DVB Logo
Home
မြန်မာသတင်း
စကိုင်းနက်ရုပ်သံလိုင်း လစဉ်ကြေး တိုးမြှင့်
DVB
·
August 1, 2013
စကိုင်းနက်ရုပ်သံလိုင်း လစဉ်ကြေး တိုးမြှင့်
Donate to DVB

ပြည်တွင်းမှာထုတ်လွှင့်ပြသနေတဲ့ စကိုင်းနက်ရုပ်သံလိုင်းဟာ လစဉ်ကြေးတွေကို ထပ်တိုးလိုက်ပြီး ပရိသတ်အများစု အားပေးတဲ့ ဘောလုံးပွဲစဉ်တွေကို ကြည့်ရှုနိုင်ခွင့် ကန့်သတ်လိုက်ပါတယ်။

ရွှေသံလွင်ကုမ္ပဏီရဲ့ စကိုင်းနက်ရုပ်သံလိုင်းဟာ အရင်ကထုတ်လွှင့်ပြသနေတဲ့ ပုံစံကနေ အမျိုးအစားလေးမျိုး ခွဲခြားလိုက်ပြီး လစဉ်ကြေးတွေကိုလည်း တိုးမြှင့်ကောက်ခံလိုက်တာပါ။

အရင်က ၁ လကို ၁၂,၀၀၀ ကျပ်နှုန်းရှိခဲ့ရာကနေ အခု ၃,၆၀၀ ကျပ်၊ ၁၄,၄၀၀ ကျပ်၊ ၁၉,၈၀၀ ကျပ်ဆိုပြီး အမျိုးအစားခွဲကောက်ခံလိုက်တာပါ။

စကိုင်းနက်ရုပ်သံလိုင်းရဲ့ အခုတခေါက် ပြောင်းလဲလိုက်တဲ့ဝန်ဆောင်မှုဟာ လူကြိုက်များတဲ့ ပရီးမီးယားလိဂ် ဘောလုံးပွဲစဉ်တွေကို နှစ်ပိုင်းခွဲခြားလိုက်ပြီး အဲ့ဒီထဲကမှ ကြည့်ရှုအားပေးသူ ပိုများတဲ့ မန်ယူ၊အာဆင်နယ်၊ လီဗာပူးနဲ့ ချယ်ဆီးလ်လို အသင်းကြီးတွေပါတဲ့ ပွဲစဉ်တွေဟာ လစဉ်ကြေး ၁၉၈၀၀ ကျမယ့် အမျိုးအစားထဲကို ထည့်သွင်းထားတာပဲဖြစ်ပါတယ်။

ပရီးမီးယားလိဂ်အသင်းကြီးတွေပါတဲ့ လိုင်းဟာ စကိုင်းနက်က အခုခွဲခြားလိုက်တဲ့ အမျိုးအစားလေးမျိုးမှာ ဈေးအများဆုံးလိုင်းပဲ ဖြစ်ပါတယ်။

စကိုင်းနက်ရုပ်သံလိုင်းရဲ့ ဝန်ဆောင်မှုအသစ်အပေါ် ကြည့်ရှုသူတွေရဲ့ ဝေဖန်သံတွေ ထွက်ပေါ်လာပါတယ်။

စကိုင်းနက်တပ်ဆင်ထားပြီး ပရီးမီးယားလိဂ်ဘောလုံးပွဲစဉ်တွေကို အားပေးတဲ့ မုံရွာမြို့မှာနေ မရည်မွန်က “မိန်းကလေးတွေဆိုတော့ ဘောလုံးပွဲ လက်ဖက်ရည်ဆိုင် သွားကြည့်တော့ အဆင်မပြေဘူးလေ။ စကိုင်းနက်ကိုပဲ အားကိုးနေရတယ်လေ။ အခုလစဉ်ကြေးတွေ ထပ်မြင့်တဲ့ အတွက် လုံးဝ အဆင်မပြေဘူး။ သူတို့ အဲဒီလိုမျိုး ပွဲစားတွေ အကုန်လုံးကို အဲဒီ အတွေးအခေါ်ထဲမှာ ထည့်တော့ သာမန် လူတန်းစားတွေ အနေနဲ့ကျတော့ ခက်ခဲသွားပြီ။ တလကို အဲဒီလစဉ်ကြေးတွေကိုလေ တော်တော်ကြီးကို မြင့်လိုက်တဲ့အတွက်လေ။ ခဏခဏ လစဉ်ကြေးတွေ ပြောင်းပြီး ကောက်နေမယ်ဆိုရင်တော့ စကိုင်းနက် မဟုတ်တဲ့ တခြားလိုင်းကိုပဲ ပြောင်းဖို့ စိတ်ကူးထားတယ်။ (တာတာ) ဆိုရင်လည်း ဈေးအရမ်းချိုတယ်လေ။ ရွေးချယ်စရာ အများကြီးတော့ မရှိဘူး။ စကိုင်းနက်က အကုန်လုံးကို ပေးလိုက်တဲ့အတွက် စကိုင်းနက် တခုကိုပဲ အားကိုးနေရတယ်။ သူလုပ်ချင်သလို လုပ်နေလို့ရတယ် ထင်ပါတယ်။ တာတာဆိုတာလည်း နေရာတိုင်းမှာ မရဘူးလေ” လို့ ပြောပါတယ်။

အခုလို ဈေးအများဆုံးအမျိုးအစားမှာ ဘောလုံးပွဲစဉ်ကောင်းတွေကို ထည့်သွင်းလိုက်တဲ့အတွက် နောက်ထပ်သက်တမ်းထပ်တိုးဖို့ မတိုးဖို့ကို စဉ်းစားတွက်ချက်သူတွေလည်း ရှိပါတယ်။
စကိုင်းနက်တပ်ဆင်ထားတဲ့ မဝတ်ရည်က “စကိုင်းနက် တပ်တာ အဓိက ဘောလုံးပွဲ ကြည့်ဖို့အတွက်။ မိန်းကလေးတယောက်အနေနဲ့ အပြင်ထွက်ကြည့်ဖို့ဆိုတာ နည်းနည်း အခက်အခဲတော့ ရှိတယ်၊ တော်တော်တော့ ဒုက္ခရောက်တာပေါ့နော်။ ကျမတို့လို သာမန် ၀န်ထမ်းတယောက်အနေနဲ့တော့ များတယ်” လို့ ပြောပါတယ်။
စကိုင်းနက်က အရောင်းဌာနအမှုဆောင်ချုပ် ဒေါက်တာသိန်းသန်းဦးက “မိဘပြည်သူတွေ ဈေးသက်သက်သာသာနဲ့ကြည့်ရှုနိုင်အောင် အမျိုးအစားတွေ ခွဲခြားထားခြင်းဖြစ်ပါတယ်။ ဈေးသက်သာတဲ့ အပိုင်းတွေကို ရွေးချယ်လို့ရအောင်လည်း ခွဲခြားထားရတာဖြစ်ပါတယ်။ နောက်ပြီး ချန်နယ် (လိုင်း) တွေလည်း အများကြီးတိုးလာပါတယ်။ တကယ်တမ်းတွက်ကြည့်ရင် ၁ ရက်ကို ၁၂၀ လောက်ပဲ ကျမှာပါ။”
ပြည်တွင်းမှာ ရွေးချယ်စရာ ရုပ်သံလိုင်းနည်းပါးနေသေးပြီး အများပြည်သူကြိုက်ဖြစ်အောင် ဝန်ဆောင်မှုတွေ မပေးစွမ်းနိုင်သေးဘူးလို့ ရုပ်သံကြည့်ရှုသူတွေကဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
စကိုင်းနက်ရုပ်သံလိုင်း လစဉ်ကြေး တိုးမြှင့်