DVB Logo
Home
ဆောင်းပါး
မဟာဗျူဟာသစ် ချမှတ်အကောင်အထည်ဖော်ဖို့ လိုလာတဲ့ တရုတ်- မြန်မာ ဆက်ဆံရေး
DVB
·
August 1, 2013
မဟာဗျူဟာသစ် ချမှတ်အကောင်အထည်ဖော်ဖို့ လိုလာတဲ့ တရုတ်- မြန်မာ ဆက်ဆံရေး
Donate to DVB

အားလုံး သိကြတဲ့အတိုင်း လက်ရှိ မြန်မာပြည်တွင်းမှာ တရုတ်အကျိုးစီးပွား စီမံကိန်း လုပ်ငန်းတွေ တခုပြီးတခု ပြန်လည်စတင်နေချိန် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကဆိုရင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းစာချုပ်သစ် ချုပ်ဆိုတာ လုပ်ခဲ့ပြီး လွှတ်တော်မှာ အစီရင်ခံခဲ့ပါတယ်။ ဒီ ရက်ပိုင်းထဲမှာပဲ ကျောက်ဖြူ- ယူနန် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကနေ သဘာဝဓာတ်ငွေ့စပြီး ပို့လွှတ်တဲ့ အခမ်းအနား လုပ်ပါတယ်။ တပြိုင်တည်းပဲ ၂၀၁၁ ခုနှစ်က အရင် စစ်အစိုးရနဲ့ သဘောတူစာချုပ် ချုပ်ထားတဲ့ ကျောက်ဖြူ - ယူနန် အမြန်ရထားလမ်း စီမံကိန်း စတော့မယ်။ ၂၀၁၅ ခုနှစ်မှာ အပြီး ဖောက်လုပ်မယ်လို့ အစိုးရဘက်က တရားဝင် ထုတ်ပြန် ကြေညာတာ လုပ်လာပါတယ်။

[caption id="attachment_42123" align="alignright" width="300" caption="သမ္မတ ဦးသိန်းစိန်နှင့် တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဖန်ချန်လောင် (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုက်)"][/caption]

ပြောရရင် မြန်မာနိုင်ငံထဲမှာ တရုတ် အကျိုးစီးပွားတွေ စပြီး လည်ပတ်လာပြီလို့ ဆိုရမယ့်အချိန် ဖြစ်ပါတယ်။ ဒီ အချိန်လိုမျိုးမှာမှ တရုတ်နိုင်ငံရဲ့ တကယ့် အရေးကြီးတဲ့ ဗဟိုစစ်ကော်မရှင် ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဖန်ချန်လောင် (General Fan Changlong) မြန်မာပြည်ကို လာရောက် လည်ပတ်ပါတယ်။ သူ မြန်မာပြည်ရောက်တုန်း သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအ၀င် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ပါတယ်။ အခြားခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ် ဘာတွေ ဆွေးနွေးတယ်ဆိုတာ မယ်မယ်ရရ မသိရပေမယ့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့စဉ်မှာတော့ မြန်မာတွေကို ဘယ်လို မလုပ်နဲ့၊ ဘာတွေတော့လုပ်ဆိုတဲ့ အခြေအနေအထိ နိုင်ငံကြီး၊ နိုင်ငံငယ် သဘောထား ထုတ်ပြသွားခဲ့တာ တွေ့ရပါတယ်။ သူဘာတွေ ပြောသွားလဲ၊ မြန်မာတွေကလည်း ဘယ်လို သဘောထားသင့်သလဲ ဆိုတာ ခုတပတ် ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။

တကယ်တော့ သူနဲ့ တွေ့တဲ့အချိန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဘက်က ပြောတာ တွေက နယ်စပ်မှာ မူးယစ်ဆေးဝါး တရုတ်ဘက် ခိုးသွင်းတာ၊ လက်နက်တွေ တရုတ်ဘက်ကနေ မြန်မာဘက်ကို မှောင်ခိုလုပ်နေတာ အဲဒါတွေ ပပျောက်ဖို့၊ မြန်မာနယ်စပ် တည်ငြိမ်ရေး တရုတ်ဘက်က အကူအညီပေး၊ ပူးပေါင်းဆောင်ရွက်ပေးဖို့ ရိုးရိုးသားသား ပြောခဲ့တာပါ။ တရုတ် ဗဟိုစစ်ကော်မရှင် ဒုဥက္ကဋ္ဌဘက်က ပြန်ပြောတာတွေကတော့ ကေအိုင်အိုရဲ့ လွတ်လပ်ရေး ရဖို့ တောင်းခံမှုကို လက်မခံဘူး၊ မြန်မာနိုင်ငံမြောက်ပိုင်းကိစ္စနဲ့ ပတ်သက်ပြီး ပြည်ပက စွက်ဖက်မှုတွေကို တရုတ်နိုင်ငံအနေနဲ့ လုံးဝ လက်မခံနိုင်ဘူးလို့ ကချင်နဲ့ ၀ ပြဿနာကို ရည်ညွှန်းပြီး ပြောပါတယ်။ ပြောရရင် ပြီးခဲ့တဲ့ အချိန်တုန်းကနဲ့ လက်ရှိ ကေအိုင်အိုနဲ့ မြန်မာအစိုးရ ဆွေးနွေးပွဲတွေကြား အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပသမဂ္ဂလိုနိုင်ငံတွေက လေ့လာသူတွေ ပါဝင်မှာကို မလိုလားဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြောလိုက်တာပါပဲ။ ၀ ကိစ္စကိုတော့ ဘာတခွန်းတပါဒ မှ ပြောတာ မတွေ့ကြရပါဘူး။

နောက်ထပ်ပြောတာက ဒီထက် ပိုလေးနက်မယ် ထင်ပါတယ်။ အဲဒီမှာ တရုတ် စစ်ကော်မရှင် ဒုဥက္ကဋ္ဌ ပြောတာက ဒီမိုကရေစီဖော်ဆောင်ရာမှာ တနိုင်ငံနဲ့ တနိုင်ငံ အခြေအနေချင်း မတူညီနိုင်လို့ မိမိနိုင်ငံနဲ့ ကိုက်ညီတဲ့ နိုင်ငံရေးစနစ်နဲ့ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားဖို့ လိုကြောင်း၊ နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်မှုကို ဆောင်ရွက်ရာမှာ လွတ်လပ်ရေး၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးလို့ ပြောဆိုမှုများဟာ နိုင်ငံတနိုင်ငံရဲ့ လူမှုရေးကို ထိခိုက်နိုင်တယ်လို့ ပြောလိုတယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။ ပြောရရင် လက်ရှိမြန်မာနိုင်ငံက ဖော်ဆောင်နေတဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး အကောင်အထည်ဖော်မှုတွေဟာ တရုတ်နိုင်ငံ လူမှုရေးကို ဂယက်ရိုက်တယ်၊ တရုတ်နိုင်ငံကို ထိခိုက်နိုင်တယ်။ ဒါကြောင့် သတိထားပြီး လုပ်ပါလို့ သတိပေးလိုက်တဲ့ သဘောပါပဲ။

နောက်ထပ်ဆက်ပြီး သူပြောလိုက်တာက ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ မိမိနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရာမှာ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီရေးလုပ်ရုံနဲ့ ရရှိနိုင်မှာ မဟုတ်ဘူး ဆိုပြီးတော့လည်း မြန်မာနိုင်ငံရဲ့ လက်ရှိ အကောင်အထည်ဖော်နေတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေ ကို သွယ်ဝိုက်ပြီး ဝေဖန်ခဲ့တာ တွေ့ရပါတယ်။

ပြောရရင် တရုတ်စစ်ကော်မရှင် ဒုဥက္ကဋ္ဌဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖော်ဆောင်နေတာကို သိပ်ပြီး သဘောတွေ့ပုံမရပါဘူး။ မြန်မာနိုင်ငံကဂယက်ဟာ တရုတ်ပြည်ကို ရိုက်ခတ်တာတွေကိုလည်း လက်ခံလိုပုံမရပါဘူး။ သူ့ရဲ့ ပြောစကားတွေအရ တရုတ်ပုံစံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမလုပ်ပဲ စီးပွားရေးလုပ်ကိုင်ခွင့်ပေးတဲ့စနစ်ကို မြန်မာပြည်မှာ သွတ်သွင်း ကျင့်သုံးစေလိုပုံ ရပါတယ်။ တရုတ် - မြန်မာ ဆက်ဆံရေးမှာ တရုတ်ဘက်က ခုလို ပြောဆို ဆက်ဆံလာမှုကို မြန်မာအစိုးရဘက်က အထူးသတိထားဖို့ လိုလာပါတယ်။ ဒီအတွက် အိမ်နီးချင်းအင်အားကြီး တရုတ်ကို ဘယ်လို ဆက်ဆံရမလဲဆိုတာ အစိုးရ၊ စစ်တပ်တင်မက ဒေါ်အောင်ဆန်းစုကြည်လို အတိုက်အခံအင်အားစုတွေနဲ့ပါ ဆွေးနွေးညှိနှိုင်းတိုင်ပင်ပြီး ဆက်ဆံရေး မဟာဗျူဟာသစ်ချမှတ် အကောင်အထည် ဖော်သင့်ပြီ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013