
ဂျပန်နိုင်ငံမြောက်ပိုင်း ပစိဖိတ်သမုဒ္ဒရာမှာ ဧပြီ ၂၀ ရက်က အင်အား ၇ ဒသမ ၅ ရှိတဲ့ အင်အားပြင်း ငလျင်ကြီး လှုပ်ခတ်ခဲ့ပါတယ်။
အဲဒီငလျင်ကြောင့် ဆူနာမီရေလှိုင်းတွေ ရိုက်ခတ်နိုင်တယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီ (JMA) က သတိပေးချက် ထုတ်ပြန်ထားပါတယ်။
အီဝါတဲ၊ အိုမိုရီနဲ့ ဟော့ကိုင်းဒိုး စီရင်စုတွေမှာ ဆူနာမီလှိုင်းအမြင့် ၃ မီတာအထိ တက်လာနိုင်တယ်လို့ သတိပေးထားပါတယ်။
ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ ကတော့ သက်ရောက်မှုရှိနိုင်တဲ့ ဒေသခံတွေအနေနဲ့ ဘေးကင်းရာ ကုန်းမြင့်ပိုင်းကို အမြန်ဆုံး ရွှေ့ပြောင်းကြဖို့ တိုက်တွန်းထားပါတယ်။
ဒီငလျင်ဟာ မြေအောက်အနက် ၁၀ ကီလိုမီတာမှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး မိုင်ရာနဲ့ချီဝေးတဲ့ မြို့တော်တိုကျိုက အဆောက်အအုံကြီးတွေတောင် သိသိသာသာ တုန်ခါခဲ့ပါတယ်။
ဟော့ကိုင်းဒိုးဒေသက ဟာချီနိုဟီဆိပ်ကမ်းမှာ ဆူနာမီလှိုင်း ရိုက်ခတ်မဲ့အန္တရာယ်ကြောင့် သင်္ဘောတွေ ဆိပ်ကမ်းကနေ ထွက်ခွာသွားကြတာကို ဂျပန်အမျိုးသားရုပ်သံ NHK က ပြသခဲ့ပါတယ်။
ငလျင်လှုပ်ခတ်ပြီးနောက်မှာ အိုမိုရီဒေသကနေ တိုကျိုကိုသွားတဲ့ ကျည်ဆန်ရထား ပြေးဆွဲမှုတွေကိုလည်း ရပ်ဆိုင်းလိုက်ပါတယ်။
လက်ရှိမှာတော့ ဂျပန်အစိုးရက အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ကို ဖွဲ့စည်းထားပြီး ထိခိုက်ပျက်စီးမှု အခြေအနေတွေကို စုံစမ်းနေပါတယ်။











