DVB Logo
Home
မြန်မာသတင်း
မိုင်းဆတ်မြို့နယ် ‘ဝ’ ထိန်းချုပ်နယ်မြေ ကျေးရွာများ၌ မဲရုံများ ပိတ်သိမ်းရန် ၄ ပါတီတောင်းဆို
DVB
·
November 5, 2020
မိုင်းဆတ်မြို့နယ် ‘ဝ’ ထိန်းချုပ်နယ်မြေ ကျေးရွာများ၌ မဲရုံများ ပိတ်သိမ်းရန် ၄ ပါတီတောင်းဆို
1 / 2
Donate to DVB

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ ‘ဝ’ ထိန်းချုပ်နယ်မြေတွင်းက ကျေးရွာအုပ်စုတွေ မှာ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး အခက်အခဲနဲ့ ရင်ဆိုင်နေရတာကြောင့် ကျေးရွာ အုပ်စုတွေရှိ မဲရုံတွေကို အချိန်မီ ပိတ်သိမ်းပေးဖို့  နိုင်ငံရေးပါတီ၄ ပါတီက တောင်းဆိုထားပါတယ်။

‘ဝ’ ထိန်းချုပ်နယ်မြေတွင်းက ကျေးရွာအုပ်စုတွေမှာ အဝင်အထွက်ဂိတ်တွေထားရှိပြီး ဝင်ထွက်မယ့်ယာဉ်အမျိုးအစား၊ လူဦးရေ၊ နေ့ရက်ဇယား အဆင့်ဆင့်တင်ပြရမှု၊ ကော်မရှင်ခွင့်ပြု ပေမယ့်လည်း စစ်ဆေးရေးဂိတ်က ဝင်ခွင့်ပြုဖို့ ဆက်သွယ်မှုခက်ခဲတာ၊ အချိန်ကြန့်ကြာအောင် စောင့်ဆိုင်းရတာစတဲ့ အခက်အခဲတွေကြောင့် နိုင်ငံရေးပါတီတွေဟာ မဲဆွယ်စည်းရုံးခွင့်မရပဲ အခက်အခဲများစွာရင်ဆိုင်နေရတာကြောင့် သမ္မတနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြထားကြတယ်လို့ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ထံကသိရပါတယ်။

မိုင်းဆတ်မြို့နယ်က ‘ဝ’ ထိန်းချုပ်နယ်မြေ ကျေးရွာအုပ်စု ၄ စု အတွင်းမှာ ရပ်ကွက်ကျေးရွာအုပ်စု ၃၅ စုနဲ့ ကျေးရွာပေါင်း ၂၃၀ ရှိပြီး၊ မိုင်းထလန်းကျေးရွာအုပ်စု၊ မိုင်းယွမ်းကျေးရွာအုပ်စု၊ လွယ်လန်းကျေးရွာအုပ်စု၊ ဆိုက်ခေါင် ကျေးရွာအုပ်စုက ဝမ်ဟုန် ၁၊ ဝမ်ဟုန်ရှမ်းကျေးရွာတို့ရှိပြီး မဲရုံပေါင်း ၁၂ ရုံ ရှိပါတယ်။

ဒီကျေးရွာအုပ်စုတွေမှာ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲမဖြစ်နိုင်ချေမရှိလို့ အချိန်မီပိတ်သိမ်းပေးဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့က နိုဝင်ဘာ ၄ နေ့မှာ တင်ပြတောင်းဆိုကြတာပါ။

ကျားဖြူပါတီက ဦးစိုင်းနန်ထိ က “ဝမ်ဟုန်ရှမ်းရွာနဲ့ မိုင်းယွမ်းအုပ်စုထဲဝင်ဖို့ အကြိမ်ကြိမ် ကြိုးစားသော်လည်း အဆင်မပြေခဲ့ပါဘူး။ ရွေးကောက်ပွဲကဒီလောက်ကပ်နေပြီ ခရိုင်ကော်မတီကို နှစ်ရက်စာကြိုတင်နေဖို့အချိန်လည်းမရှိတော့ဘူး။ လားဟူပါတီကော အန်အယ်လ်ဒီ ကော ဝင်မရဘူး” လို့ပြောပါတယ်။

မဲဆွယ်စည်းရုံးဖို့လာတဲ့ နိုင်ငံရေးပါတီတွေကို အနှောင့်အယှက်ပေးတာ ပေးမဝင်တာမဟုတ်ဘဲ ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ဂိတ်တွေမှာ ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဆောင်ရတာဖြစ်တယ်လို့  ရှမ်းအရှေ့ ‘ဝ’ ဆက်ဆံရေးရုံးတာဝန်ခံ ကိုဆမ်းဘိမ်းက ပြောပါတယ်။

" တစ်ရက်ကြိုသတင်းပို့ထားရင် လုံခြုံရေးပေးဖို့လုပ်ရမယ်။ မနေ့ကတဖွဲ့ စာတင်လာလို့ ဒီနေ့တောင် သူတို့ကို ဝင်ခွင့်ပြုထားပါတယ်။ လွတ်လပ်တဲ့ရွေးကောက်ပွဲအတွက် ဘယ်ပါတီမဆို အစွဲမထားပဲ အားလုံးကို အနှောင့်အယှက်ပေးတာ ပေးမဝင်တာမလုပ်ပါဘူး။ အားလုံးကို ပေးဝင်ပါတယ်။ ကိုဗစ်ကြောင့် လူစုလူဝေးမဖြစ်စေချင်လို့ လမ်းမကြီးပေါ်ကနေ မဲဆွယ်စည်းရုံးဖို့နဲ့ အကန့်အသတ် တချို့ ရှိတာပါ။ ဂိတ်မှာကြာတယ်ဆိုတာက အပူချိန်တိုင်းတာဘာညာနဲ့မို့ကြာတာပါ။ ကိုဗစ်ကြောင့်ပါ အားလုံးအတွက်ပါ။ ဒါလေးတော့ အမြင်မစောင်းပဲနားလည်ပေးပါ။”

 ‘ဝ’ ထိန်းချုပ်နယ်မြေတွေမှာ ရှမ်း လူဦးရေ ၁၀,၀၀၀ ကျော်၊ ‘ဝ’ တိုင်းရင်းသားလူဦးရေ ၁၀,၀၀၀ ကျော်၊ အာခါ ၈,၀၀၀ လောက်နဲ့  လားဟူ ၃,၀၀၀ ခန့် နေထိုင်ကြတယ် လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013