DVB Logo
Home
မြန်မာသတင်း
မြန်မာ့ရွေးကောက်ပွဲ သတင်းလွတ်လပ်ခွင့်ပျောက်ဆုံးနေဟု RSF အဖွဲ့ဝေဖန် 
DVB
·
November 5, 2020
မြန်မာ့ရွေးကောက်ပွဲ သတင်းလွတ်လပ်ခွင့်ပျောက်ဆုံးနေဟု RSF အဖွဲ့ဝေဖန် 
Donate to DVB

နိုဝင်ဘာ ၈ ရက်နေ့ကျင်းပမယ့် မြန်မာနိုင်ငံရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သတင်းလွတ်လပ်ခွင့်ဆိုင်ရာ ချိုးဖောက်မှုတွေ အများကြီး ရှိနေတယ်လို့ ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF)က ရှုတ်ချဝေဖန်လိုက်ပါတယ်။

သတင်းလွတ်လပ်ခွင့်ဟာ ဆယ်နှစ်သား မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုရဲ့ ကြီးမားတဲ့ပျက်ကွက်မှုဖြစ်ပြီး ဒီရွေးကောက်ပွဲတွေကို ဦးဆောင်ကျင်းပတဲ့ ဒေါ် အောင်ဆန်းစုကြည်ဦးဆောင်တဲ့ လက်ရှိအာဏာရ အစိုးရရဲ့ မထီမဲ့မြင်ပြုခံခဲ့ရတာ ဖြစ် တယ်လို့လည်း  RSF  ရဲ့ နိုဝင်ဘာ ၄ ရက်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ အစိုးရပိုင် မီဒီယာတွေပေါ်မှာ အတိုက် အခံပါတီတွေရဲ့ မဲဆွယ်စည်းရုံးရေးဟောပြောမှုထုတ်လွှင့်မှုတွေကို တားမြစ်ထားပြီး အဲဒီ မိန့်ခွန်းတွေထဲမှာ တည်ဆဲဥပဒေတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကိုမလေးမစား ထည့်သွင်း ပြောကြားတာတွေ၊ နိုင်ငံ့ပုံရိပ်ကိုရှုတ်ချတာမျိုး၊ ဒါမှမဟုတ် စစ်တပ်ကို ရှုတ်ချတဲ့ အကြောင်းအရာတွေ မပါဝင်ရကြောင်း ကြိုတင်စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

နောက်ပြီး ကိုဗစ်-၁၉ ကပ်ဘေးကာလမှာ မီဒီယာလုပ်ငန်းတွေဟာ မရှိမဖြစ် စီးပွားရေးလုပ်ငန်းတွေထဲမှာ မပါဝင်တဲ့အတွက် လော့ခ်ဒေါင်းအစီအမံတွေကို ဖောက်ဖျက် ကျူးလွန်တဲ့သတင်းသမားတွေကို ထောင်ဒဏ် ၃ နှစ်ထိ ကျခံရမယ်ဆိုတဲ့ အစိုးရအမိန့်နဲ့ ဆင်ဆာဖြတ်တောက်မှုဟာလည်း တုန်လှုပ်စရာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီအကျိုးဆက်ကတော့ မြန်မာနိုင်ငံရဲ့ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ ရွေးကောက် ပွဲမဲဆွယ်စည်းရုံးမှုတွေမှာ ပါဝင်သင့်တဲ့ မီဒီယာဗဟုဝါဒကို ငြင်းပယ်မှု ကြီးကြီးမားမား ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

RSFအဖွဲ့ရဲ့ အာရှနဲ့ ပစိဖစ် ဒေသဆိုင်ရာ အကြီးအကဲ ဒဲန်နီယယ်လ် ဘက်စ်တာ့ဒ်က “အစိုးရ ဒါမှမဟုတ် စစ်တပ်ကို ဝေဖန်တဲ့ သတင်းသမားတွေကို ဖမ်းဆီးထောင်ချခံရမှုတွေ၊ ဒါဇင်နဲ့ချီတဲ့ သတင်းဝက်ဘ်ဆိုက်တွေ ပိတ်ပင်ခံရတာတွေလို စာနယ်ဇင်းလွတ်လပ်ခွင့် ထိပါးနှောက်ယှက်ခံရတာတွေက လာမယ့် တနင်္ဂနွေနေ့ ရွေးကောက်ပွဲကနေ တရားဝင်အစိုးရဖြစ်မှုအပေါ် ကြီးမားတဲ့ အပေးအယူဖြစ်လာစေလိမ့်မယ်”လို့ ပြောပါတယ်။

စာနယ်ဇင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်း ဥပဒေတွေ ပြုပြင်ပြောင်းလဲဖို့က လာမယ့် လွှတ်တော်မှာ ဦးစားပေးဖြစ်သင့်ပြီး တကယ်လို့မှ အဲဒီလိုမဖြစ်နိုင်ရင်တော့ ကောင်းမွန်တဲ့ ဒီမိုကရေစီအပြောင်းအလဲအတွက် လမ်းကြောင်းပေါ်ကနေ ထွက်ခွာသွားရပါလိမ့်မယ်လို့လည်း ပြောပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ဗြိတိသျှကိုလိုနီခေတ်အမွေအနေနဲ့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးကို ကျယ်ကျယ်ပြန့်ပြန် ကျင့်သုံးနေပြီး စာနယ်ဇင်းသမားတွေကို အလွန်အမင်း ဝေဖန်သူတွေအနေနဲ့ ဖမ်းဆီးအရေးယူတာတွေ လုပ်ဆောင်နေဆဲပဲလို့ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းကလည်း ဒဲ့ပြောအမည်ရ အွန်လိုင်းသတင်းအေဂျင်စီရဲ့ အယ်ဒီတာ ကိုဇော်ရဲထက်ကို ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ် မဟုတ်မမှန်သတင်း ရေးသားလွှင့်တင်ခဲ့တယ် ဆိုကာ ပုဒ်မ ၅၀၅(ခ)နဲ့ အမှုဖွင့်ကာ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပါတယ်။

       ပြီးခဲ့တဲ့ မတ်လတုန်းကလည်း အစိုးရရဲ့ အမိန့်နဲ့ မြန်မာနိုင်ငံရဲ့ အင်တာနက်အော် ပရေတာ ၄ ခုကို သတင်းမှား သတင်းတုတွေဝက်ဘ်ဆိုက်ဒ်စုစုပေါင်း ၂၂၁ ခုကို ပိတ်ဖို့ ညွှန်ကြားခဲ့တာကို တွေ့ရပါတယ်။

အဓိက သတင်းလွတ်လပ်ခွင့် ချိုးဖောက်ခံရမှုတွေထဲမှာ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုတွေအတွက် စုံစမ်းဖော်ထုတ်သတင်းရယူခဲ့တဲ့ ရိုက်တာသတင်းထောက် ကျော်စိုးဦးနဲ့ ၀လုံးတို့ကို ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်မှုတွေ လည်း ပါဝင်နေတယ်လို့ RSF ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ရဲ့ ၂၀၂၀ ပြည့်နှစ် စာနယ်ဇင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာတော့ မြန်မာနိုင်ငံက နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၃၉ နဲ့ ရပ်တည်နေတာ ဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ ၂၀၂၀ ရွေးကောက်ပွဲကျင်းပမယ့်နေ့မှာ ပြည်တွင်းပြည်ပသတင်းသမားတွေကို သတင်းယူခွင့်ပြုထားပါတယ်။  

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013