DVB Logo
Home
မြန်မာသတင်း
ယာယီနိုင်ငံကူးလက်မှတ်စခန်း ၅ ခု ဆက်ဖွင့်ရန် ညှိနှိုင်း
DVB
·
July 30, 2013
ယာယီနိုင်ငံကူးလက်မှတ်စခန်း ၅ ခု ဆက်ဖွင့်ရန် ညှိနှိုင်း
Donate to DVB

ထိုင်းရောက် မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေအတွက် နိုင်ငံသားစိစစ်ရေးနဲ့ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးကိစ္စတွေ ဆက်ပြီးဆောင်ရွက်ဖို့ ၀န်ဆောင်မှုစခန်း ၅ ခု ဖွင့်ရေး ကိစ္စကို တာဝန်ရှိသူတွေ ညှိနှိုင်းနေကြပါတယ်။

ထိုင်းနိုင်ငံ ခရိုင် ၁၂ ခုမှာ လောလောဆယ် ဖွင့်လှစ်ထားတဲ့  နိုင်ငံကူးလက်မှတ် ဆောင်ရွက်ရေးစခန်းတွေဟာ လာမယ်ဩဂုတ် ၁၁ ရက်နေ့မှာ   သက်တမ်းကုန်ဆုံးတော့မှာ ဖြစ် ပေမယ့် လုပ်ငန်းစဉ် မပြီးပြတ်သေးတာကြောင့် နောက်ထပ် ၅ နေရာမှာ ဆက်ပြီး ဖွင့်လှစ်ဖို့ စီစဉ်ကြောင်း  ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။

ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက  ရွှေ့ပြောင်းအလုပ်သမား သံအရာရှိ ဦးကျော်ကျော်လွင်က အခုလို ပြောပါတယ်။

“ညှိထားတုန်းပဲ ရှိသေးတယ်။ ညှိထားတယ်ဆိုတာကလည်း နဂို စခန်းဟောင်းတွေကပဲ ပြန်ရွေးမှာပါ။ အသစ်တွေတော့ မဟုတ်ပါဘူး။ စခန်း ၁၁ ခုရှိတယ်။ အဲဒီ ၁၁ ခုထဲကမှ အဆင်ပြေမယ့် စခန်း ၅ ခုကို ပြန်ရွေးမလားဆိုတာ ကျနော်တို့ ညှိနေကြတာပဲ ရှိသေးတယ်။ စီစဉ်နေတုန်းပဲ ရှိသေးတယ်။ အခု ၁၁ ခုထဲမှာ လုပ်ဖို့ ကျန်မယ့်လူတွေ ရှိဦးမယ်။ နောက် ကလေးတွေ ရှိမယ်၊ နောက် ၄ နှစ်ပြည့်သွားတဲ့ အလုပ်သမားတွေ ရှိဦးမယ်လေ။ လေးနှစ်ပြည့်တဲ့လူတွေက ပြန်ရမယ်၊ ခဏပြန်ပြီးတော့ ပြန်လာရမယ်ဆိုတော့ ၁ လပြန်ရမယ်။ ကိစ္စတွေ ရှိတယ်၊ အဲဒီ လုပ်ငန်းတွေ လုပ်ဖို့ ကျနော်တို့ ဖွင့်တာ ဖြစ်တယ်။”

လက်ရှိအချိန်မှာ နိုင်ငံသားစိစစ်ရေးနဲ့ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးစခန်း တွေကို ထိုင်းနိုင်ငံ ဘန်ကောက်၊ စမွတ်ပရာကန်၊ စမွတ်စခွန်၊ ဆူရတ်ဌာနီ၊ ဆုန်ခလာ၊ ပထုမ်ဌာနီ၊ လယောင်း၊ ရနောင်း၊ ကန်ချနဘူရီ၊ ခွန်ကဲင်၊ ချင်းမိုင်၊ ချင်းရိုင်နဲ့ တာ့ခ်စတဲ့ခရိုင်တွေမှာ ဖွင့်လှစ်ပြီး  တနေရာတည်းအပြီးစနစ်နဲ့ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ ထိုင်းနိုင်ငံထဲက တရားမ၀င်အလုပ်သမားတွေအနေနဲ့ နိုင်ငံသားစိစစ်ရေး နဲ့ ယာယီနိုင်ငံကူးလက်မှတ်တွေကို ဒီနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့ကနေ မတ် ၁၆ ရက်အထိ လာလုပ်ဖို့ ကြေညာခဲ့ပေမယ့်လည်း သတ်မှတ်ချိန်အတွင်းမှာ လာရောက်ဆက်သွယ်ဆောင်ရွက်တဲ့ အလုပ်သမား ရာခိုင်နှုန်းနည်းနေသေးတာကြောင့် ၀န်ဆောင်မှုသက်တမ်းတွေ နောက်ထပ် ၃ ကြိမ် တိုးမြှင့်ခဲ့ပါတယ်။

အဆိုပါအစီအစဉ်ဟာ  လာမယ့်ဩဂုတ်လ ၁၁ ရက်မှာ ပြီးဆုံးမယ်လို့ ကြေညာထားပေမယ့်  ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့တုန်းက ပြုလုပ်သွားတဲ့ ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ ရွှေ့ပြောင်းအလုပ်သမား စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးမှာတော့ ရွှေ့ပြောင်းအလုပ်သမား ယာယီနိုင်ငံကူးလက်မှတ် ဆောင်ရွက်ခြင်းကို နောက်ထပ်တနှစ်ထိ တိုးမြှင့်ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း ထိုင်းသတင်းဌာနတွေမှာ ဖော်ပြသွားပါတယ်။

ဒါဟာ ယာယီနိုင်ငံကူးလက်မှတ်လုပ်ဖို့ လာရောက်စာရင်းပေးထားပြီးသားသူတွေအတွက် ဆက်လက်ဆောင်ရွက်ပေးဖို့အပြင် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ မှီခိုသူ အသက် ၁၅ နှစ်အောက်  ကလေးငယ်တွေအတွက်ပါ  နိုင်ငံကူးလက်မှတ်နဲ့ နေထိုင်ခွင့်ဗီဇာတွေ ထုတ်ပေးဖို့ ဖြစ်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားများ စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နိုင်းပရ၀စ် ခိန့်ဖွန်က  သတင်းထောက်တွေကို ပြောပါတယ်။

အဲဒီအစည်းအဝေးမှာ ရေလုပ်ငန်းက အလုပ်သမားပြတ်လပ်မှုပြဿနာကို ဖြေရှင်းဖို့အတွက် ငါးဖမ်းလှေပေါ်က အလုပ်သမားတွေကိုတော့ ၁ နှစ်ကို ၂ ကြိမ် ၊ ၁ ကြိမ်ကို အချိန် ၁ လအတွင်း  အလုပ်သမားကတ်ဆောင်ရွက်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား ၃ နိုင်ငံက နိုင်ငံကူးလက်မှတ်လုပ်ဖို့  မှတ် ပုံတင်ထားကြတဲ့ အလုပ်သမားပေါင်း ၂၉၂, ၂၃၅ ဦးရှိပြီး မြန်မာအလုပ်သမား ၁၁၂,၂၅၀ ဦးနှုန်း ပါဝင်တယ်လို့ ထိုင်းသတင်းဌာနမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ သူတို့နိုင်ငံက လူကုန်ကူးမှုပြဿနာနဲ့ အလုပ်သမားမလုံလောက်မှု ပြဿနာကို ဖြေရှင်းဖို့အတွက်  နယ်စပ်ကနေတဆင့် အလုပ်သမားတင်သွင်းဖို့လည်း စီစဉ်နေ တယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။

အထူးသဖြင့် စိုက်ပျိုးရေးလုပ်ငန်းနဲ့ ရေလုပ်ငန်းတွေမှာ ၀င်ရောက်လုပ်ကိုင်ဖို့ အိမ်နီးချင်းနိုင်ငံ နယ်စပ်တလျှောက်မှာ နေထိုင်တဲ့သူတွေအနေနဲ့ ထိုင်းဘက်ခြမ်းကို အထောက်အထားတခုခုနဲ့ ၀င်ရောက်လုပ်ကိုင်နိုင်ဖို့ သက်ဆိုင်ရာနိုင်ငံက တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းနေတယ်လို့ ဆိုပါတယ်။

အဲဒီလက်မှတ်နဲ့ ထိုင်းဘက်မှာ ၃ လ၊ ၆ လနဲ့ ၁ နှစ် စသဖြင့် ၀င်ခွင့်ပြုဖို့ရှိကြောင်း၊  ဒါပေမယ့် ယာယီနိုင်ငံကူးလက်မှတ် အစားထိုးစာရွက်သာဖြစ်ပြီး ကန့်သတ်နယ်မြေထဲမှာ လုပ်ဆောင်ရမှာဖြစ်ကြောင်း၊ ဒီဆုံးဖြတ်ချက်တွေ အတည်ပြုပေးနိုင်ဖို့ ထိုင်းဝန်ကြီးများ ကော်မတီအစည်းအဝေးမှာ ဆက်လက်တင်ပြဖို့ရှိကြောင်း နိုင်းပရ၀စ် ခိန့်ဖွန်က  သတင်းထောက်တွေကို ပြောခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013