DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းတောင်သူ ၁၀၀ ကျော် စိုက်ပျိုးရေ အခက်ကြုံ
DVB
·
July 30, 2013
Donate to DVB

မန္တလေးတိုင်းဒေသကြီး ၀မ်းတွင်းမြို့နယ် ကုန်းရွာ ကျေးရွာအုပ်စုမှာ လယ်သမားတွေ အသုံးပြုနေတဲ့ မင်းကန်ကြီး ရေကန်ကို မြို့နယ်အုပ်ချုပ်ရေးမှူးက ကန်ရေဝင်ပေါက်ကို ပိတ်ထားပြီး သူပိုင်တဲ့လယ်တွေ အတွက်သာ အသုံးပြုနေလို့ တောင်သူလယ်သမား ၁၀၀ လောက် စိုက်ပျိုးရေအတွက် အခက်တွေ့နေကြပါတယ်။

မင်းကန်ကြီးရေကန်က ရေဝင်ပေါက်ကို ပိတ်လိုက်တဲ့အတွက် ဘေးနားပတ်ပတ်လည်မှာ စိုက်ထားတဲ့ တောင်သူတွေရဲ့ စပါးနဲ့ ငရုတ်စိုက်ခင်းတွေကို ရေမရောက်တာကြောင့် စိုက်ပျိုးရေးအတွက် အခက်တွေ့နေရတယ်လို့ ကုန်ကျေးရွာအုပ်စုက ငရုတ်စိုက်တောင်သူ ဒေါ်ခင်မာကြည်က ပြောပါတယ်။

“အခုဘာမှ လုပ်လို့မရဘူး၊ ဒုက္ခတွေ ရောက်နေတာ။ တောင်သူတွေမှာလည်း အခုပျိုးထောင်ချိန်လည်း မထောင်ရဘူး၊ ငရုတ်တွေလည်း သေကုန်တယ်။ လုပ်ရတာ ကျမတို့မှာ အခက်အခဲ တအားဖြစ်နေတာ။ အဲဒီ မိတ္ထီလာဆည်ကနေ ၀မ်းတွင်းဆည်ကို လာတဲ့ ရေလည်း အခါတိုင်းဆိုလို့ရှိရင် သူ (အုပ်ချုပ်ရေးမှူး) ပိတ်မထားရင် ကန်ထဲမှာ ရေပြည့်နေပြီ။”

ဝမ်းတွင်းဆည်ကနေ  မင်းကန်ကြီးရေကန်ကို စီးဝင်လာတဲ့ ဒီဆည်ရေတွေဟာ  အဲ့ဒီဒေသက တောင်သူလယ်သမားအယောက် ၁၀၀ ကျော်ရဲ့ လယ်ဧက ၂၇၀ လောက်ကို ထောက်ပံ့နေတာပါ။

ဝမ်းတွင်းမြို့နယ် အုပ်ချုပ်ရေးမှူးက  ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကတည်းက  အဲ့ဒီကန်ကြီးရဲ့ ရေဝင်ပေါက်တွေကို ပိတ်ပစ်လိုက်ပြီး ကန်ရေကို တဦးတည်း အသုံးပြုနေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတောင်သူ ၁၀၀ ကျော်ဟာ  ပိုက်ဆံပေးရတဲ့ မြစ်ရေတင်စီမံကိန်းကနေ ရေတွေဝယ်လို့ရနေပေမယ့် စိုက်ပျိုးရေးအတွက် လိုအပ်သလောက်မရရှိဘူးလို့ ကုန်ကျေးရွာက စပါးစိုက်တောင်သူ ကိုသိန်းဇံက ပြောပါတယ်။

“၀မ်းတွင်းမြို့နယ် အုပ်ချုပ်ရေးမှူးက ၂၀၁၁ ခုနှစ်ကနေပြီးတော့ မင်းကန်ကြီးထဲမှာ သူတဦးတည်း လုပ်ကိုင်တာ။ ၂၀၁၃ ခုနှစ်မှာလည်း သူက မင်းကန်ကြီး ၀မ်းတွင်း မြေစာရင်းရုံးမှာ ဦးပိုင်ဖောက်ပြီးတော့ ကျနော်တို့ မြစ်သားမြို့နယ် မိုင်းမောကျေးရွာသား တဦးထံမှာ ၁၃၅ သိန်းနဲ့ ရောင်းတာပေါ့။ ကန်ကြီးကနေ ရေစောင့်နေတဲ့ တောင်သူတွေက ရေက ဘယ်လိုမှ ဖောက်လို့မရဘူး။ ယခင်ကရှိတဲ့ ကန်တွေကို ပိတ်ပစ်ပြီးတော့ ဒီရေစွန်းမြောင်းကနေပြီး ဒီကန်ထဲဝင်ရမယ့်ရေက အလဟဿဖြစ်စေတာပေါ့နော်။”

အခုချိန်ဟာ ပျိုးထောင်ရမယ့်အချိန် ရောက်နေပြီဖြစ်ပေမယ့် ရေအလုံအလောက် မရတာကြောင့် ဒေသခံတောင်သူလယ်သမားတွေဟာ  စိုက်ပျိုးရေးလုပ်ငန်းတွေ စတင်နိုင်ခြင်း မရှိသေးဘူးလို့လည်း  ကုန်းကျေးရွာအုပ်စု လယ်သမားတွေက ပြောပါတယ်။

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတခုဖြစ်တဲ့ ဝမ်းတွင်းမြို့ဟာ မိုးရွာသွန်းမှု နည်းပြီး မိုးခေါင်တဲ့အတွက် ကုန်ကျေးရွာအုပ်စု မင်းကန်ကြီးကန်ကို မှီခိုနေရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013