DVB Logo
Home
အာရှဒေသ
အိန္ဒိယ အခမဲ့အစားအစာ အစီအစဉ် ကျောင်းနေရေးအတွက် အားပေး
DVB
·
July 29, 2013
အိန္ဒိယ အခမဲ့အစားအစာ အစီအစဉ် ကျောင်းနေရေးအတွက် အားပေး
Donate to DVB

အိန္ဒိယအာဏာပိုင်တွေက  မကြာခင်က ဘီဟာပြည်နယ်မှာ ကလေးတွေကို အဆိပ်သင့် အစာတွေ  ကျွေးခဲ့တဲ့ ကျောင်းတကျောင်းရဲ့ အစားအစာသိုလှောင်ရေးနဲ့ ပြင်ဆင်ရေးအတွက် အစိုးရရဲ့ စစ်ဆေးမှုတွေကို မနာခံခဲ့ဘူးလို့ ပြောပါတယ်။

နှစ်ပေါင်းများစွာ လေ့လာစစ်ဆေးမှုတွေအရ နိုင်ငံအ၀ှမ်းက ကျောင်းတွေမှာ အစားအစာကို ကိုင်တွယ်ဆောင်ရွက်မှုနဲ့ သိုလှောင်သိမ်းဆည်းမှုတွေမှာ ပြဿနာတွေ ရှိနေတာကို တွေ့ရှိရပြီး အဲဒီကိစ္စတွေကို အနည်းအကျဉ်းလောက်ပဲ ကိုင်တွယ်ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြဿနာတွေ ရှိနေပေမယ့် အိန္ဒိယရဲ့ကျောင်းတွေမှာ အခမဲ့ အစားအသောက် ကျွေးမွေး ရေးအစီအစဉ်ကတော့ အခြေခံအဆင့်မှာ ကျောင်းအပ်စာရင်းသွင်းသူတွေ တိုးများလာစေပါတယ်။မြောက်ပိုင်း ဥတာပရာဒက်ရှ့်ပြည်နယ်ရဲ့ ၀ီရင်ဒ၀မ်မြို့က မီးဖိုချောင်မှာတော့ မနက် အစောကြီးမှာ အလုပ်သမားတွေ အလုပ်ရှုပ်နေကြပါတယ်။

သူတို့ဟာ  ခရိုင်တ၀ှမ်းလုံးက ကျောင်းပေါင်း ၁,၆၀၀ ကျော်က ကျောင်းသူနဲ့ ကျောင်းသား ပေါင်း ၁၆၅,၀၀၀ အတွက် အစားအစာတွေကို ပြင်ဆင်ပေးနေရတာ ဖြစ်ပါတယ်။ နံပြား၊ ပဲနီလေးဟင်းနဲ့ ထမင်းပါ။အကာအကွယ်လုပ်ထားပြီး ဖုန်ကင်းစင်တဲ့ သယ်ယူပို့ဆောင်ရေးယာဉ်တွေကို ခရိုင် အတွင်းက ကျောင်းတွေအတွက် ချက်ပြီးသား အစားအစာတွေ ပို့ပေးဖို့ အသုံးပြုကြပါတယ်။

ဒီ ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေးအတွက် အကြီးမားဆုံး ကြားဝင်ဆောင်ရွက်မှုဖြစ်တဲ့ ခမ်းနားတဲ့ စီမံချက်မှာလည်း ပြဿနာတွေ ရှိနေခဲ့ပါတယ်။ နမူနာကတော့ အစားအစာတွေထဲမှာ ပိုးသတ်ဆေးအစအနတွေ တွေ့ရှိရတဲ့ မြောက်ပိုင်း ပြည်နယ်ဖြစ်တဲ့ ဘီဟာက ကြေကွဲစရာ အဖြစ်အပျက်ပဲ ဖြစ်ပါတယ်။ နေ့လယ်စာစီမံချက်ရဲ့  ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုနဲ့ အရည်အသွေး ထိန်းချုပ်မှုတွေဟာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေပါ။

ဒါပေမယ့် ဝေဖန်သူတွေကတော့ တကယ်လို့သာ ကျောင်းစာရင်းသွင်းမှုတွေမှာ အထူး သဖြင့် မိန်းကလေးတွေရဲ့ ကျောင်းဝင်နှုန်းက လွန်ခဲ့တဲ့နှစ်ပိုင်းတွေအတွင်း တက်လာခဲ့မယ်ဆိုရင် နေ့လယ်စာစီမံချက်ကို ပိုပြီးအယုံအကြည်ရှိလာနိုင်မယ်ဆိုတာကို သဘောတူကြပါတယ်။

မြောက်ပိုင်းအိန္ဒိယ ခရိုင်တခုက ကလေးတွေအတွက် အစားအစာ ဖြန့်ဝေပေးမှုတွေကို ကြီးကြပ်နေရတဲ့ အုပ်ချုပ်ရေးမှူး ဆူနီးလ်ရှားမာက “ဒီစီမံချက်ကို စီမံကြီးကြပ်ရတာ တကယ့်ကြီးမားတဲ့ စိန်ခေါ်မှုပါပဲဗျာ။ ဘာလို့လဲဆိုတော့ စီမံချက်က သိပ်ကြီးပြီး ပြန့်ကျဲနေလို့ပါ။ ကျောင်းသားနဲ့ ကျောင်းသူတွေကို အရည်အသွေး ကောင်းမွန်ပြီး ပိုကောင်းတဲ့အစားအစာတွေ ပေးနိုင်ဖို့ ကျနော်တို့က တကယ်ကောင်းတဲ့ လုပ်ဆောင်မှုပေးပြီး စီမံဆောင်ရွက်ပေးရတာပါ။ ဘာလို့လဲဆိုတော့ အိန္ဒိယမှာ အာဟာရက ပြဿနာတခု ဖြစ်နေခဲ့တယ်လေ။ ဆင်းရဲလို့ အစားအစာတွေမှာ အာဟာရဓာတ်ပါဝင်မှုက နိမ့်ကျနေတာပေါ့” လို့ ပြောပါတယ်။

ပြိုပျက်ကျလုလု အစိုးရကျောင်းအဆောက်အဦတခုက ကျောင်းသားကလေးတွေဟာ သူတို့ရဲ့စာသင်ခန်းတွေမှာ အခက်အခဲတွေ အများကြီးရှိနေပါတယ်။ ကျောင်းသားတိုင်းလိုလိုဟာ ဘာမှမစားရသေးပဲ ကျောင်းတက်လာကြတာပါ။ အုမ်ဗီယာဆင်းက ကျောင်းအုပ်ဆရာပါ။ ၃ တန်းကနေ ၈ တန်းအထိ ကျောင်းသား ၁၀၀ ကျော် တက်ရောက်နေတဲ့ ကျောင်းလို့ ဂုဏ်ယူနေတဲ့ကျောင်းပါ။

“ဒီစီမံချက်က အထူးသဖြင့် ဘယ်တုန်းကမှ ကျန်းမာရေးအတွက် ကောင်းတဲ့ ပူပူနွေးနွေး အစားအစာကို မစားကြရတဲ့ ဆင်းရဲသားကလေးတွေအတွက် တကယ့် ဆုလဒ်ကြီးတခုပေါ့ဗျာ။ သူတို့မှာ လုံလောက်တဲ့ အာဟာရဓာတ် ရနေတဲ့အချိန်မှာ သူတို့ဟာ သူတို့ရဲ့ စာပေသင်ကြားမှု ကိုပဲ အာရုံထားနိုင်တာပေါ့လေ။ ကလေးအတော်များများအတွက်ကတော့ ကျောင်းကကျွေးတဲ့ အစာဟာ တနေ့တာမှာ သူတို့ရဲ့ တခုတည်းသော အစားအစာပါပဲ” လို့ အုမ်ဗီယာဆင်းက ပြောပါတယ်။

နေ့လယ်စာ မစားခင် ဓလေ့ထုံးစံအရ ဆုတောင်းအပြီးမှာတော့ ကျောင်းသားတွေဟာ သူ့တို့ရဲ့ အစားအစာအတွက် စိတ်ပါလက်ပါပဲ ပန်းကန်တွေကို ကောက်ကိုင်ကြပြီး နောက်တော့ သူတို့ရဲ့ ခမ်းနားတဲ့အစားအစာကို စားဖို့ စနစ်တကျ တန်းပြီးထိုင်ကြရပါတယ်။

နေ့စားအလုပ်သမားတယောက်ရဲ့ သမီးဖြစ်တဲ့ ရာဂ်ျဗတီက “အဲဒါ ကောင်းတယ်လို့ ကျမ ထင်ပါတယ်။ ကျမလိုပဲ ဆာလာတဲ့သူတွေအဖို့ ဒီနေ့လယ်စာဟာ တကယ့် ဆုလဒ်တပါးပါပဲရှင်။ အစားစားပြီးနောက် ကျွေးတဲ့အချိုပွဲကို ကျမ သဘောကျပါတယ်” လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၄ နှစ် ကတည်းက စီမံချက်ကို သဘောကျနေတဲ့ ကျောင်းသား ဆူရာဂ်ျက “အစားအစာထဲမှာ အစပ်လျှော့ထားတော့ အရသာရှိတာပေါ့ဗျာ။ ကျနော်တို့ အဲဒီလို အစားအစာကို အိမ်မှာ ဘယ်တုန်းကမှ မစားခဲ့ရပါဘူး။ အဲဒါကြောင့်ပဲ စားချင်စရာ ဖြစ်နေတာပါပဲ။ အဲဒီ အစားအစာက ကျနော်တို့ကို အင်အားတွေ ရှိလာစေသလို အာရုံစိုက်နိုင်အောင်လည်း လုပ်ပေးခဲ့တယ်” လို့ ပြောပါတယ်။

ဆရာတွေမှာ  မျက်နှာသာပေးတာမျိုးရှိပေမယ့် ကလေးတွေကို ပုံမှန်ကျွေးနိုင်ဖို့ ကြိုးစားပေးနေကြပါတယ်။ စီမံချက်က အာဟာရဓာတ်ချို့တဲ့မှုကို ပိုပြီး အိနြေ္ဒရရ ကိုင်တွယ်နိုင်ဖို့ကိုလည်း အကူအညီ ဖြစ်စေပါတယ်။နောက်ဆုံး ကုလသမဂ္ဂ လူသားဖွံဖြိုးတိုးတက်မှုအစီရင်ခံစာအရ  အိန္ဒိယနိုင်ငံက အသက် ၅ နှစ်အောက် ကလေးတွေရဲ့ ၄၇ ရာခိုင်နှုန်းဟာ အာဟာရဓာတ်ချို့တဲ့ နေတယ်လို့ ဖော်ပြထားခဲ့ပါတယ်။အရေးပါတဲ့ လူမှုဖူလုံရေး စီမံချက်တော်များများလိုပဲ အစိုးရကို ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ အန်ဂျီအိုတွေက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါတယ်။

အတ်ရှာရာပါထရာက ၈ ပြည်နယ်မှာ ဆောင်ရွက်နေတဲ့ နောက်ဆုံးအကောင်းဆုံး မီးဖိုဆောင် ၁၇ ခုကို တာဝန်ယူပေးနေတဲ့ အိန္ဒိယအစိုးရရဲ့ အကြီးဆုံး အန်ဂျီအိုပါ။ နာရာဆင်းဟာ ဒါဆာက ဥတာပရာဒက်ရှ့်က ကွန်ရက်တွေကို ကြီးကြပ်ပေးသူပါ။

ဒါဆာက “ကျေးလက်ဒေသမှာ ကျနော်တို့ ဒီအစီအစဉ်ကို စခဲ့တဲ့အချိန်တုန်းက ဆရာနဲ့ ဆရာ မတွေက ကလေးတွေကိုခေါ်ပြီး ဇာတ်မြင့်နဲ့ ဇာတ်နိမ့်ကျောင်းသားတွေကို ခွဲ ထုတ်ပေးရပါတယ်။ အဲဒါက ဟိုတုန်းကလုပ်ခဲ့တဲ့ဟာပါ။ အချိန်ကာလတခုအတွင်းမှာ ကျနော်တို့မြင်ခဲ့ရတာက ကလေးတွေ အားလုံးအတူတူ ထိုင်နေကြတာပါပဲ။ ဇာတ်နဲ့ ပတ်သက်တဲ့ အတားအဆီးတွေ အားလုံး ကျိုးပျက်သွားခဲ့ပါတယ်။ ဒါဟာ အခိုင်အမာ မတွေ့ရသေးပေမယ့် တချိန်တည်းမှာ ကလေးတွေကို နေ့လယ်စာအတူ ကျွေးတဲ့စီမံချက်ရဲ့ အရေးကြီးတဲ့ အကူအညီ အထောက်အပံ့တခုပါပဲ” လို့ ပြောပါတယ်။

ဒါ့အပြင် တခြားအကျိုးကျေးဇူးတွေကိုလည်း ဒါဆာက အခုလို ထောက်ပြခဲ့ပါတယ်။ “ကျနော်တို့က နေ့လယ်စာအစီအစဉ်အရ စာသင်ခန်းတွေကို လေ့လာကြည့်ရှုဖို့ အေဂျင်စီတခုရဲ့ လွတ်လပ်တဲ့ စစ်တမ်းကောက်ယူမှုကိုလည်း လုပ်ခဲ့ကြပါတယ်။ ထင်သာမြင်သာရှိတဲ့ တိုးတက်မှုတခုတော့ ရှိခဲ့ပါတယ်။ ကျောင်းတက်တာနဲ့ ကျောင်းအပ်စာရင်းသွင်းတာတွေကတော့ တိုးတက်လာပါတယ်ဗျာ။”

လွန်ခဲ့တဲ့ ၁၀ စုနှစ်ကာလမှာ နှစ်စဉ်သုံးစွဲငွေဟာ ဒေါ်လာ ၁ ဒဿမ ၂ ဘီလီယံရှိရာကနေ ဒီနေ့ အမေရိကန်ဒေါ်လာ ၅ ဘီလျံကျော်အထိ သုံးစွဲနေပြီ ဖြစ်ပါတယ်။

အိန္ဒိယအစိုးရရဲ့ဆောင်ရွက်နေတဲ့ ကြီးမားတဲ့ လူမှုစီမံချက် အများစုလိုပဲ အခမဲ့ အစားအသောက် ကျွေးမွေးမှု အစီအစဉ်တွေကို လုပ်ကိုင်ဆောင်ရွက်မှုတွေကတော့ ပြည်နယ်တခုနဲ့ တခု မတူကြပါဘူး။ပြဿနာတွေကတော့ ကျန်ရှိနေတုံးပါပဲ။ ဒါပေမယ့် နိုင်ငံမှာရှိတဲ့ တကယ့်စိန်ခေါ်မှု ကတော့ ဒီအစီအစဉ်ကို နောက်ဆုံးအထိ ဘယ်လို ချမှတ်ဆောင်ရွက်သွားမယ်ဆိုတာပဲ ဖြစ်ပါတယ်။

အေရှားကောလင်းအစီအစဉ်အတွက် မူရာလီ ကရစ်သျှနက သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013