DVB Logo
Home
မြန်မာသတင်း
“တာဝန်ယူရမှာကတော့ အစိုးရကတာဝန်ယူရလိမ့်မယ်” ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
DVB
·
November 4, 2020
“တာဝန်ယူရမှာကတော့ အစိုးရကတာဝန်ယူရလိမ့်မယ်” ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
Donate to DVB

၂၀၁၅ ရွေးကောက်ပွဲတုန်းက ရွေးကောက်ပွဲရလဒ်ကို လက်ခံနိုင်တယ်လို့ပြောခဲ့တဲ့ အကြောင်းနဲ့ အခုဆိုရင် တော်တော်လေးသတိထားရတဲ့ အခြေအနေ ဖြစ်လာတယ်လို့  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

Asian Fame Media ပေါ်ပြူလာနယူးစ်ဂျာနယ်ရဲ့ မေးမြန်းချက်တွေကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  Video Teleconference က တစ်ဆင့် လက်ခံတွေ့ဆုံဖြေကြားရာမှာ ထည့်သွင်းပြောကြားသွားတာပါ။

“ကျနော်တို့ လိုလားချက်ကတော့ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်ဖို့ပါပဲ။ ၂၀၁၅ ခုနှစ် မဲပေးတဲ့အချိန်မှာ  မဲပေးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အင်တာဗျူးတစ်ခုမှာ ကျနော့်ကို မေးခဲ့တယ်။ ဘယ်လို လုပ်မလဲ ဆိုပြီးတော့။ ခင်များဗျာ ကော်မရှင်ကနေပြီးတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကြေညာချက် ထုတ်တယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲ အဲ့သဘောပေါ့လေ ရွေးကောက်ပွဲမှာ result ကို ကြေညာတဲ့အတွက် ကျနော်တို့ လက်ခံနိုင်တယ်လို့ပြောခဲ့တာ ရှိတယ်။  အခုဆိုရင် တော်တော်လေးသတိထားရတဲ့ အခြေအနေ ဖြစ်လာတယ်။  အခုလိုမျိုးတွေ ကျနော်ဖြစ်စေချင်ဘူး။ ဒါကြောင့်  သတိထားပြီး လုပ်လို့ရအောင် သတိပေးတဲ့သဘော ပြောတာပါ။”လို့  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောပါတယ်။

ရွေးကောက်ပွဲအကြိုကာလမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး  နိုဝင်ဘာ ၂ ရက်နေ့ ညက  တပ်မတော်က ကြေညာချက်နှစ်ခုကို ထုတ်ပြန်ခဲ့တဲ့ အပေါ် မေးမြန်းချက်နဲ့ ပတ်သက်လို့  တပ်မတော်အကြီးအကဲက ရှင်းလင်းပြောသွားပါတယ်။

“တတိယအကြိမ်ပြုလုပ်မယ့် ရွေးကောက်ပွဲနှင့်ပတ်သက်ရင် စပြီးကြေညာတဲ့ အချိန်ကစပြီး ကျနော်တို့လည်း သတိကြီးစွာစောင့်ကြည့်လာခဲ့တယ်။ ကျနော်တို့ တော်ယုံတန်ယုံတော့ မပြောပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော် အစိုးရဦးဆောင်မှုနဲ့ နိုင်ငံတော်ကလုပ်နေတယ်။  သိပ်ပြီးတော့လိုအပ်လို့ရှိရင် အသိပေးသင့်တဲ့ကိစ္စများကို အသိပေးတာရှိပါတယ်။  ဒါကလည်း ရွေးကောက်ပွဲကလည်း  သိပ်ပြီးအရေးကြီးတယ်။ ဒီမိုကရေစီရဲ့အနှစ်သာရ ကလည်း ရွေးကောက်ပွဲရဲ့ အနှစ်သာရပဲ။ အစိုးရကလည်း ဒီအပေါ်မှာအဆုံးအဖြတ် ပေးရမယ့် ကိစ္စဖြစ်နေတယ်။  မှတ်ကျောက်တင်ရမယ့် ကိစ္စလည်းဖြစ်တယ်။ ဒီမှာ အားနည်းချက်တွေက   တော်တော်များများ တွေ့ရတယ်။ စတွေ့တာက  ဩဂုတ်လ ၈ ရက်နေ့ နောက်ပိုင်း မဲဆွယ်စည်းရုံးမှု စတင်သည့်ကာလကနေစပြီး အားနည်းချက်တွေကို သတိပြုမိတယ်။ ကိုဗစ်-၁၉ ဖြစ်နေတဲ့ကာလဆိုတော့ ပိုပြီးသတိထားရတာပေါ့။  မဲပေးခွင့်နှင့် ပတ်သက်ပြီး ဆောင်ရွက်တဲ့အခါမှာလည်း တော်တော်မှားယွင်းမှုတွေတွေ့ရတယ်။  မဲစာရင်းကြေညာတဲ့အခါ အမှားအယွင်းတွေ တော်တော်များများပါတယ်။  မှားသင့်မှားထိုက်တဲ့ ကိစ္စဆိုရင်တော့ ကိစ္စမရှိဘူး။ သို့သော်လည်း မမှားသင့်တဲ့ကိစ္စတွေ ဖြစ်နေတယ်။”

ရွေးကောက်ပွဲကော်မရှင်အနေနဲ့ လေးနှစ်ကျော်ကာလ ပြင်ဆင်ချိန်တွေရခဲ့သလို  ၂၀၁၀ ပြည့်နှစ်နဲ့ ၂၀၁၅ ခုနှစ်မှာ ရွေးကောက်ပွဲ ၂ ခုလုပ်ခဲ့တဲ့ အတွေ့အကြုံတွေ အများကြီးရခဲ့ပြီးဖြစ်လို ဒီအပေါ်မှာ ပိုပြီးကောင်းတဲ့ရွေးကောက်ပွဲကို တပ်မတော်က  မျှော်လင့်ထားခဲ့တယ်လို့လည်း ဆိုပါတယ်။

တပ်မတော်အနေနဲ့ ရွေးကောက်ပွဲကော်မရှင်ကို  သတိပေးတဲ့အကြောင်းအရာက ဥပဒေအကြောင်းအရ ညီညွတ်တယ်လို့လည်း ကာကွယ်ရေး ဦးစီးချုပ်က ပြောသွားပါတယ်။

“ဘာလို့ မညီညွတ်မလဲ။ တပ်မတော်က  နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်ဖို့တာဝန်ရှိတယ်။  နောက်အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ်လို့ ပြဋ္ဌာန်း ပေးထားတယ်။ ဒီဟာက အခြေခံဥပဒေကပဲ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို သွားနေတာ နိုင်ငံတော်ကြီး တည်ဆောက်ထားတာ။ ဒီပေါ်မှာ ခိုင်ခိုင်မာမာဖြစ်ဖို့ တပ်မတော်က ပြောဖို့တာဝန်ရှိတယ်။ ကျနော်တို့ မပြောလို့ရှိရင် ဘယ်သူပြောမလဲ။ အခုနိုင်ငံတကာကလည်း ကျနော်တို့ အပေါ် ဝေဖန်မှုတွေ တဖြည်းဖြည်းနဲ့ရှိလာတယ်။  ပြောရလို့ရှိရင် နိုင်ငံရဲ့သိက္ခာရှိတယ်။ နိုင်ငံရဲ့သိက္ခာကို အထိအခိုက်မခံနိုင်ဘူး။ ဒါကြောင့် ကျနော်တို့ ဖြစ်စေချင်လို့ ထုတ်ပြောတာ။ တော်ရုံတန်ရုံဆိုရင် ကျနော်ပြောခဲပါတယ်။  မဖြစ်စေချင်လို့ သတိပေးတာပါ။ ဒီကိစ္စကို တာဝန်ယူရမှာကတော့ အစိုးရကတာဝန်ယူရလိမ့်မယ်။”

၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သမာသမတ်ကျတဲ့ ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးဟာ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တာဝန်ဖြစ်တဲ့အပြင်  အပြန်အလှန်တာဝန်ခံရတဲ့ ပြည်ထောင်စု အစိုးရအဖွဲ့မှာလည်း တာဝန်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက  နိုဝင်ဘာ ၂  ရက်မှာ ကြေညာခဲ့တာပါ။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မမှန်ကန်တဲ့ သတင်းအချက်အလက်တွေ၊ အခြေအမြစ်မရှိတဲ့ သတင်းအချက်အလက်တွေကို ပြောဆို၊ ရေးသား၊ ဖြန့်ချိတာတွေဟာ  ဆန္ဒမဲပေးခြင်း ပျက်ပြားစေရန်ဖြစ်စေ၊ ရွေးကောက်ပွဲ ပျက်ပြားစေရန်ဖြစ်စေ လုပ်ဆောင်ရာရောက်တဲ့အတွက် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၅၈ (ဃ) ပါ ပြဋ္ဌာန်းချက်နဲ့ ငြိစွန်းတယ်လို့ နိုဝင်ဘာ ၃ ရက်မှာ အသိပေးကြေညာထားပါတယ်။

ဓာတ်ပုံ-DSINFO

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013