DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ရေကြီးရေလျှံမှု ဖြစ်ပွား
DVB
·
July 26, 2013
Donate to DVB

အဆက်မပြတ်မိုးရွာသွန်းမှုတွေကြောင့် ဧရာဝတီတိုင်း မြို့နယ်တချို့မှာ ရေကြီး ရေလျှံမှုဖြစ်ပွားနေပါတယ်။

မြန်မာနိုင်ငံ မိုးလေ၀သနဲ့ ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနရဲ့ ဒီကနေ့ ထုတ်ပြန်ချက်အရ  င၀န်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့မှာ  စိုးရိမ်ရေအထက် ၃ စင်တီမီတာ ကျော်လွန်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီမြစ်ရေဟာ ဒီကနေ့ မွန်းတည့်မှ နောက် ၄၈ နာရီအတွင်း စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက်တည်ရှိနေနိုင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အပတ်က မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ဧရာဝတီတိုင်း သာပေါင်းနဲ့ ဒေးဒရဲမြို့နယ်တွေက ကျေးရွာတချို့မှာ ရေကြီးရေလျှံဖြစ်ပွားနေတာ ဖြစ်ပါတယ်။
ဧရာဝတီတိုင်း သာပေါင်းမြို့နယ်မှာဆိုရင် အခုလ ၁၅ ရက်နေ့ကတည်းက ရေစတက်နေပြီး ပေါင်းမြို့နယ်ထဲက အနိမ့်ပိုင်ကျေးရွာ ၅၀ လောက် ရေစကြီးနေပြီလို့ သာပေါင်းမြို့နယ် ခင်နန်ရွာက ကျေးရွာတာဝန်ရှိသူ ဦးဝင်းစမ်းက ဒီဗွီဘီကို ပြောပါတယ်။

“သာပေါင်းမြို့နယ်မှာ ကျေးရွာအုပ်စုပေါင်း ၇၀ ရှိတယ်။ ဒီဘက် အထက်ဘက်အခြမ်းပေါ့ င၀န်တာနဲ့ အနောက်ဘက်က ရခိုင်ရိုးမရဲ့ ဆင်းလာတဲ့ တောင်ခြေနဲ့ ညှပ်ပြီတော့ ရေကြီးတဲ့ သဘောပါ။ အဲဒီအနေအထားမှာ ကျနော်တို့ တချို့ စိုက်ကွင်း လယ်တွေ စိုက်ထားတဲ့ဟာတွေ မြုပ်တယ်၊ အဲဒါလည်း အနည်းအကျဉ်းပေါ့နော် ဧကအနေအထားနဲ့ ဆိုရင် ဧက ၈၀ ၀န်းကျင်ပေါ့ ရေ၀င်စပြုနေပြီးပေါ့။ တအားဆိုးဆိုးရွာရွာ ပျက်ဆီးလောက်တဲ့ အနေအထား အခုအချိန်မှာ မရှိဘူး။ ဒီထက် ပိုတက်လာမယ်ဆိုရင်တော့ ပျက်စီးမယ့်အနေအထားရှိပါတယ်။ ဟိုဘက် င၀န်တာရဲ့ အရှေ့ဘက်ခြမ်း ခရေနီတို့၊ ကျားရယ် အုပ်စုတွေဆိုလို့ရှိရင် ရေရဲ့အနေအထားဟာ ၁၅ ပေအထိ တက်သွားနိုင်မယ့် အနေအထားရှိတယ်။ ခန့်မှန်းခြေကတော့ ကျေးရွာပေါင်းဆိုလို့ရှိရင် ၅၀ ၀န်ကျင်းကတော့ ရှိတယ်။"

ရေကြီးတဲ့အတွက် အိမ်တွေအားလုံး ရေနစ်မြုပ်ကုန်တဲ့အဆင့်အထိ မရှိပေမယ့် အိမ်မွေး တိရိစ္ဆာန်တွေ ထားဖို့ နေရာအခက်အခဲရှိနေပြီး လက်လုပ်လက်စားသမားတွေအတွက်လည်း ရေကြီးလို့ အလုပ်အကိုင် မရှိတော့ အခက်အခဲဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ရေကြီးရတဲ့ အဓိက အကြောင်းရင်းနဲ့ပတ်သက်ပြီး ဦးဝင်းစမ်းက “မိုးများတာလည်းပါတယ်၊ တရုတ်ဘက်တို့ဘာတို့ကနေပြီးတော့ ရေခဲတွေပျော်ပြီး ဒီဧရာဝတီမြစ်ကနေပြီးတော့ ဆက်သွယ်ပြီးတော့ စီးဆင်းလာတယ်။ နောက်ပြီးတော့ ရခိုင်ရိုးမပေါ်မှာ မိုးရွာတဲ့အခါကျတော့ အဲဒီရေတွေဟာ ကျနော်တို့ဆီကို တိုက်ရိုက်ဆင်းတဲ့ တောင်ကျချောင်းတွေရှိတယ်။ ချောင်းတွေကနေစီးဆင်းလာတဲ့အခါကျတော့ ဒီရေတွေဟာ များပြားလာတယ်။ အောက်ကလည်း အခုကာလ မုန်သုတ်လေ ရှိနေတဲ့အခါ၊ နောက်လေဖိအားတွေ ရှိနေတဲ့ အခါကျတော့ ဒီရေက တက်ပြီး ကုန်းတွေ ရေလျှံလောက်အောင် ရေကြီးတာပေါ့” လို့ ပြောပါတယ်။

ဒေးဒရဲမြို့နယ်အတွင်းမှာလည်း လွန်ခဲ့တဲ့ရက်ပိုင်းက မိုးများလို့ ရေတက်ပြီး မြစိမ်းကန်၊ သောကြာနဲ့ ဖိုးရှမ်းကြီးကျေးရွာစုတွေမှာ လယ်ယာမြေဧက လေးငါးထောင်လောက် ရေနစ်မြုပ်နေတာ လေးရက်လောက်ရှိနေပြီလို့ မြို့ခံ ဆန်ကုန်သည်တဦးက ပြောပါတယ်။

“မိုးနည်းနည်းများတယ်၊ အောက်ရေကလည်းတက်လို့ပါ။ လေးငါးတောင်လောက်တော့ ရှိနိုင်တယ်။ ဒီ တစ်ရက် နှစ်ရက်ဆို ပြန်ကျသွားမှာလေ။ ကျနော်တို့ မြစိမ်းကန်၊ သောကြာ၊ ဖိုးရှမ်းကြီးဘက်တို့ ရွာတွေပါ။ အခုရေတော့ နည်းနည်းပြန်ဆင်းသွားပါပြီ။ မိုးလည်းနည်းနည်းပါးသွားတယ်၊ မိုးက ရွာတော့ ရွာတယ်၊ ပထမရက်တွေလောက် မိုးမများဘူး။”

အလားတူ တနင်္သာရီတိုင်း ထားဝယ်မြို့မှာလည်း မိုးသည်းထန်လို့ မြို့ပေါ်ရပ်ကွက် ၇ ခု ရေကြီးရေလျှံမှုနဲ့ ကြုံခဲ့ရပြီး အခုတော့ ရေကျသွားပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013