DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ကြောင့် တိုင်းရင်းသားပါတီများ မဲဆွယ်ရန်နှင့်ငွေကြေး အခက်ကြုံဟု စစ်တမ်းတွင် ဖော်ပြ
DVB
·
October 28, 2020
ကိုဗစ်ကြောင့် တိုင်းရင်းသားပါတီများ မဲဆွယ်ရန်နှင့်ငွေကြေး အခက်ကြုံဟု စစ်တမ်းတွင် ဖော်ပြ
Donate to DVB

ကိုဗစ်-၁၉ ရောဂါနဲ့ ရောဂါကာကွယ်ရေး အကန့်အသတ်တွေကြောင့် လူနည်းစု တိုင်းရင်းသားပါတီတွေ မဲဆွယ်ဖို့ ခက်ခဲသလို ငွေကြေးလည်း ခက်ခဲသွားတယ်လို့ သုသေတန စာတမ်းတခုက ဖော်ပြပါတယ်။

တကောင်းနိုင်ငံရေး လေ့လာမှုအဖွဲ့က ထုတ်ဝေတဲ့ ရွေးကောက်ပွဲအကြိုကာလ လူနည်းစု တိုင်းရင်းသားပါတီတွေအပေါ် ကိုရိုနာဗိုင်းရပ်စ်ရောဂါရဲ့ ရိုက်ခတ်မှု စာတမ်းမှာ ဖော်ပြထားတာပါ။

ပထမအခက်အခဲကတော့ မဲဆွယ်စည်းရုံးဖို့ဖြစ်ပြီး လူ ၅၀ ထက်ပိုမစုဝေးဖို့ စတဲ့ အကန့်အသတ်တွေ ရှိနေတာဖြစ်ပါတယ်။

ပါတီတချို့က အွန်လိုင်းကနေ မဲဆွယ်ကြပေမယ့် တိုင်းရင်းသားဒေသတွေမှာတော့ ဖုန်းပြောဖို့တောင် မလွယ်တာတွေ ရှိတယ်လို့ ပါတီတာဝန်ရှိသူတွေက ဖြေဆိုထားကြပါတယ်။

ချင်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ်က “ကျနော်တို့ချင်းပြည်နယ်မှာ တောင်တန်းတွေထူထပ်တဲ့အတွက်ကြောင့် အင်တာနက် အွန်လိုင်းမပြောနဲ့ ဖုန်းတောင်မှ ပြောလို့မရဘူး။ ဒါကြောင့် ကျနော် ခရီးတခေါက်သွားလို့ ၄ ရက်လောက်ကြာသွားရင် လောကကြီးနဲ့ အဆင်အသွယ်ပြတ်သလို ဖြစ်သွားတယ်။ ဆိုတော့ Zoom Meeting နဲ့ မီဒီယာကနေ ဆက်သွယ်ဖို့ဆိုတာ တိုင်းရင်းသားပြည်နယ်တွေမှာ တကယ်လက်တွေ့မကျဘူး။ ဥပမာ မတူပီမြို့နယ်မှာ ရွာပေါင်း သေးသေးလေးတွေကအစ အားလုံးပေါင်းလိုက်ရင် ၁၇၀ လောက်ရှိတယ်။ အဲဒီ ၁၇၀ မှာ ရွာ ၂၀ လောက်မှာတောင်မှ တယ်လီဖုန်းလိုင်းမရဘူး” လို့ ပြောပါတယ်။

တိုင်းလိုင် (ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌကတော့ ပါတီညီလာခံမလုပ်နိုင်ခဲ့တာက သူတို့အတွက် အကြီးဆုံး အခက်အခဲဖြစ်သွားတယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ် ပြည်သူ့ပါတီက ဒေါ်ဒွဲဘူက “ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားရာမှာ ဘာသာရေးအဆောက်အအုံတွေ၊ အများနဲ့ဆိုင်တဲ့အဆောက်အအုံတွေမှာ နိုင်ငံရေးဟောပြောလို့မရဘူး။ အဲဒီတော့ ဘယ်နေရာတွေမှာပဲ ပြောလို့ရလဲ ဆိုရင် နေအိမ်တွေမှာပဲ ပြောလို့ရတယ်။ နေအိမ်တွေမှာလည်း လူစုလူဝေးလက်မခံနိုင်ဘူး။ အခု လူ ၃၀ ကနေ ၅၀ ကို ဖြေလျှော့ပေးတယ်။ ဒါပေမယ့် လူ ၅၀ ကို လက်ခံဖို့ ဆိုတာလည်း မဖြစ်နိုင်ဘူး။ ၂ ယောက် ၃ ယောက်တောင်မှ တချို့အိမ်တွေက လက်မခံနိုင်ဘူး။ တယောက်နဲ့ တယောက်တောင် ခပ်ဝေးဝေးနေရမယ့် အနေအထားမျိုးမှာ သူများအိမ်မှာသွားပြီး လူထုနဲ့ တွေ့ဆုံဖို့ ဟောပြောဖို့ဆိုတာ အခုအချိန် လက်တွေ့မှာ မလွယ်ကူတဲ့ကိစ္စပါ” လို့ ပြောဆိုထားပါတယ်။

နယ်မြေဒေသ မြို့ရွာအလိုက်ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းတွေ မတူညီကြတာကြောင့်လည်း တနေရာနဲ့ တနေရာသွားလာဖို့ ဟောပြောစည်းရုံးဖို့ ခက်ခဲသွားတယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

တချို့ပါတီတွေမှာလည်း ကိုယ်စားလှယ်လောင်းတွေဟာ ရန်ကုန်ရောက်နေပြီး ထွက်ခွင့်မရတာဖြစ်သွားတာကြောင့် သက်ဆိုင်ရာ မဲဆန္ဒနယ်တွေကို သွားလို့မရဘူးဖြစ်နေတယ်လို့ ဆိုပါတယ်။

သွားလာလို့ရတဲ့ ကိုယ်စားလှယ်တွေမှာတော့ ရောက်တဲ့ ဒေသမှာ ၁၄ ရက်ကြာ ကွာရန်တင်း ဝင်ရတာကြောင့် နှောင့်နှေးတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ကိုဗစ်ကြောင့် စီးပွားရေးလည်းထိခိုက်ပြီး ပါတီတွေရဲ့ ဘဏ္ဍာရေးလည်း ထိခိုက်သွားတယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောထားပါတယ်။ ဒါကြောင့် မဲဆွယ်စည်းရုံးတွေမှာ အခက်အခဲရှိတယ်လို့ ဆိုပါတယ်။ 

ဒါဟာ ပြည်နယ်တွေမှာ အခြေစိုက်တဲ့ တိုင်းရင်းသားပါတီ ၄၇ ခုကို မေးမြန်းထားတာဖြစ်ပြီး ၃၉ ပါတီက ဘဏ္ဍာရေးကို အများကြီး ထိခိုက်ခဲ့တယ်လို့ ဖြေဆိုထားပါတယ်။

ဒါ့အပြင် ပါတီကြီးတွေနဲ့ အာဏာရပါတီတို့ဟာ အစစ အရာရာမှာ အသာစီးရနေကြတာ ကြောင့်လည်း တိုင်းရင်းသားပါတီတွေကြုံနေရတဲ့ အခြေအနေ အခက်အခဲမျိုးကို မကြုံကြရဘူးလို့လည်း ဖြေဆိုထားကြပါတယ်။

ရွေးကောက်ပွဲကော်မရှင်ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတခုမှာတော့ လက်ရှိမြန်မာနိုင်ငံ အခြေအနေ ထက် အဆ ၃၊ ၄၊ ၅၀ ဆိုးရွားတဲ့ နိုင်ငံတွေမှာ ရွေးကောက်ပွဲလုပ်ခဲ့တယ်လို့ ပြောခဲ့ပေမယ့် ဘယ်နိုင်ငံတွေဆိုတာ တိတိကျကျ ထည့်မပြောခဲ့သလို မကြာခင်က ကျင်းပပြီးစီးခဲ့တဲ့ သီရိလင်္ကာနိုင်ငံမှာလည်း ရွေးကောက်ပွဲကြောင့် ကူးစက်သူမရှိခဲ့ဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် သီရိလင်္ကာဟာ ရွေးကောက်ပွဲကို ၂ ကြိမ်ရွှေ့ဆိုင်းခဲ့ပြီး ကျင်းပချိန်မှာလည်း တရက်ကို ကူးစက်နှုန်း ၅ ယောက် လောက်ပဲ ရှိတယ်လို့ တကောင်းနိုင်ငံရေး လေ့လာမှုအဖွဲ့က ဆိုပါတယ်။

နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာရေးအဖွဲ့တခုဖြစ်တဲ့ International IDEA အဖွဲ့ရဲ့ လေ့လာချက် အရ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၁ ရက်ကနေ အောက်တိုဘာ ၁၁ ရက်နေ့အထိ ကမ္ဘာပေါ်မှာ နိုင်ငံအဆင့်နဲ့ ဒေသအဆင့် ရွေးကောက်ပွဲပေါင်း ၁၂၉ ခု ကျင်းပဖို့ စီစဉ်ထားတာမှာ ၇၃ ခုက ရွှေ့ဆိုင်းခဲ့ရတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013