DVB Logo
Home
မြန်မာသတင်း
တောင်ကုတ်လူသတ်မှု နေပြည်တော်အထူးဖွဲ့ ဆက်လက်တရားစွဲမည်
DVB
·
July 31, 2013
Donate to DVB

မနှစ်တုန်းက တောင်ကုတ်မြို့ လူသတ်မှုသံသယနဲ့ ဖမ်းဆီးထားသူ ၆ ဦးကို  နေပြည်တော် အထူးအဖွဲ့က ဆက်လက် တရားစွဲဆိုသွားမယ်လို့ သံတွဲခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေက ပြောပါတယ်။

မနှစ်က တောင်ကုတ်မြို့မှာ ခရီးသည်တင်ကားပေါ်ကနေ မွတ်စလင် ဆယ်ဦးကို နေ့ခင်းကြောင်တောင် လူမြင်ကွင်းမှာ အုပ်စုဖွဲ့သတ်ဖြတ်ခဲ့တာပါ။ အခင်းဖြစ်ပြီး တနှစ်ကျော်အကြာမှာ နေပြည်တော်က အထူးအဖွဲ့ဆင်းလာပြီး တောင်ကုတ်မြို့ကနေ ၆ ဦးကို ဖမ်းပြီး သံတွဲထောင်မှာ ချုပ်ထားပါတယ်။

အထူးအဖွဲ့ကပဲ တရားစွဲဆိုရေးအပိုင်းကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ သံတွဲခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေက ပြောပါတယ်။

“ကျနော်တို့ နေပြည်တော် အထူးအဖွဲ့ကနေပြီးတော့ ဖမ်းဆီးရေး လုပ်ငန်းတွေကို ဆောင်ရွက်တယ်၊ တရားစွဲဆိုရေး အပိုင်းကိုလည်း သူတို့ကနေပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဖမ်းတဲ့ လူအရေအတွက်ကိုတော့ ၆ ယောက်လောက်ပဲ ကျနော်တို့ သိရတယ်။ ဘယ်လောက်ပါတယ်၊ ဘယ်လောက်ဟိုဟာ ဖြစ်တယ်ဆိုတာ ကျနော်တို့ မသိပါဘူး။ ခရိုင်ထဲမှာ ဖြစ်တာ မှန်တယ်။ ဒါပေမယ့် ဒီအထူးအဖွဲ့အနေနဲ့ တိုက်ရိုက်လာလုပ်တော့ ကျနော်တို့ အနေနဲ့ အဲဒီအပိုင်းကို အပေါ်ကနေ စီမံဆောင်ရွက်နေတဲ့ အပိုင်း ဖြစ်တဲ့အတွက်ကြောင့် မေးမြန်ခြင်းလည်း မရှိပါဘူး။”

သံတွဲမြို့နယ်ရဲစခန်းကို မေးမြန်းတဲ့အခါ သူတို့စခန်းနဲ့ မသက်ဆိုင်ကြောင်း တာဝန်ကျရဲက ဖြေပါတယ်။

မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်က တရားလွှတ်တော်ရှေ့နေ ဦးကိုနီကတော့  မွန်ပြည်နယ်ခရီးသည်တင်ကား ဓားပြတိုက်သူတွေကို ဖမ်းဆီးရမိတဲ့ ရဲတပ်ဖွဲ့ဟာ လူပုံအလယ် နေ့ခင်းကြောင်တောင် သတ်ဖြတ်တဲ့ကိစ္စကို မဖော်ထုတ်နိုင်တဲ့အပေါ် မေးခွန်းထုတ်လိုက်ပါတယ်။

ရာဇ၀တ်မှု ကျူးလွန်သူတွေနဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေကို ဖော်ထုတ်အရေးယူဆောင်ရွက်မှသာ ရာဇ၀တ်မှုတွေကို  အာဏာပိုင်တွေက လုပ်ဆောင်ဖို့ လိုတယ်လို့ ထောက်ပြပါတယ်။

“အဲဒီတော့ ဒီဖြစ်ရပ်မှာ ပါဝင်ပတ်သက်သူတွေကို ဟိုထိပ်က အာဏာပိုင်တွေ သိနေပြီ။  ဒီလိုဆိုရင် ဒီကစ္စဟာ အရေးယူချင်ရင် ယူလို့ရတဲ့ အပိုင်းမှာ ရှိတယ်၊ နောက်ကွယ်မှာ ဘယ်သူပါလို့ ဘယ်လောက် ဒီပြဿနာတွေဟာ ကြီးကျယ်နေသလဲ ကျနော်တို့ အတော်ပြောဖို့ ခက်နေတယ်။ သမ္မတကြီးရဲ့ မိန့်ခွန်းမှာလည်း ပါနေတယ်။ ကြိုးကိုင်လှုပ်ရှားမှုတွေ ရှိနေတယ်လို့ ပြောတယ်။ ကြိုးကိုင်လှုပ်ရှားမှုတွေ ရှိတယ် သိရင် ဖော်ထုတ်ပြီးတော့ ဒါတွေကို ထိထိမိမိ အရေးယူလိုက်ဖို့ တိုင်းပြည်နဲ့ ကမ္ဘာကို သိအောင် ကြေညာပေးဖို့ ကိစ္စမှာကျတော့ အလွန်နှေးကွေးနေတယ် အဲဒါ ဘာကြောင့်လဲ ဆိုတဲ့ ကိစ္စဟာ တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်၊ မေးစရာ မေးခွန်းတွေ ဖြစ်နေတယ်။"

မနှစ်က တောင်ကုတ်မြို့ မွတ်စလင် ၁၀ ဦး သတ်ဖြတ်ခံရမှုမှာ ဦးဆောင်တယ်လို့ သံသယရှိသူ ၆ ဦးကို နေပြည်တော်က တိုက်ရိုက်ကွပ်ကဲမှုနဲ့ တောင်ကုတ်မြို့ကနေ ဇူလိုင် ၁၇ ရက်နေ့ညမှာ ဖမ်းဆီးခဲ့ပါတယ်။ ဒီသတ်ဖြတ်မှု ဖြစ်ပြီးတဲ့နောက် ရခိုင်ပြည်နယ်အတွင်း နေအိမ်မီးရှို့မှုတွေနဲ့ သတ်ဖြတ်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁ သိန်း ၄ သောင်းကျော် ဒုက္ခသည်ဖြစ်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013