DVB Logo
Home
ကျန်းမာရေး
ကိုဗစ်ကနေ ပြန်လည် သက်သာလာတဲ့အခါ (ဆောင်းပါး)
DVB
·
November 3, 2020
ကိုဗစ်ကနေ ပြန်လည် သက်သာလာတဲ့အခါ (ဆောင်းပါး)
Donate to DVB

ကိုဗစ် ကူးစက်ခံလိုက် ရတယ်။ ဒါပေမယ့် ကိုဗစ်ကို အနိုင်တိုက်လို့ ပြန်လည် ကျန်းမာလာပြီဆိုရင် ဘယ်လို ဂရုစိုက် နေထိုင်ရမလဲ ဆိုတာကို ဒီ ဆောင်းပါးလေးကနေ ပြောပြပေးသွားပါမယ်။

ကိုဗစ် တစ်ကမ္ဘာလုံးကို ကိုင်လှုပ်နေတဲ့ ကပ်ရောဂါကြီးပေါ့။ မတော်တဆ ကူးစက်ခံရ​ပြီဆိုရင်လည်း လက္ခဏာ တစ်ခုခု တွေ့ပြီဆိုတာနဲ့ နီးစပ်ရာ Fever Clinic ကို သတင်းပို့ပြီး လိုအပ်တဲ့ ကုသမှုကို ခံယူပါ။ မြန်မြန်သိ မြန်မြန်ကုသနိုင်ရင် ကိုဗစ်က ပျောက်ကင်းနိုင်ခြေ များပါတယ်။

ကိုဗစ်ကုသမှုကို ခံယူပြီးနောက် အိမ်ပြန်ရောက်လာတဲ့အခါ


ကိုဗစ်ရောဂါပိုးက ၁၁ ရက် ကနေ ၁၃ ရက်ဆိုရင် ခန္ဓာကိုယ် ပြင်ပကို မထွက်နိုင်တော့ဘူးဆိုတော့ ၁၁ ရက်ပြည့်ပြီ ကိုယ်ပူတာ၊ ချောင်းဆိုးတာတွေလိုမျိုး ကိုဗစ်ရဲ့ လက္ခဏာတွေလည်း မရှိဘူးဆိုရင် ကုသရေးစင်တာကနေ အိမ်ကို ပြန်လာလို့ ရပါပြီ။

ဒါပေမယ့် အိမ်မှာ Stay at Home ၇ ရက်နေဖို့တော့ လိုဦးမှာပါ။ ဒါက ကိုယ်ခံအားကို အားဖြည့်တာဖြစ်သလို ပြန်လည်ကျန်းမာလာတဲ့ ကာလကို အကောင်းဆုံး အားဖြည့်တာလည်း ဖြစ်ပါတယ်။

ဒီကာလမှာ မတ်ခ်က ဆက်တပ်ထားရဦးမှာ ဖြစ်သလို အိမ်ထဲမှာပဲ နေသင့်ပါတယ်။ လူစုလူဝေးဖြစ်တဲ့နေရာတွေကို သွားတာ၊ မလိုအပ်ဘဲ အပြင်ထွက်တာတွေကို မလုပ်သင့်သေးပါဘူး။ မတ်ခ်တပ်တာ၊ လက်ဆေးတာလိုမျိုး ကိုဗစ်ကာကွယ်နည်းတွေကိုလည်း ဆက်လက်လိုက်နာရပါဦးမယ်။

အကြောင်းကတော့ ကိုဗစ်က ကူးစက်ပြီးသူတွေမှာထပ်တစ်ခါ မကူးစက်နိုင်ဘူးလို့ အာမခံချက် ရှိမနေတာကြောင့်ပါ။ ကိုယ့်ကို နောက်ထပ်တစ်ကြိမ် ကူးစက်မှု မရှိစေဖို့ သေချာလေး ကာကွယ်ဖို့ လိုပါမယ်။ ဒါကြောင့် ဒီကာလမှာ ဧည့်သည်တွေ့ဆုံတာမျိုး မလုပ်သင့်ပါဘူး။ အသုံးအဆောင်တွေကိုလည်း သီးသန့်ထားသင့်ပါတယ်။ ကိုဗစ် ကာကွယ်ရေး လုပ်ငန်းစဉ်တွေကလည်း ဆက်လက် လိုက်နာရပါမယ်။

ကိုဗစ်ကနေ ပြန်လည် ကျန်းမာလာချိန် ဒါလေးတွေ ဂရုစိုက်ပါ


ကိုဗစ်က သက်သာပြီဆိုပေမယ့် ကိုယ်ခံအား အပြည့်အဝ ကောင်းမွန်ပြီး ကိုဗစ်ကို အကောင်းဆုံး ကာကွယ်နိုင်ဖို့ဆိုရင်

အာဟာရ ပြည့်ဝအောင် စားပါ


နာလန်ထချိန်မှာ အစားမစားချင်တာမျိုး ရှိနိုင်ပါတယ်။ ဒါပေမယ့် ကောင်းမွန်တဲ့ ကိုယ်ခံအားစနစ် ပိုင်ဆိုင်စေဖို့ဆိုရင် နေ့စဉ် စားသုံးမှုမှာ ထမင်း၊ အသား၊ ငါး၊ အသီးအရွက်၊ သစ်သီး၊ ဥအမျိုးမျိုး စတာတွေကို ပါဝင်အောင် စားပေးပါ။

အရောင်စုံအောင် စားပေးနိုင်လေ ပိုကောင်းလေပါ။ ပရိုတင်း၊ ဗီတာမင်၊ သတ္တုဓာတ်၊ အမျှင်ဓာတ်တွေကို ပြည့်ဝစွာ စားသုံးတာက ကိုယ်ခံအား ပြည့်ဝကောင်းမွန်စေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။

ရေများများသောက်ပါ


အသက်ရှူ လမ်းကြောင်းစနစ် ကျန်းမာပြီး ကိုယ်ခံအား ကောင်းစေဖို့အတွက် ရေများများ သောက်ဖို့ လိုပါမယ်။ ဒီတော့ ရေ အရမ်းမသောက်ဖြစ်ရင်တောင် တစ်နေ့ကို ရေ ၈ ခွက်တော့ သောက်ပေးပါ။

အိပ်ရေးဝဝအိပ်ပါ


ညဘက်တိုင်းမှာ ပြည့်ဝတဲ့ အိပ်စက်ချိန် ရှိစေဖို့ ဂရုပြုပါ။ တစ်ညတာကို အနည်းဆုံး အိပ်ချိန် ၇နာရီကနေ ၈ နာရီရှိစေဖို့ ဂရုပြုပါ။ အိပ်ရေးဝတာက စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး ကိုယ်ခံအားကိုလည်း ပြည့်ဝစေမှာပါ။

ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ


နေ့စဉ် မနက်ခင်း ဒါမှမဟုတ် ညနေပိုင်းမှာ ၁၅ မိနစ်ကနေ ၁ နာရီလောက်အထိ ကိုယ်လက် လှုပ်ရှားမှု တစ်ခုခုလုပ်ပါ။ ကိုယ်လက်လှုပ်ရှားတာက ကိုယ်ခံအားကောင်းစေသလို ကိုဗစ် အဓိကတိုက်ခိုက်တဲ့ အဆုတ်လေးကိုလည်း ကျန်းမာစေပါတယ်။

နေရောင်ခြည် ခံပါ


မနက်ခင်း နေခြည်နွေးနွေးကို မိနစ် ၂၀ လောက်ခံပေးပါ။ နေရောင်ခြည့်က ဗီတာမင် D ကို အပြည့်အဝ ရရှိစေပြီး စိတ်ရောကိုယ်ပါ ကျန်းမာစေမှာပါ။

မတ်ခ်တပ်ပါ


အပြင်သွားတိုင်း မတ်ခ်တပ်ပါ။ ကိုယ့်အိမ်မှာ အသက်အရွယ်ကြီးရင့်သူတွေ ရှိနေမယ်ဆိုရင် သူတို့ အနားရောက်လာတဲ့အခါတိုင်း မတ်ခ် တပ်ထားပေးစေချင်ပါတယ်။

လက်ဆေးပါ


လက်ဆေးတာက ကိုဗစ်ကို ကာကွယ်နိုင်တဲ့ အလွယ်ကူဆုံး နည်းလမ်းပါ။ ဒါကြောင့် ကိုဗစ်က သက်သာလာပြီဆိုပေမယ့် နောက်တစ်ကြိမ်ဆိုတာ မဖြစ်စေဖို့နဲ့ ကိုယ်ခံအားကောင်းစေဖို့အတွက် လက်ကို မကြာခဏ ရေနဲ့ဆပ်ပြာသုံးပြီး ဆေးကြောလို့ ကိုဗစ် အပါအဝင် ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်ပါ။

ကိုဗစ်ကာလမှာ ကိုယ်ခံအား ကောင်းအောင်လုပ်ပြီး တစ်ဦးတစ်ယောက်ချင်းစီရဲ့ တာဝန်သိမှု၊ စည်းကမ်းရှိမှုတွေနဲ့ ကိုယ်တိုင်ကိုရော မိသားစုဝင်တွေကိုပါ ကိုဗစ် အန္တရာယ်ကနေ ကာကွယ်ရအောင်လား။

ရေးသားသူ Aye Thi Mon

 


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013