
ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြစ်ပေါ်ရှိ အထက်ရဲရွာ ရေကာတာစီမံကိန်းကို တာဝန်ယူ တည်ဆောက်မယ့် ကုမ္ပဏီတွေထဲက ဆွီဇာလန်နိုင်ငံက Stucky SA ကုမ္ပဏီဟာ စီမံကိန်း ကနေ နုတ်ထွက်သွားတဲ့အပေါ် ဒေသခံလူထုက ဝမ်းမြောက် ကြိုဆိုတယ်လို့ ရှမ်းပြည်နယ် မြစ်ချောင်းများအရေးလှုပ်ရှားမှု ကွန်ယက်က ကြေညာပါတယ်။
Stucky SA ကုမ္ပဏီအနေနဲ့ အထက်ရဲရွာရေကာတာတည်ဆောက်မှုမှာ ဆက်နွှယ်တော့မှာ မဟုတ်တဲ့အကြောင်း ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်က Business and Human Rights Resource Centre (BHRRC)အဖွဲ့ထံ စာနဲ့အကြောင်းကြားခဲ့တယ်လို့ ရှမ်းပြည်နယ် မြစ်ချောင်းများ အရေးလှုပ်ရှားမှုကွန်ယက်အဖွဲ့ Action for Shan State Rivers က ပြောပါတယ်။
အခုလို ကုမ္ပဏီတစ်ခုနုတ်ထွက်သွားကြောင်းကြားသိရတဲ့အတွက် နမ္မတူမြစ်ဝှမ်းနေ ပြည်သူ လူထုတွေကိုယ်စား ဝမ်းသာကြောင်း၊ ဒါဟာ ကုမ္ပဏီအနေနဲ့ ရွာသားတွေရဲ့ ဘဝကိုစာနာ နားလည်လို့ နုတ်ထွက်ပေးတာလို့ယုံကြည်ကြောင်း၊ ဒါပေမဲ့ ကုမ္ပဏီအားလုံး မနုတ်ထွက်သည့်အပေါ် လုံးဝစိတ်မအေးနိုင်သေးပါဘူးလို့ အထက်ရဲရွာရေကာတာစီမံကိန်းကို တစိုက်မတ်မတ် ကန့်ကွက်လာတဲ့ Action for Shan State Rivers မှ ပြောခွင့်ရ စိုင်းဟော်ရှဲန်က ဒီဗွီဘီကို ပြောပါတယ်။
“ကုမ္ပဏီတွေပေါင်းပြီး အထက်ရဲရွာရေကာတာတည်ဆောက်မယ်ဆိုတော့ မြန်မာ့တပ်မတော် ကလည်း ရေကာတာလုံခြုံရေးယူဖို့ဆိုပြီး ဒေသထဲကိုရောက်လာတယ်။ အဲဒီမှာ ဒေသထဲ လှုပ်ရှား သွားလာနေတဲ့ ရှမ်းပြည်တပ်မတော် RCSS/SSA နဲ့ထိတွေ့မှုဖြစ်ပြီး ကြားထဲကရွာသားတွေပါ ညှဉ်းပန်းနှိပ်စက် ပစ်ခတ်ခံရတဲ့အကြောင်း ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့က ကျနော်တို့ ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ BHRRC အဖွဲ့ကလည်း အထက်ရဲရွာနဲ့ ပတ်သက်တဲ့ နိုင်ငံခြား ကုမ္ပဏီတွေ နုတ်ထွက်ပေးဖို့ တိုက်တွန်းခဲ့တယ် Stucky ကုမ္ပဏီအနေနဲ့ ရွာသားတွေရဲ့ ဒုက္ခနဲ့ အခက်အခဲတွေကို စာနာနားလည်လို့ နုတ်ထွက်ပေးတယ်လို့ မြင်ပါတယ်”။
ကျောက်မဲမြို့တောင်ဘက် မိုင် ၂၀ ခန့်အကွာရှိ အထက်ရဲရွာရေကာတာ ရေအားလျှပ်စစ်စီမံကိန်းကြီးပြီးစီးသွားပါက နမ္မတူမြစ်ကမ်းပါးတလျှောက်ရှိ ကျေးရွာပေါင်းများစွာ ရေကြီးမှုတွေနဲ့ ကြုံတွေ့နိုင်ပြီး သီပေါမြို့နယ် တာလုံကျေးရွာဆိုရင် ရေထဲ လုံးဝ နစ်မြှုပ်သွား နိုင်တယ်လို့ ရှမ်း သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။
ဒါ့အပြင် ရွာသားတွေ ရွှေ့ပြောင်းနေထိုင်ရခြင်းနဲ့ သက်မွေးဝမ်းကျောင်းမှု လုပ်ငန်းတွေ ဆုံးရှုံးနိုင်သလို ရေကာတာလုံခြုံရေးအတွက်ရောက်လာတဲ့ မြန်မာ့တပ်မတော်နဲ့ နယ်မြေထဲရှိ ရှမ်းပြည်တပ်မတော်တို့ကြား တိုက်ပွဲဖြစ်တာကြောင့် ဒေသခံရွာသား ၄၅၀၀ ကျော် ထွက်ပြေး တိမ်းရှောင်ခဲ့ရတယ်လို့ Action for Shan State Rivers က ထုတ်ပြန်ထားပါတယ်။











