DVB Logo
Home
မေးမြန်းခန်း
ရေကြီးမှု အန္တရာယ် ဆက်ရှိဦးမယ် – ဦးထွန်းလွင်
DVB
·
July 31, 2013
ရေကြီးမှု အန္တရာယ် ဆက်ရှိဦးမယ် – ဦးထွန်းလွင်
Donate to DVB

မြန်မာနိုင်ငံအတွင်းရှိ ဒေသအချို့မှာ မိုးများတဲ့အတွက် ရေကြီးတဲ့ဖြစ်ရပ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဆက်လက်ပြီး ရေကြီးရေလျှံမှုတွေ ဘယ်လောက်အထိ ရှိလာနိုင်တယ်ဆိုတာနဲ့ ပတ်သက်ပြီး မိုးလေ၀သပညာရှင် ဦးထွန်းလွင်ကို မေးမြန်းထားပါတယ်။

လက်ရှိအခြေအနေရ ရေကြီးတဲ့နေရာတွေ များနေတယ်ဆိုတော့ ဘယ်လောက်အထိ စိုးရိမ်ရသလဲ။



[caption id="attachment_34864" align="alignright" width="300" caption="ဦးထွန်းလွင်"][/caption]

“ဘယ်လောက်အထိလဲဆိုတော့ လက်ရှိထက် ထပ်ပြီးတော့ တိုးဖို့ရှိနေတယ်။ မိုးက ကောင်းနေသေးတာကိုး။ ဩဂုတ်လဆန်းလောက်အထိ မိုးကောင်းဖို့ ခန့်မှန်ထားတယ်ဆိုတော့ လက်ရှိထက်တော့ နည်းနည်းထပ်တိုးဦးမယ်လို့ ထင်တယ်။ အခုမြစ်ကြီးရေ မပါသေးဘူး။ ချင်းတွင်း၊ ဧရာဝတီတို့၊ ဧရာဝတီက ဟင်္သာတလောက်ပဲ ရှိသေးတယ်။ အဲဒီတော့ အလယ်ပိုင်းတို့ က မြစ်တွေ မြို့တွေ ရေမကျော်သေးတော့ အဲဒီဒေသတွေအထိ ကျော်လာဖို့တော့ လောလောဆယ်တော့ မရှိသေးဘူး။ ဒါပေမယ့် ရှိလာနိုင်တာပေါ့နော်။ အဲဒီအချိန်ကျရင် လက်ရှိထက် ပိုဆိုးနိုင်တယ်။"

တချို့ အလယ်ပိုင်းမှာလည်း မိုးမရွာလို့ မိုးခေါင်တာ ရှိတယ်၊ ဘယ်လို ကြိုတင်ပြင်ဆင်ထားရမလဲ။

“အဲဒါကတော့ အမြဲတမ်းလည်း ပြောနေတာပဲ။ အလယ်ပိုင်းဒေသ မိုးနည်းတာကတော့ မုန်တိုင်းတွေ ဖြစ်တာနည်းလို့ ဆိုတဲ့အချက်ကိုတော့ တွေ့တယ်လေ။ အဲဒီတော့ ဘင်္ဂလားပင်လယ်အော်မှာ မိုးအလွန်မှာတော့ ဒါတွေ လာနိုင်တယ်။ အထူးသဖြင့် စက်တင်ဘာလလောက်ကစပြီး အလယ်ပိုင်းဒေသတွေ မိုးပိုရလာနိုင်တဲ့ အခွင့်အရေးတော့ ရှိတာပေါ့။ စိုက်ပျိုးရေးတော့ မီတာ၊ မမီတာ တကဏ္ဍပေါ့လေ။ အဲဒီမိုးဟာ ရလာတဲ့ အချိန်မှာ အောင်ရေ ဖြစ်ချင်လည်းဖြစ်မယ်၊ ဖျက်မိုး ဖြစ်ချင်လည်းဖြစ်မယ်၊ ကိုယ်လုပ်တဲ့ လုပ်ငန်းအပေါ်မှာ မူတည်တာပေါ့။ အဲဒီအတွက်တော့ ကြိုတင်ပြင်ဆင်ဖို့တော့ လိုမယ် ထင်တယ်။”

နေရာအနှံ့မှာ ရေလွှမ်းမိုးမှုဖြစ်တယ်၊ ရာသီဥတု မမျှတာတွေ ဖြစ်တယ်၊ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဘာကြောင့် ဖြစ်တာလဲ။

“ဘာကြောင့် ဖြစ်တာလဲဆိုတော့ လောလောဆယ် မြန်မာနိုင်ငံမှာ မိုးရွာရင် အကြောင်း ၃ ချက်ရှိတယ်။ မုတ်သုံအားကောင်းတယ်။ မုတ်သုံမိုးတွေ များတယ်။ နောက် မြန်မာနိုင်ငံ မြောက်ပိုင်းမှာ မုတ်သုန်လေမိုးဟာ ဖြတ်နေတယ်၊ အဲဒီဘက်မှာလည်း မိုးကောင်းတယ်။ ဒီလာအိုတို့၊ ထိုင်းတို့ကတဆင့် လေဖိအားရပ်ဝန်းတခု မြန်မာပြည်အရှေ့ပိုင်းကို တိုးဝင်လာနေတယ်။ အဲဒါကြောင့်လည်း မိုးကောင်းတယ်။ အဲဒီတော့ မိုးရွာတဲ့ အကြောင်းအရင်းက လောလောဆယ်မှာ ၃ ခုရှိတယ်။ အဲဒါ မိုးများနေတာကြောင့်ပေါ။့ အဓိကတော့ မုတ်သုံမိုးကောင်းတာပဲ။ မုန်တိုင်းကြီးကြီးတွေ လာဖို့ ရှိပါသလား။“မိုးနှောင်းပိုင်းမှာ ဖြစ်နိုင်ပါတယ်၊ စက်တင်ဘာ နောက်ပိုင်းမှာ။”

လက်ရှိ မြန်မာပြည်ရဲ့မိုးလေ၀သ အခြေအနေက နောက်ထပ် မိုးနှောင်းပိုင်းကာလမှာ ဘာတွေ ကြုံတွေ့ရနိုင်လဲ။

“လောလောဆယ်မှာ အထူးသတိထားရမယ့် အချက်ကတော့ ပင်လယ်ပြင်မှာ အမြဲလိုလို လှိုင်းကြီးနေတယ်၊ မိုးသက်လေပြင်တွေ ကျနေတယ်၊ အဲဒါ နံပါတ် ၁ အရေးကြီးတယ်။ နံပါတ် ၂ ရေကြီးမှု အန္တရာယ်ကတော့ ဆက်လက်ရှိဦးမယ်။ စက်တင်ဘာနဲ့ အောက်တိုဘာအထိ ကြီးနိုင်တယ်၊ အဲဒါဂရုစိုက်ရမှာပေါ့။ နံပတ် ၃ ကတော့ မိုးလွန်ကာလ အောက်တိုဘာနဲ့ နိုဝင်ဘာကျရင်တော့ မုန်တိုင်း အထူးသဖြင့် အရှေ့ပိုင်းကလာတဲ့ လေပွေလှိုင်းတွေ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်း ၃ လုံးလောက် ဖြစ်နိုင်သေးတယ်၊ အဲဒါ သတိထားရမယ်၊ ဒီ ၃ ခု အဓိကပါပဲ။”

လက်ရှိ ရေလွှမ်းမိုးနေတဲ့ ဒေသတွေအပေါ် ဘာတွေ ကြိုတင်ပြင်ဆင်ထားသင့်သလဲ။

“ကြိုတင်ကာကွယ်မှုတွေ လုပ်ရမှာ နံပါတ် ၁ က ဒေသခံ ကိုယ်စားလှယ်ရယ်၊ ဒီလုပ်ငန်းနဲ့ ပတ်သက်တဲ့ ဆည်မြောင်းတို့၊ စိုက်ပျိုးရေးတို့ အဲဒီက ပုဂ္ဂိုလ်တွေနဲ့ တိုင်ပင်ပြီးတော့ လုပ်သင့်တယ်လို့ ကျနော် မြင်တယ်။ ကျနော်က ပြောနိုင်တာ မိုးနည်းမှာ၊ များမှာနဲ့ ရေကြီးမှာ ဒီလောက်ပဲ ကျနော်ပြောလို့ရမှာလေ။ တခုတော့ ပြောနိုင်တာက မိုးလေ၀သရှုထောင့်အရ လက်ရှိအခြေအနေထက် နောက်ပိုင်းမှာ နည်းနည်းပိုပြီးတော့ ဆိုးလာနိုင်သေးတဲ့ အနေအထား ရှိသေးတယ်ဆိုတာလောက်ပဲ ကျနော်ပြောလို့ ရပါတယ်။

“ရာသီဥတု အခြေအနေကတော့ အခုဩဂုတ်လဆန်းထိတာ့ မိုးကောင်းနေတုန်းပဲ ဆိုတာလေးတော့ နံပါတ် ၁ သိစေချင်တယ်။ ရေကြီးမှု များနေတယ်၊ ရေကြီးတဲ့ဒေသများအဖြစ် ကျနော် သတ်မှတ်ထားတာကတော့ ချင်းပြည်နယ်တောင်ပိုင်း၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း အနောက်ဘက်အပိုင်း၊ ဧရာဝတီတောင်ပိုင်း၊ ရန်ကုန်တောင်ပိုင်း၊ ပဲခူးတောင်ပိုင်း၊ နောက် မွန်ပြည်နယ်၊ ကရင်ပြည်နယ်တောင်ပိုင်းနဲ့ တနင်္သာရီတိုင်းမြောက်ပိုင်း အဲဒီဒေသတွေ ရေဖုံးလွှမ်းမှုအန္တရာယ် တော်တော်ကြီးတယ်၊ အခုလောလောဆယ် မြ၀တီမှာလည်း တော်တော်ဆိုးတယ်လို့ကြားတယ်။ နောက်တခုက မြစ်တွေအနေနဲ့ကတော့ င၀န်မြစ်၊ သံလွင်မြစ်၊ အဲဒီမြစ်တွေမှာ စိုးရိမ်ရေမှတ်တွေ ကျော်နေပြီဆိုတာ ကြိုသိရတာပေါ့နော်။ အထူးသဖြင့် ဘားအံတို့ ဘာတို့ဟာ ရှေ့လျှောက်လာတော့မယ်။ ဘားအံဆိုတာက ရေကြီးပြီဆိုရင် လနဲ့ချီကြာတယ်၊ အဲဒါလေးတွေ သတိပြုစေချင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013