DVB Logo
Home
မြန်မာသတင်း
အင်အားမပြပါက ပါတီကိုဆန္ဒပြမည်ဟု ဝန်းရံသူများ ခြိမ်းခြောက်ခဲ့ဟု စစ်ကိုင်းတိုင်း USDP အတွင်းရေးမှူးပြော
DVB
·
October 27, 2020
အင်အားမပြပါက ပါတီကိုဆန္ဒပြမည်ဟု ဝန်းရံသူများ ခြိမ်းခြောက်ခဲ့ဟု စစ်ကိုင်းတိုင်း USDP အတွင်းရေးမှူးပြော
Donate to DVB

အင်အားပြပွဲမလုပ်ပါက ဝန်းရံသူတွေက ပါတီကို ဆန္ဒပြမယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကြံ့ခိုင်ရေးပါတီ  တိုင်းအတွင်းရေးမှူး ဦးအောင်ဇော်ဦးက  ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ရဲ့ သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာလ ၂၇ ရက် နေ့လည်ပိုင်းက တိုင်းပါတီရုံး အစည်းဝေးခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲမှာ ပါတီစည်းရုံးရေး လက်ရှိအခြေအနေ၊ ကာဘိုးကျေးရွာ အကြမ်းဖက်မှု ဖြစ်စဉ်နဲ့ ပါတီစည်းရုံးရေးမှာ ထိပ်တိုက်တွေ့ဆုံ ဟန့်တားနှောင့်ယှက်ခံရတဲ့ ဖြစ်စဉ် စတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ ပါတီတာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာပါ။ 

လက်ရှိအခြေအနေမှာ ကြံ့ခိုင်ရေးပါတီအနေနဲ့ မဲဆွယ်စည်းရုံးရေးကိစ္စတွေ ပြုလုပ်နေပြီး အင်အားပြလှည့်လည်တာတွေလည်း ရှိနေပါတယ်။

အခုလို လုပ်ခွင့်ပြုရတာနဲ့ ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီ တိုင်းအတွင်းရေးမှူး ဦးအောင်ဇော်ဦးက “ကျနော်တို့ကို အင်အားပြချင်တဲ့အကြောင်း ခဏခဏ ပူဆာတယ်။ မြို့နယ်ဥက္ကဋ္ဌ တွေကလည်း ခဏခဏ ဖုန်းဆက်တယ်။ ကျနော်တို့ အင်အားမပြလို့တော့ မဖြစ်တော့ဘူး။ ရပ်ကျေး တွေမှာ အားပေးထောက်ခံသူတွေ နယ်ဆင်းတဲ့အခါမှာ မင်းတို့က အင်အားမပြဘူးလား။ မင်းတို့မှာ အင်အားမရှိဘူးလား။ စသဖြင့် မင်းတို့မထွက်ရင် ငါတို့ထွက်မယ်။ တဘက်ကလည်း ဒီလိုတွေ ဖြစ်နေကြပြီ။ လုပ်မှဖြစ်တယ်။ ဒီလိုပြောတာတွေ။ ကျနော်တို့လည်း စွပ်စွဲခံရတာတွေရှိတယ်။ တိုင်းဥက္ကဋ္ဌ နှင့် တိုင်းအတွင်းရေးမှူးကတော့ ဘုန်းကြီးဝတ်ရင်လည်း ဝတ်၊ မဝတ်ရင်လည်း တရားထိုင်ဒီလိုမျိုး ပြောခံရတဲ့အနေအထားမျိုးထိ ဖြစ်လာတယ်။ နောက်ဆုံး ဘယ်လောက်ထိ ဆိုးလာလည်းဆိုရင် ကျွန်းလှမြို့နယ်မှာဆိုရင် ကျနော်တို့ ဝန်းရံသူတွေ အင်အားမပြရဘူးဆိုရင် မင်းတို့ရုံးကို လာပြီးတော့ ဆန္ဒပြမယ်။ အဲလောက်ထိ ထိန်းသိမ်းလို့မရတဲ့ အနေအထားမျိုးတွေ ဖြစ်လာတယ်။ နောက်ပိုင်း အောက်တိုဘာ ဒုတိယပတ်မှာတော့ အင်အားပြတာတွေ စတယ်ပေါ့။ အင်အားမပြရဘူးဆိုရင် ခင်ဗျားတို့လည်း မဲမပေးတော့ဘူး။ ဘယ်သူ့မှလည်း မဲမပေးတော့ဘူးလို့ ဝန်းရံအင်အားတွေက ကျနော်တို့အပေါ် ခြိမ်းခြောက်လာတဲ့ အနေအထားတွေ ဖြစ်လာတယ်။ အဲဒီအတွက် အောက်တိုဘာ ၉ ရက်၊ ၁၀ ရက်ဝန်းကျင်ကနေ အခုချိန်ထိ ကျနော်တို့ ပြည်ခိုင်ဖြိုးပါတီက ဝန်းရံအင်အားတွေ အင်အားပြ လှည့်လည်တာတွေ စတင်နေတာဖြစ်ပါတယ်”လို့ ပြောပါတယ်။

ပါတီအနေနဲ့ ပါတီဥက္ကဋ္ဌရဲ့ လမ်းညွှန်ချက်တွေအတိုင်း စက်တင်ဘာ ၈ ရက်မှ စတင်ကာ ရပ်ကျေးဆိုင်းဘုတ်တင်တာ၊ တအိမ်တက်ဆင်း ကိုယ်စားလှယ်လောင်း မိတ်ဆက်တာတွေကိုသာ ရွေးကောက်ပွဲဥပဒေနဲ့အညီ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

စက်တင်ဘာလအတွင်း မင်းကင်းမှာ အင်အားပြခဲ့တာကလွဲရင် တခြားကြီးမားတဲ့ အင်အားပြမှု မရှိခဲ့ဘူးလို့လည်း ပြောပါတယ်။

ပါတီအင်အားပြ လှည့်လည်စည်းရုံးရေးဆင်းတဲ့အခါမှာလည်း မြို့နယ်တိုင်းမှာ ဟန့်တား နှောင့်ယှက်တာတွေ၊ ထိပ်တိုက်တွေ့ရတာတွေ၊ မဖွယ်မရာအပြုအမူတွေ ကြုံတွေ့ရတာတွေ ရှိပြီး မှတ်တမ်းတင်ထားတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ 

ဒီလိုဖြစ်စဉ်တွေကြောင့် ပုလဲမြို့နယ်မှာ ၁ မှု၊ ချောင်းဦးမြို့နယ်မှာ ၂ မှု၊ ဝက်လက်မြို့နယ်မှာ  ၁ မှု၊ ကန့်ဘလူမြို့နယ်မှာ ၃ မှု အမှုဖွင့်ထားတာတွေ ရှိသလို ရွေးကောက်ပွဲကော်မရှင်ကို တိုင်တန်းတာတွေလည်း ရှိတယ်လို့ဆိုပါတယ်။

အမှုအရေအတွက် အတိအကျကို ဒီဗွီဘီက မေးမြန်းရာမှာတော့ တစ်တိုင်းလုံးအနေနဲ့ ပြောဖို့ ခက်တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ကားဘိုးကျေးရွာ ဖြစ်စဉ်မှာလည်း ကားမှန်ခွဲတာကို ဥပဒေအရ ဖြေရှင်းဖို့ ခေါ်ယူရာကနေ မလာဘဲ အိမ်ထဲဝင်ပြေးတဲ့အတွက် လိုက်ပါဝန်းရံသူတွေက ဒေါသ အလျောက် ခဲနဲ့ထု၊ ဆိုင်ကယ်ကို ဖျက်ဆီးတာတွေ ဖြစ်ခဲ့တာလို့ ပြောပါတယ်။ လူသေဆုံးမှု ဖြစ်စဉ်ကိုတော့ နောက်မှသိတာဖြစ်ပြီး စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။

ကာဘိုးဖြစ်စဉ်နဲ့ပတ်သက်လို့ ဝန်ကြီးချုပ်ကိုယ်တိုင်ကွင်းဆင်းကာ ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့ ညွှန်ကြားထားပါတယ်။

စစ်ကိုင်းတိုင်း ကြံ့ခိုင်ရေးပါတီရဲ့ သတင်းစာရှင်းလင်းပွဲကတော့ တိုင်းအဆင့်တာဝန်ရှိသူတွေ ခရိုင်မြို့နယ် အဆင့် တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013