
ချက်နိုင်ငံထုတ် အရပ်ဘက်လေယာဉ်တွေကို မြန်မာစစ်အာဏာရှင်တပ်က အကြမ်းဖက်လေကြောင်း စစ်ဆင်ရေးတွေမှာ အသုံးပြုနေတာကြောင့် အရေးယူဖို့နဲ့ ဆက်လက်မရောင်းဖို့ ချက်အစိုးရကို သွေးစွန့်ငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ (Blood Money Campaign) က တိုက်တွန်းလိုက်ပါတယ်။
မေ ၁၃ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ ချက်ပြည်သူ့သမ္မတနိုင်ငံဟာ မြန်မာ့နွေဦးတော်လှန်ရေး (တကျော့ပြန် တော်လှန်ရေး) နဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေအပေါ် အခိုင်အမာ ထောက်ခံအားပေးမှုကို အသိအမှတ်ပြု ကျေးဇူးတင်ရှိကြောင်းနဲ့ ချက်နိုင်ငံအစိုးရကို မြန်မာစစ်အုပ်စုအား အရေးယူပေးဖို့နဲ့ ချက်နိုင်ငံထုတ် လေကြောင်းလုပ်ငန်း Omnipol Group (အိုမနီပိုလ် အုပ်စု)အပေါ် သူတို့ရဲ့ လွှမ်းမိုးနိုင်မှုကို အသုံးပြုပြီးတော့ မြန်မာနိုင်ငံဆီ ဆက်လက်ပေးပို့နေတဲ့၊ ပို့ဆောင်ဖို့ စီစဉ်ထားတဲ့ လေယာဉ်တွေအားလုံးကို ရပ်တန့်ပေးဖို့ ပြင်းပြင်းထန်ထန် တောင်းဆိုကြောင်း ဖော်ပြထားတာပါ။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အတုအယောင် ရွေးကောက်ပွဲပြီးနောက် ကိုယ့်ကိုယ်ကိုယ် သမ္မတအဖြစ် ခန့်အပ်ထားကာ ပြည်တွင်းနဲ့ နိုင်ငံတကာကို လှည့်ကွက်များစွာနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေပြီဖြစ်ကြောင်း ကြေညာနေချိန်မှာတောင် အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ နေ့စဉ် အကြမ်းဖက်လေကြောင်း စစ်ဆင်ရေးတွေကို ဆက်လက်ပြုလုပ်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာစစ်တပ်ဟာ စစ်ဘက်တိုက်လေယာဉ်တွေကိုသာမက ချက်နိုင်ငံထုတ် လေကြောင်းလုပ်ငန်း Omnipol Group (အိုမနီပိုလ် အုပ်စု) က Let L410-UVP E20 Turbolet (Let L410) လေယာဉ်တွေကိုပါ အသုံးပြုနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ရဲ့ ၂၀၂၅ ခုနှစ် ဇွန် ၁၆ ရက်ကနေ စက်တင်ဘာ ၁၆ ရက်အထိ လေကြောင်းခြေရာခံ သုတေသန အချက်အလက်တွေအရ Let L 410 လေယာဉ်တွေကို ပုသိမ်လေတပ်စခန်းဌာနချုပ်နဲ့ တံတားဦးလေတပ်စခန်းတွေမှာ အသုံးပြုခဲ့တာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
၂၀၂၅ ဇွန်နဲ့ ဇူလိုင်လတို့မှာ စုစုပေါင်း ပျံသန်းရက် ၈ ရက်အတွင်း လေယာဉ်အတက်၊ အဆင်း ၁၆ ကြိမ် ရှိခဲ့ပြီး လေ့ကျင့်ရေးအတွက် ၃ ကြိမ်၊ သယ်ယူပို့ဆောင်ရေး မစ်ရှင်အတွက် ၂ ကြိမ်နဲ့ အသုံးပြုမှုကို အတည်အပြုနိုင်တဲ့ သုံးစွဲမှု ၃ ကြိမ် ရှိခဲ့ကာ စုစုပေါင်း ခန့်မှန်းပျံသန်းချိန် အနည်းဆုံး ၁၃ နာရီ အသုံးပြုခဲ့ ကြောင်း တွေ့ရှိထားရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဉာဏ်လင်းသစ် သုတေသနအဖွဲ့ အချက်အလက်အရ မြန်မာစစ်အုပ်စုဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ အခုနှစ် မတ် ၁၉ ရက်နေ့အထိ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အနည်းဆုံး ၆,၉၈၀ ကြိမ် ပြုလုပ်ခဲ့ပြီး အဲဒီထဲမှာ ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ ၆ လအောက် ကလေးငယ်တွေအပါအဝင် အရပ်သား ပြည်သူ ၄,၂၉၉ ဦး သေဆုံးခဲ့ပြီး ၇,၅၅၂ ဦးကတော့ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။
Myanmar Witness အဖွဲ့ကတော့ ချက်နိုင်ငံထုတ် Let L410 လေယာဉ် ၅ စီးကို Kunovice လေဆိပ်ကနေ မြန်မာနိုင်ငံဆီ လွှဲပြောင်းပေးပို့ခဲ့မှုကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလကနေ အခုနှစ် ဖေဖော်ဝါရီလအထိ မှတ်တမ်းတင်ထားတဲ့ စုံစမ်းစစ်ဆေးမှု နှစ်ခုကို ထုတ်ဝေထားခဲ့ရာမှာ အဆိုပါလေယာဉ်တွေကို အရပ်ဘက် အသုံးပြုဖို့ဖြစ်တယ်လို့ ဆိုပေမဲ့ စုံစမ်းစစ်ဆေးမှုတွေအရ လေယာဉ်တွေဟာ စစ်ဘက်အဆောက်အအုံတွေထဲ ရှိနေပြီး မြန်မာလေတပ်ဆီ ဝင်ရောက်အသုံးပြုခံနေရတာကို ဖော်ပြနေတယ်လို့ ဆိုပါတယ်။
ချက်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၈ ရက် ထုတ်ပြန်ချက်အရ Let L410 လေယာဉ်တွေကို အရပ်ဘက်အသုံးပြုဖို့အတွက်သာ Myanmar Airways International (MAI) ဆီ ပေးပို့ခဲ့ကြောင်း တုံ့ပြန်ထားပေမဲ့ လေကြောင်းခြေရာခံဒေတာနဲ့ ပုံရိပ်အထောက်အထားတွေအရ အဆိုပါလေယာဉ်တွေကို မြန်မာ့လေတပ် (MAF) က အသုံးပြုနေတဲ့ အချက်အလက်တွေနဲ့ တုံ့ပြန်ချက်က ကွဲလွဲနေကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ချက်နိုင်ငံထုတ်လေယာဉ်တွေကို စစ်အုပ်စုလေတပ်မှာ အသုံးပြုနေတာကြောင့် ချက်အစိုးရနဲ့ Omnipol ကုမ္ပဏီအုပ်စုက အီးယူရဲ့ စည်းမျဉ်းချမှတ်ထားတဲ့ စစ်လက်နက်ရောင်းချမှုပိတ်ပင်ရေး ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်ရာ ရောက်နိုင်တယ်လို့လည်း ပြောပါတယ်။
ဒါကြောင့် ချက်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ အရပ်ဘက်သုံး ရည်ရွယ်ချက်နဲ့ ပေးပို့ခဲ့တဲ့ Let L410 Turbolet လေယာဉ်တွေကို မြန်မာစစ်အုပ်စုက အသုံးပြုနေတာ၊ အရပ်သားပြည်သူတွေ သေဆုံးစေနိုင်တဲ့ အကြမ်းဖက် လေကြောင်းတိုက်ခိုက်မှု စစ်ဆင်ရေးတွေမှာ ပါဝင်နေမှုအပေါ် ထိရောက်တဲ့ အရေးယူမှုတွေကို ချက်ချင်း ချမှတ်ဖို့ လိုအပ်နေတယ်လို့လည်း ဖော်ပြပါတယ်။










