DVB Logo
Home
သုံးသပျခကျြ
သက်တမ်းတ၀က် လွှတ်တော်အပေါ် သုံးသပ်ချက်
DVB
·
July 31, 2013
သက်တမ်းတ၀က် လွှတ်တော်အပေါ် သုံးသပ်ချက်
Donate to DVB

ဇူလိုင် ၃၁ ရက်နေ့မှာ လွှတ်တော်သက်တမ်း တ၀က်ကျိုးပြီ ဖြစ်ပါတယ်။ ဥပဒေပြုရေး ကဏ္ဍမှာ အဓိကတာဝန်ရှိတဲ့ လွှတ်တော်ဟာ သက်တမ်းတ၀က်ကျိုးချိန်မှာ ဥပဒေ ၅၃ ခု ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။ လွှတ်တော်ရဲ့ ၂ နှစ်ကျော်သက်တမ်းမှာ ဥပဒေပြုရေးအပိုင်း ကျေနပ်အားရမှု ရှိမရှိ  အခြေအနေတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့က ရှေနေကြီး ဦးကိုနီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးစိုင်းလိတ်၊ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဂျင်မီနဲ့ ၀ါရင့်သတင်းစာဆရာကြီး ဖိုးသောကြာတို့ရဲ့ သုံးသပ်ချက် အမြင်သဘောထားတွေကို မေးမြန်းထားပါတယ်။

ဦးကိုနီ

“ဒီအာဏာသိမ်းတဲ့ ၁၉၆၂ နောက်ပိုင်း ဒီ ၁၉၇၂ အတွင်း တော်လှန်ရေးကောင်စီက ပြဋ္ဌာန်းထားတဲ့ ဥပဒေတော်တော်များများဟာ ကျနော်တို့ ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင့်တဲ့ ဥပဒေတွေဗျ။ ဒါတွေဆိုလို့ရှိရင် လွယ်လွယ်ကူကူနဲ့ ဖျက်လို့ရတယ်။ အလားတူ ၁၉၇၄ နဲ့ ၁၉၈၈ တပါတီ မဆလအာဏာရှင်ခေတ်အတွင်း ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတွေဟာလည်းပဲ လွယ်လွယ်ကူကူ ဒီနေ့ သွားနေတဲ့ ဒီမိုကရေစီခေတ်နဲ့ မကိုက်ညီဘူးဆိုတာ သိနေတဲ့အတွက် အလွယ်တကူ ဖျက်လို့ရတယ်။ မလိုအပ်တဲ့ ဥပဒေတွေကို ပယ်ဖျက်တဲ့နေရာမှာ အလွန်နှေးကွေးနေတာ ဒါကျနော်ရဲ့ သုံးသပ်ချက်ပဲ။”

“ပါလီမန်ဒီမိုကရေစီ လွှတ်တော်၊ လူတွေကို လွတ်လပ်ခွင့်ပေးမယ့် လွှတ်တော်လို့ ကျနော်တို့ ထင်နေတာ၊ တကယ်တော့ မဟုတ်ဘူး ဖြစ်နေတယ်။ ဘာကြောင့်တုန်းဆိုတော့ ပထမဦးဆုံး ဥပဒေတခုကို နမူနာအဖြစ် ပြောရမယ်ဆိုလို့ရှိရင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှာ ပြဋ္ဌာန်းထားတဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်းခွင့် ဥပဒေပေါ့ဗျာ။ ဒီဥပဒေကို ကြည့်လိုက်တဲ့ အခါမှာ ဒီဥပဒေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေက နိုင်ငံသားတွေကို လွတ်လွတ် လပ်လပ် စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ပေးထားတာကို သူက ပြန်ချုပ်ချယ်တဲ့ သဘော ဖြစ်နေတယ်။ ဒီစစ်အာဏာရှင်တွေ ရေးခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက လူထုကို လွတ်လွတ်လပ်လပ် စုဝေးခွင့်နဲ့ စီတန်လှည့်လည်ခွင့်ပေးထားတာကို အခု လူထုက ရွေးကောက်တင်မြှောက်တဲ့ ပြည်သူ့ လွှတ်တော်က လူထုကို ပြန်ပြီး ချုပ်ချယ် ကန့်သတ်တာ တွေ့ရတယ်။”

ဦးစိုင်းလိတ်

“အပြန်အလှန် ထိန်းညှိတယ်၊ ထိန်းကြောင်းတာထက်ကို အားပြိုင်နေတယ်လို့ ကျနော် မြင်တယ်၊  ဘယ်လို ကိစ္စမျိုးတွေမှာလဲ ဆိုလို့ရှိရင် ဥပမာ သမ္မတကြီး ခရီးထွက်သွားတဲ့ အချိန်မှာ ပြန်ဝင်လာတယ်၊ ဆက်သွယ်ရေးနဲ့ ပတ်သက်ပြီးတော့ သူတို့ ဒီ ကုမ္ပဏီကြီး ၂ ခုကို သူတို့ လုပ်ငန်းချပေးနေတဲ့ အချိန်မှာ လွှတ်တော်ကနေပြီးတော့မှ ဘယ်လိုဥပဒေမျိုး မပြုရသေးဘူး ဘာညာ ဆိုတာမျိုး လုပ်တယ်၊ တကယ်တမ်း တိတိကျကျ မလုပ်နိုင်ပဲနဲ့ ပြန်လည်ပြီးတော့ အတည်ပြုလိုက်ရတာပဲလေ။ ကျနော် ဆိုလိုတာကတော့ ဥပမာ လွှတ်တော်အနေနဲ့  သူလုပ်ရမယ့် ကိစ္စကို လုပ်စေချင်တယ်။ ဥပမာ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်လိုဟာမျိုးပေါ့ ၀င်ရောက်စွက်ဖက်နေတဲ့ အပိုင်းလို့ ကျနော် မြင်တယ်။ တကယ်တမ်းကျတော့ ပြည်တွင်း ငြိမ်းချမ်းမှု ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေမှာ ဘတ်ဂျက်တွေ အသုံးလိုတယ်ဆိုလို့ ရှိရင် လွှတ်တော်က ဒါချပေးရမှာပေါ့နော်။ ဘတ်ဂျက် အသုံးစရိတ်တွေ ကန့်သတ်ပေးရမယ်၊ ဥပဒေ ပြုပေးရမယ်။ ဘတ်ဂျက် ဥပဒေထဲမှာငြိမ်းချမ်းရေး ကိစ္စ မပါဘဲနဲ့ ချမပေးရသေးဘဲနဲ့ လွှတ်တော်အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်လိုတယ်ဆိုတဲ့ ဟာမျိုးက အစပေါ့နော် ဒါဟာ ၀င်ရောက် စွက်ဖက်နေတဲ့ အပိုင်းရောက်တယ်လို့ ကျနော် မြင်ပါတယ်။”

ဦးဂျင်မီ

“ဒီမီုကရက်တစ် လွှတ်တော်နဲ့ ကိုက်ညီတဲ့ ကျင့်စဉ်ပေါ့။ အဲဒီမှာတော့ အားနည်းနေတာကို ကျနော်တွေ့ရတယ်။ လွှတ်တော် အမတ်တယောက်ချင်းဆီမှာရော၊ ငြင်းခုန်ဆွေးနွေးနေကြတဲ့ အကြောင်းအရာတွေ အရရော အားနည်းနေတာ တွေ့ရတယ်။ အဲဒါကို ကြွလာအောင် လုပ်ပေးရမယ့် တာဝန်က လွှတ်တော် ဥက္ကဋ္ဌရဲ့ တာဝန်ပေါ့။ လွှတ်တော် ဥက္ကဋ္ဌနဲ့ နာယကတွေက ဘယ်လိုဘယ်နည်းနဲ့ ကြွလာအောင် လုပ်မလဲဆိုတာ အကြောင်းအရာရော၊ လူပုဂ္ဂိုလ်အရရောပေါ့။ လွှတ်တော် channel ကို ကြည့်လိုက်ရင် လွှတ်တော် channel က ပျင်းစရာကောင်းတယ်။ အကြောင်းအရရော၊ လူပုဂ္ဂိုလ်အရရော၊ ဆွေးနွေးတင်ပြတဲ့ ပုံစံအရရောဆိုရင် လွှတ်တော်က သိပ်ပြီး အသက်မ၀င်ဘူး။ လွှတ်တော် အသက်ဝင်လာအောင် လုပ်ပေးဖို့ လွှတ်တော်နာယကတွေမှာ တာဝန်ရှိတယ်။”

ဖိုးသောကြာ

“လွှတ်တော် ကိုယ်စားလှယ်တွေ လှုပ်ဖို့ လိုတယ်ဆိုတဲ့နေရာမှာ လွှတ်တော် ကိုယ်စားလှယ်တွေ လှုပ်ရှားဖို့ထက် အဲဒီလွှတ်တော် ကိုယ်စားလှယ်တွေ ကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီက ပိုပြီး လှုပ်ရှားဖို့ လိုတယ်။ ကျနော် ဆိုလိုတာက ပြည်ခိုင်ဖြိုးက လှုပ်ကို လှုပ်ရှားနေရမယ်။ နိုင်ငံကိစ္စ၊ ရပ်ရွာကိစ္စ၊ အကုန် တိုင်းဒေသ ပြည်နယ်ကိစ္စတွေ သူလှုပ်ရှားရမယ်။ သူတို့သာလျှင် လူထုနဲ့ ထိစပ်ရမှာ။ အခုက လွှတ်တော်ကိုယ်စားလှယ်တွေ ၀န်ကြီးတွေ ရုံးတွေဖွင့်တာ ဒါ လူထုနဲ့ ဘာမှမဆိုင်ဘူးဗျ။ ရုံးဆိုတာကြီးက ဗျူရိုကရက်၊ ဗျူရိုကရေစီပဲ၊ ကျနော် အမြင်ကိုပြောတာ။ နိုင်ငံရေးသမားက ပြည်သူတွေကြားမှာပဲ ရှိရမှာပေါ့။ ရုံးကြီးနဲ့ တခမ်းတနားနေပြီးတော့ မြို့နယ် အုပ်ချုပ်ရေးမှူးက လာတွေ့လိုက်နဲ့၊ ဒါတွေက ဗျူရိုကရေစီပဲဗျ၊ ဒီအလုပ်တွေ လုပ်ဖို့မှ မလိုဘဲ။ ပြည်သူကြားမှာ သွားလာနေရမှာပဲ။ ပြည်သူတွေကြားမှာ နားထောင်နေရမယ်၊ ပြည်သူတွေ ဒုက္ခတွေကို သူတို့ ၀င်ခံရမှာပဲ။ လွှတ်တော် ကိုယ်စားလှယ်က တထီးတနန်း နေဖို့မှ မလိုတာ။ အခုက လွှတ်တော် ကိုယ်စားလှယ်တွေ တထီးတနန်းနေတယ်လို့ ကျနော် မြင်တယ်။ အဆောင်အယောင်တွေအပေါ် သိပ်သာယာနေတယ်လို့ မြင်တယ်။”

ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၆/က အရ ပြည်ထောင်စုလွှတ်တော်သက်တမ်း လပေါင်း ၃၀ ပြည့်မြောက်ပြီဖြစ်လို့ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ထံမှ ပြည်ထောင်စုလွှတ်တော်နာယကတာဝန်ကို လွှဲပြောင်းတာဝန်ယူခြင်း အစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013