DVB Logo
Home
မေးမြန်းခန်း
သိမ်းထားတဲ့လယ်မြေတွေ အမြန်ပြန်ပေးသင့် – ရှေ့နေဦးမြင့်သွင်
DVB
·
July 31, 2013
သိမ်းထားတဲ့လယ်မြေတွေ အမြန်ပြန်ပေးသင့် – ရှေ့နေဦးမြင့်သွင်
Donate to DVB

အစိုးရက သိမ်းဆည်းပြီး ကုမ္ပဏီတွေကို ချပေးထားတဲ့ လယ်မြေတွေထဲက မလုပ်တဲ့လယ်မြေတွေကို မူလတောင်သူလယ်သမားတွေကို ပြန်လည်ပေးအပ်ဖို့ ဇူလိုင် ၂၉ ရက်နေ့က လွှတ်တော်မှာ ဆုံးဖြတ်လိုက်ပါတယ်။

စစ်တပ်က သိမ်းဆည်းထားတဲ့ လယ်မြေတွေအနက် တချို့ကို ပြန်ပေးမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက လွှတ်တော်မှာ မကြာသေးခင်က ကြေညာခဲ့ပါသေးတယ်။ လွှတ်တော်က ဆုံးဖြတ်ချက်တွေအပေါ်  လယ်သမားရှေ့နေဦးမြင့်သွင်က ကြိုဆိုလိုက်ပြီး လျင်လျင်မြန်မြန် အကောင်အထည်ဖော်ဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။

လွတ်တော်ကဆုံးဖြတ်ချက်တွေအပေါ် တကယ့် မြေပြင်အကောင်အထည်ဖော်မှု အခြေအနေနဲပတ်သက်လို့ ရှေ့နေဦးမြင့်သွင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

၂၉ ရက်နေ့က လွှတ်တော်ကနေပြီးတော့ အစိုးရက သိမ်းပြီးတော့ ခရိုနီတွေကို ပေးလုပ်ထားတဲ့ မြေတွေ တကယ်မလုပ်လို့ရှိရင် ပြန်ပေးဖို့ ဆုံးဖြတ်လိုက်တဲ့အပေါ် ဘယ်လိုမြင်လဲ။



[caption id="attachment_25955" align="alignright" width="300" caption="အသိမ်း​ခံရ​သော လယ်ယာ​မြေများ​"][/caption]

“အမှန်တော့ ဆုံးဖြတ်စရာမလိုဘူး၊ ဥပဒေ ရှိပြီးသား။ အောက်ခြေအာဏာပိုင်အဖွဲ့အစည်းက အဲဒီဥပဒေကို မလိုက်နာတာ။ တနိုင်ငံလုံး တောင်သူတွေရဲ့ မြေတွေသိမ်းထားတဲ့အခါမှာ ၁၈၉၄ မြေသိမ်းအက်ဥပဒေက လျော်ကြေး မပေးသလို၊ အခု ဥပဒေအသစ်ဖြစ်တဲ့ ပြည်ထောင်စု လွှတ်တော် ဥပဒေ အမှတ် ၁၀ မြေလွတ်၊ မြေလပ်၊ မြေရိုင်း၊ စီမံခန့်ခွဲရေး ဥပဒေ ပုဒ်မ ၂၂ (ဂ)မှာ စီးပွားရေး လုပ်ငန်းရှင်တွေကို စီမံကိန်းအရ ပေးထားတယ်။ စီမံကိန်းအရ အကောင်အထည် မဖော်ရင် ကျန်နေတဲ့မြေကို နိုင်ငံတော်က အလိုလျောက် သိမ်းပြီးသား ဖြစ်တယ်လို့ ဥပဒေမှာ ရေးထားပြီးသား။ အဲဒီလိုရေးပြီးတဲ့အခါမှာ ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် ၁၁ ဖြစ်တဲ့ လယ်ယာမြေ ဥပဒေ ပုဒ်မ ၃၂ မှာ စီမံကိန်းအရ သိမ်းထားပြီးတော့ လစ်လပ်နေတဲ့ မြေတွေကို ယခင်စိုက်ပျိုးတဲ့ တောင်သူတွေကို ပြန်ပေးရမယ်လို့ ဥပဒေမှာ ရေးထားတယ်။ အဲဒီလို ရေးထားပါလျက်နဲ့ မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်ရှိတဲ့ အာဏာပိုင်အဖွဲ့အစည်း၊ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေက တောင်သူတွေကို အလျင်အမြန် ဆုံးဖြတ်ပြီး ချက်ချင်းပြန်မပေးဘူး။”

ပြန်မပေးဘူးဆိုတာ ဘာတွေ လိုအပ်ချက်ရှိလို့လဲ။

“အမှန်က ဥပဒေပြဋ္ဌာန်းတဲ့အခါမှာ စီမံခန့်ခွဲမှု ညံ့ဖျင်းတာ။ အလျင်အမြန် ဆုံးဖြတ်ပေးနိုင်တဲ့ ဥပဒေကို နည်းဥပဒေတွေ ချက်ချင်း ဆုံးဖြတ်တာတွေ လုပ်ပေးရမယ်။ အဲဒီလို မလုပ်ပေးတဲ့အခါမှာ ဆင့်ကဲဆင့်ကဲ့ သူတို့က အမိန့်နာခံတာရယ်၊ အထက်ကို တင်ပြတာရယ်ကြောင့်မို့လို့ တောင်သူတွေက ရာသီချိန်အတွင်းမှာ ပြန်မရနိုင်ဘူး။ အာဏာပိုင် အဖွဲ့အစည်းက ဘာကိုပြောလဲဆိုတော့ အခုလွှတ်တော်ကသာ ကြေညာတယ်လို့ ပြောတာ တကယ်တမ်းအောင်ခြေမှာကျတော့ အာဏာပိုင် အဖွဲ့အစည်း၊ အုပ်ချုပ်ရေးနဲ့ ရဲတွေက ဘာလုပ်လဲဆိုတော့ အမည်ပေါက်နေတာက ကုမ္ပဏီပေါက်နေတာ။ တောင်သူတွေ အရင်တုန်းက မြေခွန် ဆောင်တာ ဆောင်တာပဲ။ လက်ရှိ မစိုက်ပေမယ့် ကုမ္ပဏီသာ ပိုင်တယ်ဆိုပြီး တောင်သူတွေကို ရာဇ၀တ်မှုတွေနဲ့ စွဲနေတာ ဒီနေ့ တော်တော်များများရှိနေတယ်။"

တပ်မတော်ကနေ သိမ်းဆည်းတဲ့ မြေတွေနဲ့ ပတ်သက်လို့ ပြန်ပေးမယ်ဆိုပြီး ပြောတယ်။ တကယ် ပြန်ပေးနေပြီးလား၊ ဘယ်လို ကန့်သတ်ချက်တွေ ရှိလဲ။

အဲဒါကတော့ ကျနော်တို့ ကန့်ဘလူ၊ ရွှေဘို၊ အရာတော် နယ်မှာတော့ စစ်ဗိုလ်ချုပ်တွေ ဆင်းလာပြီးတော့ ပြန်ပေးနေတာ ရှိပါတယ်။ ပြန်ပေးနေတဲ့ နေရာမှာလည်း ဘယ်လိုပေးသလဲဆိုတော့ စီမံကိန်းအရ သူတို့ စိုက်ပျိုးတာကို တောင်သူတွေက မြေခွန်ဆောင်ထားတာကို မတရား သိမ်းထားတယ်။ တပ်ပရ၀ဏ်နဲ့ အဝေးကြီးမှာ ရှိတဲ့ ဟာတွေကိုလည်း လိုက်သိမ်းတယ်။ အခုစိုက်လက်စ တောင်သူတွေကို ပြန်ပေးတဲ့ အခါမှာ စစ်တပ်က သီးစားချတဲ့ တောင်သူတွေနဲ့ ယခင်တုန်းက စိုက်ပျိုးနေတဲ့ တောင်သူတွေ လက်ရှိ ပြဿနာဖြစ်နေတာတွေ ရှိတယ်။ ဒါပေမယ့် အဲဒီနယ်တွေမှာတော့ စစ်တပ်ကနေပြီးတော့ ပြန်ပေးမယ်လို့ ပြောပြီး ပြန်ပေးနေတာတွေတော့ လက်ရှိ ရှိနေတယ်။”

အခု လယ်ယာမြေတွေ ပြန်ပေးရေးနဲ့ ပတ်သက်ပြီးတော့ ပြောစရာ ဘာတွေ ရှိသေးလဲ။

“ကြန့်ကြာတယ်။ အဓိက ကျနော်တို့ တောင်သူတွေရဲ့ ဘ၀မှာ မြေတွေ အသိမ်းခံရတဲ့ အခါမှာ တောင်သူတွေကို မြေအစားပြန်ရအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ ဥပဒေ၊ တောင်သူတွေ အတွက်  လျောကြေး နစ်နာကြေးရအောင် လယ်လိုလုပ်မလဲဆိုတဲ့ ဥပဒေ၊ မြေသိမ်းခံရတဲ့ တောင်သူတွေကို ဥပဒေနဲ့ ဘယ်လို ကုစားပေးရမလဲဆိုတဲ့  ဥပဒေတွေ၊ နောက် လယ်ယာမြေ ဥပဒေနဲ့ ပတ်သက်လို့ တောင်သူတွေ လိုက်နာသင့်တယ်၊ အလျင်အမြန် ဆောင်ရွက်ရမယ့် ဥပဒေတွေက အရေးတကြီးလိုတာ။ အခု ဥပဒေ အသစ်တွေအထဲမှာ ကျနော်တို့ တောင်သူတွေ မြေတွေ မတရား အသိမ်းခံရပြီးတော့ ကုစားနိုင်မယ့် ပုဒ်မ တခု နှစ်ခုထက် ပိုမပါနိုင်ဘူး။ အဲဒါကြောင့်မို့လို့ အာဏာပိုင် အဖွဲ့အစည်းတွေက ဥပဒေနဲ့ အညီ အလျင်အမြန် အကောင်အထည်ဖော်ပေးဖို့ မြို့နယ်၊ ခရိုင် အဆင့်ရှိတဲ့ အာဏာပိုင် အဖွဲ့အစည်းတွေကို ဆုံးဖြတ်ခွင့် လုပ်ကိုင်ခွင့်တွေ ပေးမယ်ဆိုရင်တော့ တောင်သူအတွက် အလျင်အမြန် ပြန်ရနိုင်တယ်။”

တပ်က သိမ်းတာပဲ ဖြစ်ဖြစ်၊ အစိုးရ အိုးအိမ်ကပဲ သိမ်းတာ ဖြစ်ဖြစ်၊ လွှတ်တော်ကနေပြီးတော့ ၂ ခါပေါ့နော် ဆက်တိုက်ဆိုသလို ပြန်ပေးဖို့ ဆုံဖြတ်ခဲ့တယ်ဆိုတော့ လွှတ်တော်ရဲ့ တာဝန်ကျေသွားပြီးလို့ ပြောလိုရသလား။ လွှတ်တော်က ဘာဆက်လုပ်ဖို့ လိုသေးလဲ။”

“လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီအရင်ခံစာ ၁ ရော၊ ၂ ရော တော်တော်ကောင်းတယ်။ အဲဒီအစီအရင်ခံစာအရ ကော်မရှင်ကနေ လွှတ်တော်ကို တင်ပြီဆိုရင် ပြည်ထောင်စု လွှတ်တော်ကနေပြီးတော့ လက်ရှိ အစိုးရအဖွဲ့ကို အမြန်ဆုံး အကောင်အထည်ဖော် ခေါ်ပြီး မေးတာတွေ၊ စစ်ဆေးတာတွေ အကောင်အထည်ဖော်ပေးဖို့ တွန်းအားပေးစေချင်တယ်။ ပြည်ထောင်စု လွှတ်တော်ရဲ့ သဘော၊ သဘာဝကတော့ စုံစမ်းစစ်ဆေးပြီးတော့ ဆုံဖြတ်လို့ မရဘူး၊ ၀င်ပြီးတော့ အကောင်အထည်ဖော်လို့မရဘူး။ အစီအရင်ခံစာ တင်ပြီးတဲ့အခါမှ အဲဒီအစီအရင်ခံစာ အတိုင်း အစိုးရအဖွဲ့အစည်းက လိုက်နာဖို့အတွက် ပြည်ထောင်စု လွှတ်တော်ကနေပြီးတော့ ထပ်မံဆုံးဖြတ်ပြီး အကောင်အထည်ဖော်ပေးရင်တော့ အင်မတန် ကောင်းတယ်။”

ဒီလိုမျိုး ကြန့်ကြာမှုကြောင့် လယ်သမားတွေ ဘယ်လိုမျိုး နစ်နာမှု ကြုံရလဲ။

“၁၉၉၅ - ၉၆ လောက်ကတည်းက လယ်သမားတွေ တကယ် ငတ်နေတာခင်ဗျ။ တိုင်းပြည်မှာ အလုပ်လက်မဲ့တွေ ဖြစ်နေတယ်၊ ကျွန်တွေ ဖြစ်နေတယ်၊ ကျောက်တွေ တူးနေရတယ်၊ မြေမဲ့ယာမဲ့တွေ ဖြစ်ပြီး မီးသွေး ဖုတ်နေရတယ်၊ ကူလီတွေ ဖြစ်နေတယ်၊ သူများအိမ်တွေမှာ လိုက်လုပ်နေတာကို ဘယ်သူမှ ကယ်မယ့်သူ မရှိဘူး။ တကယ်တမ်း ဥပဒေနဲ့ အညီ တောင်သူတွေကို အလျင်အမြန် ဆောင်ရွက်ပေးဖို့ အာဏာပိုင် အဖွဲ့အစည်းမှာ လျော်ကြေးပေမးယ်ဆိုရင်လည်း ပြတ်ပြတ်သားသား တွက်ချက်ပြီးတော့ ၁၈၉၄ ခုနှစ် မြေသိမ်း အက်ဥပဒေ ပုဒ်မတွေနဲ့ အညီ အလျင်အမြန် လျောကြေးပေးဖို့လိုမယ်။ မြေယာတွေကို အကောင်အထည်ဖော်ပေးမယ်ဆိုရင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ အကောင်အထည်ဖော်ပေးဖို့လိုမယ်။ ဥပေဒေတွေ ဆုံဖြတ်ပြီးတဲ့ အခါမှာလည်း ဥပဒေတွေကို အာဏာပိုင် အဖွဲ့အစည်းတွေက လိုက်နာပြီး အလျင်အမြန် အကောင်အထည်ဖော်ပေးဖို့ ညွန်ကြားချက် ထုတ်တာတွေ၊ ဥပဒေ ထုတ်တာတွေ၊ အလျင်အမြန် လုပ်ပေးဖို့ လိုမယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013