DVB Logo
Home
မြန်မာသတင်း
မဲရုံအချို့တွင် ကြိုတင်မဲပေးမှုအပေါ် ပါတီကိုယ်စားလှယ်များ စောင့်ကြည့်ခွင့်မရ (ဓာတ်ပုံ)
DVB
·
October 29, 2020
မဲရုံအချို့တွင် ကြိုတင်မဲပေးမှုအပေါ် ပါတီကိုယ်စားလှယ်များ စောင့်ကြည့်ခွင့်မရ (ဓာတ်ပုံ)
1 / 8
Donate to DVB

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် အသက် ၆၀ ကျော်အရွယ်မဲဆန္ဒရှင်တွေ အောက်တိုဘာ ၂၉ ရက်  ဒီကနေ့ စတင် ကြိုတင်မဲပေးနေကြရာမှာ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းအတွင်းက  မဲရုံတချို့မှာ စောင့်ကြည့်ခွင့်မရဘူးလို့ သက်ဆိုင်ရာ ပါတီ ကိုယ်စားလှယ်တွေက ပြောပါတယ်။ 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်မှာ ဒီနေ့မနက်  အသက် ၆၀ နဲ့အထက် ဘိုးဘွားတွေ ကြိုတင်မဲပေးရာ အန်အယ်လ်ဒီပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေ ​မဲရုံအတွင်း ဝင်ရောက်ခွင့်မရခဲ့တာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မအူကုန်းရပ်ကွက်က  ရွေးကောက်ပွဲကိုယ်စားလှယ် ကိုဇော်မြင့်က " ပွင့်ပွင့်လင်းလင်း ပြောရရင် လွတ်လွတ်လပ်လပ်စောင့်ကြည့်ခွင့်မရှိဘူး၊ ကျနော်တို့ရဲ့ လွှတ်တော်ဥက္ကဋ္ဌကြီး ဦးခင်မောင်ရင်က ပြောသွားတာက ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ အထဲကို ဝင်လို့ရတယ်တဲ့၊သို့သော် သူတို့က ဝင်ခွင့်မပေးဘူး။ ကျနော်ကလည်းသူတို့နဲ့ မဆွေးနွေးချင်ဘူး၊ သူတို့အုပ်စုက များနေတဲ့အတွက် မရဘူး။ မဲပုံးကိုလည်း ချိတ်ပိတ်ပြီး​ပြီဆိုတော့ အခုဒီကနေပဲ တစေ့တစောင်းကြည့်နေတာ" လို့ ပြောပါတယ်။

လက်ပံတန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ကြိုတင်မဲ စတင်ပေးခွင့်ရတဲ့ အောက်တိုဘာ ၂၉ ရက်နေ့မှာ အသက် ၆၀ နဲ့အထက် သက်ကြီးမဲဆန္ဒရှင်တွေကို အရင် မဲပေးခွင့်ပြုထားတာဖြစ်ပြီး နေရာမဆန့်လို့ ဝင်ခွင့်မပေးတာဖြစ်နိုင်တယ်လို့  မြို့နယ် ကော်မရှင် တာဝန်ရှိသူက ပြောပါတယ်။ 

လက်ပံတန်းမြို့ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကတော့ " ဝင်ခွင့်မပေးလို့ ဆိုတာက နေရာမဆန့်လို့၊ နေရာမဆန့်တာက မအူကုန်းရုံးကလည်း ဝင်ခွင့်မပေးလို့ဆိုတာ အဲ့ဒါကြောင့် ဖြစ်ပါလိမ့်မယ်။ အကုန်လုံးကို ဝင်ခွင့်မပေးဘူး လို့တော့ မဟုတ်ဘူး၊ အလှည့်ကျ ဖြစ်လိမ့်မယ်။ လေ့လာသူကြည့်လို့ရတယ်။ တစ်ခုတော့ရှိတယ်၊ ဓာတ်ပုံရိုက်လို့မရဘူး။ ဘာညာတော့ ရှိတာပေါ့၊ ပြတင်းပေါက်တို့ ဘာတို့ကတော့ ကြည့်လို့ရပါတယ်၊ မဲရုံက ကျဉ်းလို့  social distancing နဲ့ မကိုက်လို့ ဖြစ်မှာပါ " လို့ ပြောပါတယ်။

လက်ပံတန်းမြို့နယ်မှာ မဲဆန္ဒရှင်အရေအတွက် ၁၃၆၇၀၀  ရှိပြီး၊ ကြိုတင်မဲပေးမယ့် သက်ကြီး မဲဆန္ဒရှင်အရေအတွက် ၂၁၄၈၂ ဦးရှိပါတယ်။

အလားတူ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်မှာလည်း  အသက် ၆၀ အထက် ဘိုးဘွားတွေ  ကြိုတင် မဲပေးတာနဲ့ ပတ်သက်ပြီး မဲပုံးတွေကို ပါတီတွေရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်တွေကို  စောင့်ကြည့်ခွင့် ပြုထားတာမရှိဘူးလို့ ခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ  ဦးတင့်လွင်က ဒီဗွီဘီကို ပြောပါတယ်။

"မဲပုံးစောင့်ကြည့်ဖို့အတွက် ကျနော်တို့ သတ်မှတ်ထားတာကတော့ အရံ ရဲတွေရှိမယ်၊ ရပ်ကွက်ကော်မရှင်တွေက စောင့်ကြည့်ရမယ်၊ ပါတီနဲ့ ပတ်သက်ပြီး စောင့်ကြည့်ခွင့်ပြုထားတာ မရှိပါဘူး"

ပုသိမ်ခရိုင်အတွင်းက ၇ မြို့နယ်လုံးမှာ ဒီကနေ့မနက် ကြိုတင်မဲကောက်ယူတာတွေကို စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ခုချိန်ထိတော့ အားလုံးအဆင်ပြေတယ်လို့ လည်းဆိုပါတယ်။

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ ကိုယ်စားလှယ်တွေကို မဲရုံတွေမှာ စောင့်ကြည့်ခွင့်ပေးရမှာဖြစ်သလို ပါတီတွေအတွက် စောင့်ကြည့်မယ်လူတွေကလည်း စောင့်ကြည့်လေ့လာခွင့်ကို တင်ထားရမှာဖြစ်တယ်လို့ ပုသိမ်မြို့မှ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးအဖွဲ့ (HRDP)ရဲ့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Stay at home သတ်မှတ်ထားတဲ့မြို့နယ်တွေမှာ ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူတွေက အသက် ၆၀ ကျော် အဘိုးအဘွားတွေ ကြိုတင် မဲပေးနိုင်ဖို့  အိမ်တွေအထိ လိုက်လံကောက်ခံတာတွေပြုလုပ်ပေးသလို မဲရုံတွေမှာ မဲလာထည့်တာတွေလည်း ရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်ထံက သိရပါတယ်။

ဝဏ္ဏထွန်း/မင်းထက်မုန်း 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013