DVB Logo
Home
မြန်မာသတင်း
လယ်ယာမြေပြန်ရရေး အခက်အခဲရှိ
DVB
·
July 31, 2013
Donate to DVB

စီးပွားရေးသမားတွေ အကောင်အထည်မဖော်သေးတဲ့ မြေတွေကို ပြန်လွှဲပေးဖို့ အမျိုးသား လွှတ်တော်က ဆုံးဖြတ်ခဲ့ပေမယ့် လက်တွေမှာ လယ်ယာမြေတွေ ပြန်ရရှိဖို့ မလွယ်သေးဘူးလို့ လယ်ယာမြေအရေး ဆောင်ရွက်ပေးသူတွေက ပြောပါတယ်။

အရင်စစ်အစိုးရလက်ထက်က စီမံကိန်းတွေ အကောင်မထည်ဖော်ဘဲ သိမ်းယူထားတဲ့ မြေတွေ တကယ်လုပ်တဲ့သူတွေကို ပြန်လွှဲပေးဖို့ အမျိုးသားလွှတ်တော်ရဲ့ ဇူလိုင် ၂၉ ရက်နေ့ ဆုံးဖြတ်ချက်ကို လယ်ယာမြေအရေး ဆောင်ရွက်နေတဲ့သူတွေက တုံ့ပြန်လိုက်တာပါ။

ဒီအဆိုကို မကွေးတိုင်း ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေက အဆိုတင်သွင်းလိုက်တာကို ကန်ကွက်သူတဦးသာ ရှိတဲ့အတွက် အတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။

လယ်သမားတွေရဲ့ မြေယာအသိမ်းခံရမှုနဲ့ ပတ်သက်ပြီး ဆောင်ရွက်ပေးနေတဲ့ ဦးဝင်းချိုက “တကယ်သာ လွှတ်တော်က ဆုံးဖြတ်တဲ့အတိုင်းပြန်ရတယ်ဆိုရင် လယ်သမားတွေ ဘယ်သူမှ ဆန္ဒပြမှာ မဟုတ်ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောရင် လွှတ်တော်မှာ ပြောနေတာတွေ အားလုံးက တရားဝင် ရုပ်မြင်သံကြားနဲ့ ပြောနေတာ ဆိုတော့ ဖန်သားပြင်ကနေ မြင်နေရတော့ မသိတဲ့ ပြည်သူတွေကတော့ မှန်မယ် ထင်နေတာပေါ့လေ။ သို့သော်လည်း တကယ်အမှန်ကတော့ အဲဒါတွေအားလုံး တခုမှ လက်တွေ့ မြေပြင်ပေါ် ရောက်မလာပါဘူး။ လယ်ယာမြေ ပြန်ရတယ်ဆိုတာ အင်မတန်ရှားပါးတဲ့ ကိစ္စပါ” လို့ ပြောပါတယ်။

အရင်အစိုးရလက်ထက်က သိန်းချီတဲ့ လယ်ယာမြေဧကတွေကို  စစ်တပ်နဲ့အစိုးရတာဝန်ရှိသူတွေက နိုင်ငံ တ၀န်းလုံးမှာ သိမ်းယူခဲ့ပြီး ကုမ္ပဏီတွေကို လုပ်ကိုင်ခွင့် ချပေးခဲ့ပါတယ်။

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာက လယ် ၁၄ ဧက သိမ်းဆည်းခံရတဲ့ လယ်သမား ဒေါ်အုန်းမြင့်က “ကျမတို့ ဒီလယ်ကိုသာ မလုပ်ရရင် ကျမတို့ ဘ၀ဟာ ပျက်စီးသွားမှာ။ စာဝတ်နေရေးက အစ လယ်လုပ်မှ ကျမတို့စားရပါတယ်။ အဲဒါကြောင့်မို့ ကျမတို့ ဒီလယ်ကို လက်လွတ်လိုက်ရမယ်ဆိုရင် ကျမတို့ဘ၀ဟာ ဘယ်လိုမှစဉ်စားလို့ မရတော့ဘူး” လို့ ပြောပါတယ်။

လယ်ကို အဓမ္မသိမ်းဆည်းပြီး တဧက ဆယ်သိန်းတန်မြေကို သုံးသိန်းသာ ပေးလို့ နစ်နာတယ်လို့ ဆိုပါတယ်။လယ်ယာမြေသိမ်းကိစ္စတွေ ဆောင်ရွက်ပေးနေတဲ့ ခရမ်းရောင် သာတူညီမျှ ဥပဒေပညာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းက ဥပဒေအတိုင်ပင်ခံ ရှေ့နေ ဦးဖိုးဖြူက “အမျိုးသား လွှတ်တော်ကလည်း အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တနည်းအားဖြင့် စီမံခန့်ခွဲရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေ ချမှတ်ခွင့်ရှိသလို ပြည်သူ့လွှတ်တော်ကလည်း ချမှတ်ခွင့်ရှိပါတယ်။ အဲဒီ လွှတ်တော် ၂ ရပ်ပေါင်း ပြည်ထောင်စု လွှတ်တော်ကလည်း အုပ်ချုပ်ရေး ဆိုင်ရာ စီမံခန့်ခွဲရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ချမှတ်ခွင့်ရှိပါတယ်။ ဒါပေမယ့် ဒီလို ဆုံးဖြတ်ထားတာတွေဟာ ဆုံးဖြတ်တင်ယုံ မပြီးပါဘူး။ တင်းကျပ်တဲ့ စနစ်ရှိဖို့လိုအပ်ပါတယ်။ အခုဟာက ဆုံးဖြတ်တာပဲ ရှိတယ်။ တင်းကျပ်တဲ့ စနစ်မရှိတဲ့အတွက် တကယ် လက်တွေ့ ဘ၀မှာတော့ မိုးရာသီ မိုးကျနေပေမယ့်လည်း တောင်သူလယ်သမားတွေ လက်ထဲကို မြေမရောက်သေးတာတွေက ဧကသန်းနဲ့ချီပြီး ရှိနေဆဲပဲလို့ ကျနော် အမှုလိုက် အတွေ့အကြုံအရ ကျနော် မြင်တွေနေရတယ်” လို့ ပြောပါတယ်။

အမျိုးသားလွှတ်တော်မှာ ဥပမာတခုအနေနဲ့ ပြောဆိုချက်အရ ပြည်နယ်နဲ့တိုင်း ၁၄ ခုအနက် တနင်္သာရီတိုင်း တခုတည်းမှာ ကုမ္ပဏီတွေ ဆီအုန်းစိုက်ပျိုးဖို့အတွက် သိမ်းယူထားတဲ့ လယ်ယာမြေဧက ၇ သိန်းနီးပါး ရှိနေတယ်လို့ သိရပါတယ်။

အရင်ရက်ပိုင်း ပြည်သူ့လွှတ်တော်မှာလည်း စစ်တပ်က သိမ်းယူထားတဲ့မြေတွေထဲက အဆောက်အအုံ ဆောက်လုပ်ခြင်းမရှိသေးတဲ့ လယ်ယာမြေ ဧကတချို့ကို ပြန်ပေးမယ်လို့ ၀န်ကြီး အဆင့် တာဝန်ရှိသူက တက်ရောက် ကတိပြုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013