DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားလက်နက်ကိုင်နယ်မြေနှင့် စစ်ရှောင်စခန်းက မဲဆန္ဒရှင်များ ပထမဆုံးအကြိမ် မဲပေးခွင့်ရ
DVB
·
November 3, 2020
တိုင်းရင်းသားလက်နက်ကိုင်နယ်မြေနှင့် စစ်ရှောင်စခန်းက မဲဆန္ဒရှင်များ ပထမဆုံးအကြိမ် မဲပေးခွင့်ရ
Donate to DVB

ကရင်ပြည်နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတချို့နဲ့ စစ်ရှောင်စခန်းမှာ ခိုလှုံနေတဲ့ ဒေသခံတိုင်းရင်းသားမဲဆန္ဒရှင်တွေဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ  ပထမဆုံးအကြိမ် ဆန္ဒမဲပေးခွင့်ရရှိခဲ့တယ်။

ဖာပွန်မြို့နယ်နဲ့ လှိုင်းဘွဲမြို့နယ်ထဲက ကရင်တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်နယ်မြေ ကျေးရွာအုပ်စုတွေမှာ ဒေသခံရွာသားတွေဟာ အခု ၂၀၂၀ ရွေးကောက်ပွဲကျမှ မဲပေးပိုင်ခွင့်ရကြတာ ဖြစ်ပါတယ်။   

အဆိုပါနယ်မြေက ဒေသခံပြည်သူတွေဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲကာလတုန်းက နယ်မြေမအေးချမ်းတာတွေ၊ မဲရုံလုံခြုံရေးနဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေ့၊ မဲရုံဖွင့်လှစ်ခွင့်မရခဲ့တဲ့အတွက် မဲပေးခွင့်တွေ ဆုံးရှုံးခဲ့ကြပါတယ်။

ဖာပွန်မြို့နယ်၊ နေပူခံကျေးရွာနေ ကျန်းမာရေး စေတနာဝန်ထမ်း စောထူးဖိုးက “ ၂၀၁၅ မှာ မဲမပေးရတဲ့အတွက် ကျနော်တို့ တိုင်ရင်းသားတွေ နစ်နာတာပေါ့။ ဆုံးရှုံးတာအများကြီး။ ၂၀၂၀ မှာမဲထည့်ဖို့ ကျနော်တို့ ကြိုးစားနေတယ်”လို့ ဆိုပါတယ်။

လှိုင်းဘွဲမြို့နယ်၊ မဲသဝေါကျေးရွာ  စစ်ရှောင်စခန်းနေ နော်တင်လှကလည်း  “မဲပေးဖြစ်ဖို့ ကျမတို့က မျှော်လင့်တယ်”လို့ ပြောပါတယ်။

ပထမဆုံးအကြိမ် မဲပေးခွင့်ရရှိတဲ့ နယ်မြေတချို့မှာတော့ ဒေသခံတွေဟာ မဲပေးပုံ မပေးနည်းကို မသိရှိတဲ့အတွက် မိမိတို့ကြိုက်နှစ်သက်တဲ့ ပါတီနဲ့ ကိုယ်စားလှယ်တွေကို ရွေးချယ် မဲပေးနိုင်ဖို့ အခက်အခဲတွေလည်းရှိပါတယ်။

ဖာပွန်မြို့နယ်၊ နေပူခံကျေးရွာ၊ ဒေါ်မြသန်းက“ဘာမဲ ဘာမဲလဲ။ နားမလည်ဘူး။ မဲပေးဖို့တော့ အစီအစဉ်ရှိတယ်။ ကျမ မေးကြည့်တော့ မဲက ၇ ပုံးရှိတယ်တဲ့ ချထားတာ။ မဲ ၇ ပုံးဆိုတော့ ဘယ်ပုံးထည့်ရမယ်ဆိုတာ မသိတော့ ဘယ်မှာမှ သွားမထည့်တော့ဘူး”လို့ ဆိုပါတယ်။

လတ်တလောမှာ တချို့ဒေသတွေမှာ မဲရုံဖွင့်လှစ်ခွင့်ရရှိပေမယ့် ကိုဗစ်-၁၉ ရောဂါကြောင့် နယ်မြေကျော် ခရီးသွားလာခွင့်တွေနဲ့ စစ်ရှောင်စခန်းအတွင်း ဝင်ထွက်သွားလာမှု ပိတ်ပင်ထားတဲ့နယ်မြေတွေ ဖြစ်ပါတယ်။

ဖာပွန်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးညီညီကျော်က “အဓိက ကတော့ ငြိမ်းချမ်းရေး မရတာပေါ့။ ရွာသားတွေအနေနဲ့ မသိနားမလည်တာတွေလည်း ရှိမယ်”လို့ ဆိုပါတယ်။

၂၀၂၀ မှာ ဒေသခံတိုင်းရင်းသားတွေအနေနဲ့ မိမိတို့ရွေးချယ်မဲပေးခဲ့တဲ့ ပါတီနဲ့ ကိုယ်စားလှယ်တွေ အနိုင်ရခဲ့မယ်ဆိုရင် ပဋိပက္ခနယ်မြေတွေမှာ စစ်ပွဲတွေအမြန်ဆုံးရပ်ဆိုင်းပေးဖို့၊ ထာဝရ ငြိမ်းချမ်းရေးရရှိဖို့နဲ့ ဘဝလုံခြုံဖို့နဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် ကြိုးစား ဆောင်ရွက်ပေးဖို့ တောင်းဆိုတာတွေ ရှိပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ကရင်ပြည်နယ်အတွင်း ကော့ကရိတ် ၇ အုပ်စု၊ ကြာအင်းဆိပ်ကြီး ၉ အုပ်စု၊ ဖာပွန် ၂၅ အုပ်စု၊ ဘားအံ ၁ အုပ်စု၊ သံတောင်ကြီး ၈ အုပ်စုနဲ့ မြဝတီ ၃ အုပ်စုတွေမှာတော့ ရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပါတယ်

ကရင်ပြည်နယ်အတွင်း လူဦးရေ ၁၅ သိန်းကျော် ၊  မဲပေးပိုင်ခွင့်ရှိသူဦးရေ ၁၂ သိန်းကျော်၊  ကျေးရွာပေါင်း ၂,၀၀၀ ကျော်ရှိပြီး မဲရုံပေါင်း ၈၅၀ ကျော်ကို တိုင်းရင်းသား လက်နက်ကိုင်နယ်မြေအပါအဝင် မဲရုံဖွင့်လှစ်ခွင့်ရရှိတဲ့ ကျေးရွာအုပ်စု ၄၀၇ စုမှာ မဲရုံတွေဖွင့်လှစ်သွားမှာဖြစ်ပါတယ်။

သတင်း- ရဲမင်းခေါင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013