက်ဆိုရင် ဟိုဘက်မှာ တချို့ ပိတ်မိနေတဲ့ လူတွေ အများကြီးရှိသေးတယ်။ မြ၀တီဘက်မှာ သယ်ဖို့ပြုဖို့ အခက်အခဲရှိနိုင်တယ်။ အဲဒီအတွက် ဖြစ်နိုင်ရင် အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီးတော့ ကယ်ဆယ်ပေးတာမျိုး အဲဒီလိုလုပ်ရင်တော့ ပိုကောင်းတာပေါ့။”

ဒါ့အပြင် ထိုင်းဘက်ခြမ်း မဲဆောက်မှာလည်း ရေကြီးတဲ့အတွက် ဘုန်းကြီးကျောင်း၊ စက်ရုံနဲ့ စာသင်ကျောင်းတွေမှာ မြန်မာဒုက္ခသည် ၁၇၅၀ လောက် ခိုလှုံနေရတယ်လို့ ပြောပါတယ်။
မယ်တော်ဆေးခန်းအပါအ၀င် မဲဆောက်နဲ့ ထိုင်း-မြန်မာ နယ်စပ်က လူမှုရေးအဖွဲ့အစည်းတွေက ရိက္ခာခြောက် အပါအ၀င် လိုအပ်တဲ့ ပစ္စည်းတွေကို ထောက်ပံ့ကူညီတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

မြ၀တီမြို့မှာနေထိုင်တဲ့ ကိုဖိုးကတုံးကတော့ ရေကြီးတာပြန်ကျသွားပေမယ့် ဒုက္ခသည်တွေဟာ စခန်းမှာ ခိုလှုံနေရဆဲ ဖြစ်သလို အကူအညီပေးတာက မြို့နဲ့နီးစပ်တဲ့နေရာတွေကိုပဲ ရောက်တယ်လို့ ပြောပါတယ်။

“ထောက်ပံ့ကူညီပေးတာကတော့ မြို့ထဲတွေဘာတွေမှာတော့ ရှိရင် ရှိတယ်။ ကျနော်တို့က မြို့အပြင်ကျတယ်ဆိုတော့ ဘာမှတော့ လာတာ မတွေ့သေးဘူး။ ကျန်းမာရေး အခြေအနေက ကျန်းမာရေးလုပ်ဖို့ထက် လက်ရှိအနေအထားအရ စားဖို့သောက်ဖို့ တော်တော် အခက်အခဲ ဖြစ်နေတယ်။”

ကရင်ပြည်နယ်မှာ ရေဘေးကယ်ဆယ်ရေး စခန်း ၇၉ ခုဖွင့်လင့်ထားရသလို  ရေဘေးဒုက္ခသည် ၂ သောင်းခွဲလောက် ကူညီကယ်ဆယ်ထားရတယ်လို့ ကရင်ပြည်နယ်အုပ်ချုပ်ရေးမှူးက အရင်ရက်ပိုင်းက ဒီဗွီဘီကို ပြောဆိုပါတယ်။

ဧရာဝတီတိုင်း သာပေါင်းမြို့နယ်ထဲမှာလည်း ရေကြီးတဲ့ဒဏ်ကို ခံစားနေ ရပြီး အိမ်ခြေ ၇၅ ရာခိုင်နှုန်း လောက် ရေနစ်မြုပ်နေတဲ့ အတွက် မိသားစု ၁၅၀ လောက်က ဘုန်းတော်ကြီး ကျောင်းနဲ့ ရေလွတ်ရာ နေရာတွေမှာ ခိုလှုံနေရတယ်လို့ သွားရောက် ကူညီပေးခဲ့တဲ့ ဦးနေမျိုးဇင်က ပြောပါတယ်။

“အိမ်တွေ မြုပ်သွားတဲ့ မိသားစုတွေ အနေနဲ့ကျတော့ ဘုန်းကြီးကျောင်းဝင်းတွေမှာ ဖြစ်သလို တိုးဝှေ့နေကြရတယ်။ အိမ်လေး တလုံးထဲမှာဆို မိသားစု အစု နှစ်ဆယ်၊ သုံးဆယ်၊ တန်းစီပြီးတော့ အိပ်နေကြတယ်၊ မြေသားပေါ်မှာပေါ့နော်။ သူတို့တွေအတွက် ကျနော်တို့တွေ လူသားချင်စာနာတဲ့ အကူအညီတွေ၊ ၀မ်းပျက်ဝမ်းလျှော ဖြစ်လာနိုင်တဲ့အတွက် ကာကွယ်မယ့် ဆေးဝါးတွေ၊ စားနပ်ရိက္ခာတွေ သွားပို့ပေးဖို့ လိုပါလိမ့်မယ်။ ရေကြီးတဲ့ ကာလဟာ အနည်းဆုံး သူတို့မှာ နှစ်ပတ်ကနေ သုံးပတ်အကြား အမြဲတမ်း ဖြစ်လေ့ဖြစ်ထရှိပါတယ်။”

ဒါ့အပြင် ရခိုင်ပြည်နယ်မှာလည်း မိုးများတဲ့အတွက် ရေကြီးခဲ့သလို ဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကိုလည်း စစ်တွေမြို့ခံ ဒေါ်ညိုအေးက အခုလို ရှင်းပြပါတယ်။

“ကျမတို့ မိုးတွင်းကာလမှာတော့ ကျမတို့ ရခိုင်ပြည်နယ်က ဒုက္ခတွေ များတယ်၊ နောက်ပြီး မီးမရှိဘူး။ တဲအိမ်ကလေးတွေ ဆောက်ထားတယ်ဆိုတော့ အိမ်တွေ ပတ်ဝန်ကျင်တခုလုံးဟာ ရွှံ့တွေ၊ ရေတွေနဲ့ ပြည့်နေတာပေါ့နော်။ လမ်းကောင်းကောင်းမရှိဘူး၊ နောက် မီးမရှိဘူး။”

မွန်ပြည်နယ် ရေးမြို့နယ်မှာလည်း ဇူလိုင် ၂၈ ရက်က ရွာသွန်းတဲ့မိုးကြောင့် ရေကြီးခဲ့တဲ့ အတွက် ဒုက္ခသည်တွေကို စခန်း ၄ ခု ဖွင့်လှစ်ထားပေးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013