DVB Logo
Home
မြန်မာသတင်း
ထိုင်းနယ်စပ်က၀င်သည့် နိုင်ငံခြားသားများ နှစ်သက်ရာလမ်းကြောင်းမှ ပြန်ထွက်နိုင်
DVB
·
July 26, 2013
ထိုင်းနယ်စပ်က၀င်သည့် နိုင်ငံခြားသားများ နှစ်သက်ရာလမ်းကြောင်းမှ ပြန်ထွက်နိုင်
Donate to DVB

ထိုင်း-မြန်မာနယ်စပ်ကနေ ဗီဇာနဲ့ ၀င်ရောက်လာမယ့် နိုင်ငံခြားဧည့်သည်တွေဟာ ပြည်တွင်းမှာ ကန့်သတ်ထားတဲ့ နေရာကလွဲလို့ နေရာအနှံ့ သွားရောက်လည်ပတ်နိုင်မှာဖြစ်ပြီး  အပြန်ကိုလည်း နှစ်သက်ရာ လမ်းကနေ ထွက်ခွာနိုင်တော့မှာ ဖြစ်ပါတယ်။

လာမယ့် ဩဂုတ်လ ပထမပတ်ကစပြီး ထိုင်း-မြန်မာနယ်စပ် တာချီလိတ် - မယ်ဆိုင်၊ မြ၀တီ - မဲဆောက်၊ ကော့သောင်း - ရနောင်း ဂိတ် ၃ ခုကနေ ၀င်ရောက်လာမယ့် ခရီးသွားဧည့်သည်တွေဟာ ကန့်သတ်ထားတဲ့နေရာကလွဲလို့ နေရာအနှံ့သွားရောက် လည်ပတ်နိုင်မှာဖြစ်ပြီး ပြန်တဲ့အခါမှာလည်း  ရန်ကုန်၊ မန္တလေး လေဆိပ်အပါအ၀င် ဘယ်ထွက်ပေါက်ကမဆို ထွက်ခွာနိုင်တော့မှာ ဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး  တနင်္သာရီတိုင်း ကော့သောင်းမြို့ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး  ဦးဆန်းလွင်က  ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့က  ဌာနဆိုင်ရာဝန်ထမ်း ၊ ခရီးသွားလုပ်ငန်း နဲ့ ကုန်သည်တွေကို  ဟံသာဝတီခန်းမမှာမှာ ခေါ်ယူရှင်းပြခဲ့တယ်လို့ တက်ရောက်ခဲ့သူ တနင်္သာရီဂျာနယ် သတင်းထောက် မမိုးအိက ပြောပါတယ်။

“ညွန်ချုပ် ဦးစန်းလွင်ကနေပြီးတော့ ကော့သောင်းမြို့မှာ ခရီးသွားလုပ်ငန်းတွေကို ဖွင့်ပေးလိုက်တဲ့အတွက် နိုင်ငံခြားခရီးသွားတွေ လာတဲ့အခါကျရင် လွယ်ကူအောင် ရနောင်း၊ တာချီလိတ်၊ မယ်ဆိုင်တို့၊ မြ၀တီတို့၊ မဲဆောက်တို့ကနေပြီးတော့ ကြိုက်တဲ့ ဂိတ်ပေါက်က ၀င်ပြီးတော့ ကြိုက်တဲ့ ဂိတ်ပေါက်ကနေ ပြန်ထွက်နိုင်တယ်။”

နယ်စပ်ဂိတ် ပိုပြီးလွတ်လပ်ခွင့်ပေးလိုက်တဲ့အတွက် နိုင်ငံခြားခရီးသွား ဧည့်သည်တွေ ပိုများလာမှာဖြစ်ပြီး  ဟိုတယ်နဲ့ တည်းခိုခန်း၊  အမှတ်တရပစ္စည်းအရောင်းဆိုင်နဲ့ စားသောက်ဆိုင်တွေ တိုးချဲ့ဖို့၊  ဧည့်လမ်းညွှန်သင်တန်းတွေ တိုးချဲ့ဖွင့်လှစ်ဖို့ကိစ္စလည်း ပါဝင်ကြောင်း ညွှန်မှူးက ပြောတယ်လို့ ဆိုပါတယ်။

ဒီလိုခွင့်ပြုလိုက်ခြင်းအားဖြင့်  ကော့သောင်းမှာ အတွင်းပိုင်း ၇ မိုင်ပတ်လည်ထိ လည်ခွင့်ရတဲ့ နိုင်ငံခြားသားတွေဟာ ခုဆို  မိုင် ၂၀ လောက်ဝေးတဲ့ ရေပူစမ်းလို အပန်းဖြေနေရာတွေပါ ၀င်လည်နိုင်မယ်လို့ ဆိုပါတယ်။

မြန်မာဘက်ခြမ်းက ခုလို ခွင့်ပြုချက်ပေးသလိုမျိုး ထိုင်းနိုင်ငံဘက်ခြမ်းကလည်း အလားတူ လည်ပတ်ခွင့် ဧရိယာနဲ့ နေထိုင်ခွင့်သက်တမ်းတွေ တိုးမပေးနိုင်ဘူးလားလို့ ရှင်းလင်းပွဲတက်ရောက်သူတဦးက မေးမြန်းခဲ့ရာမှာ သက်ဆိုင်ရာနဲ့ ဆက်လက်ဆွေးနွေး တင်ပြပေးသွားမယ်လို့ ညွှန်မှူးက ဖြေကြားသွားကြောင်း မမိုးအိက ပြောပါတယ်။

ခုလို လည်ပတ်ခွင့် ဧရိယာနဲ့ ၀င်ထွက်သွားလာမှုတွေ တိုးမြှင့်ပေးလိုက်ပေမယ့်လည်း ဗီဇာကြေး နဲ့ အခွန်အခ   ကောက်ခံနှုန်းထားတွေကတော့ အရင်သတ်မှတ်ချက်တွေအတိုင်းပဲလို့ သိရပါတယ်။

ထိုင်းနိုင်ငံသား နဲ့ နိုင်ငံခြားသားတွေဟာ အရင်က နယ်စပ်ကနေ ၀င်ရောက်မယ်ဆိုရင် ဗီဇာကြေး ၁၀ ဒေါ်လာ   ပေးဆောင်ရပြီး  ၆ ည  နဲ့ ၇ ရက် နေခွင့်ရှိတယ်လို့ တာချီလိတ် လ၀က ၀န်ထမ်းတဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013