
အစိုးရအဖွဲ့သက်တမ်း တ၀က်ကျိုးတော့မှာဖြစ်ပေမယ့် ၀န်ကြီးတွေပြောင်းလို့ မပြီးနိုင်သေးဘဲ ပြောင်းတိုင်းလည်း ကောင်းနိုင်လိမ့်မယ် မထင်ဘူးလို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (အန်ဒီအက်ဖ်) ခေါင်းဆောင် ဦးခင်မောင်ဆွေက သုံးသပ်ပြောကြားလိုက်ပါတယ်။
ဇူလိုင် ၂၅ ရက်က ပြုလုပ်လိုက်တဲ့ ၀န်ကြီးတွေ ဌာနပြောင်းတာနဲ့ ပတ်သက်ပြီး အမြင်သဘောထား မေးမြန်းရာမှာ သူက အခုလို ဝေဖန် ပြောကြားလိုက်တာ ဖြစ်ပါတယ်။
ဦးခင်မောင်ဆွေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။
[caption id="attachment_39817" align="alignright" width="300" caption="ဦးခင်မောင်ဆွေ"]
[/caption]
ဝန်ကြီး ၄ ယောက်ကို နေရာပြောင်းလိုက်တယ်လို့ သိရပါတယ်။ အလုပ်သမားဝန်ကြီး ဌာနဆိုရင် ကျနော်သိသလောက် ဒီတယောက်နဲ့ပါဆိုရင် ၃ ယောက်ရှိသွားပြီ၊ ၀န်ကြီးအပြောင်း အလဲတွေ ခဏခဏလုပ်နေတာ အန်ကယ်တို့ ဘယ်လိုမြင်လဲ။
“အဲဒါကတော့ အစိုးရအဖွဲ့ထဲမှာ တိကျတယ်ပေါ့ဗျာ။ တာဝန်ခံနိုင်မယ့်ဝန်ကြီးကို အခုထိ ရှာလို့မတွေ့သေးဘူးဆိုတဲ့ သဘောကို ပြောနေတာပေါ့။ အလုပ်သမားကိစ္စမှာ ထိထိရောက်ရောက် ကိုင်တွယ်နိုင်မယ့် သူကို သူတို့ မတွေ့သေးဘူးဆိုတာ ဖော်ပြတာနဲ့ တူပါတယ်။ တချို့အပိုင်းတွေမှာတော့ အလုပ်သမား မူတွေ၊ ဥပဒေချတာ ကောင်းမွန်သော်လည်း အောက်က လိုက်နာ လုပ်ဆောင်မှု မရှိတာတွေလည်း ရှိတော့ ဒါကို သူတို့ မြေစမ်းခရမ်းပျိုးသွားပြီးတော့ အခုကျတော့က သူနဲ့မရရင် ဟိုလူနဲ့တော့ ရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ လုပ်နေပုံပေါ်ပါတယ်။ government (အစိုးရ) က strong (သန်စွမ်း) ဖြစ်ရမယ်။ ဒါပေမယ့် strong မဖြစ်ဘဲနဲ့ လူတွေ ပြောင်းတာနဲ့တင် အလုပ်ဖြစ်ဖို့က သိပ်ပြီးတော့ မထင်ဘူး။ အဲတော့ မူတွေ ချမယ်၊ ဥပဒေတွေကို သတ်မှတ်မယ်။ လွှတ်တော်ကလည်း အလုပ်သမားတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ အခွင့်အရေးတွေ ကာကွယ်ဖို့ ဖန်တီးပေးဖို့ ပြတဲ့ ဥပဒေတွေကို ချပေးပြီးတော့ အဲဒီချပေးတဲ့ ဥပဒေတွေကို ပြတ်ပြတ်သားသား ကိုယ်နိုင်မယ့် ၀န်ကြီးပေါ့ဗျာ။ ဘယ်မျက်နှာမှ မထောက်ပဲနဲ့ လုပ်ငန်းရှင်တွေရော၊ နောက်ကွယ်က လူတွေရော၊ လုပ်ငန်းရှင် နောက်မှာရှိနေတဲ့ ပုဂ္ဂိုလ်တွေရော သာစေနာစေ မရှိပဲနဲ့ ဥပဒေအတိုင်းဆောင်ရွက်နိုင်မယ့် ပြတ်သားတဲ့ ၀န်ကြီးတွေကို ခန့်ဖို့ပေါ့။ ဥပဒေကလည်း ပြတ်သားမယ်ဆိုရင် လူတွေကလည်းပဲ အဲဒီဥပဒေကို ပြတ်သားစွာ လိုက်လုပ်နိုင်မယ့် strong government ရဲ့ အခြေအနေမှန်တွေ ချထားပေးမယ် ဆိုရင်တော့ ဖြစ်နိုင်မယ်ထင်ပါတယ်။၊ အခုဟာက သက်တမ်းတ၀က်ပဲ ကုန်သွားပြီ၊ ပြောင်းလို့တောင် မပြီးနိုင်သေးဘူးဆိုတော့ သူတို့လည်း ဒီမိုကရေစီအစိုးရမှာ ပြောင်းတယ်ပြောင်းတယ်ဆိုတာက နောက်ပြောင်းတဲ့လူက အရင်ပြောင်းတဲ့လူထက် ဘယ်လောက် ကောင်းအောင် လုပ်နိုင်မလဲ ဆိုတဲ့ပေါ်မှာ မူတည်ပါတယ်။ ပြောင်းတိုင်လည်းကောင်းတာ မဟုတ်ဘူး၊ ကောင်းနိုင်လိမ့်မယ် မထင်ဘူးလို့ ကျနော် ယူဆပါတယ်။ ပြတ်ပြတ်သားသား တကယ်ကို ကိုင်ဖို့လိုတယ်၊ ဒါပါပဲ။”
အစိုးရအဖွဲ့လည်း တော်တော်ဝေဖန် ခံနေရပါတယ်။ အစိုးရအဖွဲ့ လုပ်တာတွေ နှေးတယ်ဆိုပြီး။ လူတွေလည်း ခဏခဏ ပြောင်းနေတော့ အားမရကြဘူး။ အဲအပေါ် ဘယ်လိုမြင်လဲ။
“စစ်အုပ်ချုပ်ရေး အမိန့်နဲ့ အုပ်ချုပ်တဲ့ ခေတ်ကနေ ပြောင်းလာတဲ့ အစိုးရတွေကတော့ အရင် အုပ်ချုပ်ရေး လုပ်သမျှ ခေါင်းခံနေရတာကြီးပဲ။ ဒါကတော့ သဘာဝပါပဲ အဲဒီဟာတော့ နားလည်မှု ပေးဖို့တော့ လိုတယ်၊ ပြီးတော့ တဖက်မှာလည်းပဲ ချက်ချင်လက်ငင်း ပြောင်းလို့မရဘူးဆိုတဲ့ အပိုင်းတွေမှာတော့ တင်းခံနေတဲ့ အရင်လူတွေ ပါနေတဲ့ စီးပွားရေးလုပ်ကွက်တွေ၊ နိုင်ငံရေး လုပ်ကွက်တွေ၊ စက်ရုံတွေနဲ့ ပတ်သက်ပြီး နောက်ကွယ်မှာရှိနေတဲ့ နောက်ကွယ်က ကြိုးကိုင်နေတဲ့ အရင်းအမြစ်တွေ အဲဒါတွေကို ငဲ့ကွက်နေတာမျိုး ကျန်နေမယ်ဆိုရင် မရနိုင်ပါဘူး။
“နောက် လွှတ်တော်ကလည်းပဲ ဘယ်လိုလုပ်သင့်တယ်ဆိုတဲ့ ပြတ်ပြတ်သားသား အလုပ်သမားဥပဒေတွေကို ဖြုတ်ပြီးတဲ့အခါမှာ ပြန်ပြီးတော့တခါ ထိန်းညှိမယ်၊ ကိုင်တွယ်မယ်သာ ပြောနေတာ လွှမ်းမိုးဖို့ပဲ စဉ်းစားနေတဲ့ အပိုင်းလည်း တွေ့ရတယ်။ လွှမ်းမိုးချင်တဲ့အခါကျတော့ အစိုးရအဖွဲ့ကို လွှတ်တော်က လွှမ်းမိုးချင်တယ်၊ အစိုးရလည်း လွှတ်တော်ကို ပြန်လွှမ်းမိုးချင်တယ်ဆိုရင် ဒါဟာ ပျက်စီးပြီပဲ။ အဲတော့ ချလိုက် ဥပဒေဟာ တကယ်အလုပ်ဖြစ်ရဲ့လား။ စက်ရုံမှာ ဘာတွေ ဖြစ်နေလဲ၊ အစီရင်ခံစာတွေကို တောင်းကြည့်ပြီးတော့ ဥပဒေဟာ ထိရောက်မှုမရှိဘူး၊ ပြင်သင့်တယ်ဆိုရင် အစိုးရအပေါ်မှာ တာဝန်ကျသွားပြီ။ အစိုးရက အဲဒီဥပဒေအတိုင်းမလုပ်ဘူးဆိုရင် အစိုးရတာဝန်ပဲပေါ့။ ချက်ချင်လက်ငင်းကြီး ဖြစ်ဖို့ဆိုတာကတော့ ပျက်စီးနေတဲ့ လူ့အဖွဲ့အစည်း၊ ပျက်စီးနေတဲ့ စီးပွားရေးအ၀န်းဝိုင်းကြီးကို ချက်ချင်းကြီး ပြန်လည်တည့်မှတ်ဖို့ ဆိုတာကတော့ မလွယ်ဘူး၊ အစိုးရအဖွဲ့ဟာ Strong Government ပီပီသသနဲ့ ပြောချင်လဲ ပြောပါစေ။ မှန်တာကို အားလုံးသဘောတူတယ်ဆိုရင် မှန်တာကို လုပ်ဖို့ အသင့်ရှိတဲ့ အစိုးရပုံစံမျိုး ပြင်လိုက်မယ်ဆိုရင် ဒါကောင်းမယ်ထင်တယ်။ နိုင်ငံတကာက ဝေဖန်မှာစိုးလို့၊ ပြည်တွင်းမှာ အုံကြွမှာစိုးလို့ မကိုင်ရဲ မထိရဲဆိုရင်ေ၀၀ါးနေတဲ့ အစိုးရပဲ ဖြစ်မှာပဲ။ ပြစားတဲ့ အစိုးရပဲ ဖြစ်မှာပဲ။ အဲတော့ ဝေဖန်နေတာလည်း မှားသလားဆိုတော့ မမှားဘူး၊ မှန်သလား ဆိုတော့လည်း မမှန်ဘူး။ အဲတော့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ လူထု ပါဝင်ပတ်သက်ရေးအပါအ၀င် ၄ ဘက်ညီပေါ့၊ စတုတ္ထမဏ္ဍိုင် အပါအ၀င်ဆို ၅ ဘက်ညီပေါ့။ ၅ ဘက်ညီကနေပြီးတော့ မှန်မှန်ကန်ကန် ပြောမယ်ဆိုမယ်ဆိုရင် ဝေဖန်တာ နောက်မှာ အကြံပြုတာပါရမယ်၊ ဝေဖန်ပြီးတော့ မကောင်းဘူးပြောရုံနဲ့ ပြဿနာက ပြေလည်မသွားဘူး။ နိုင်ငံတည်ဆောက်တဲ့အခါမှာ ဒီလိုဖြစ်သင့်တယ်၊ ဟိုလိုဖြစ်သင့်တယ်ဆိုတာကို ၀ိုင်းဝန်အကြံပြုပြီးတော့ နိုင်ငံတော်ကို ၀ိုင်းဝန်တည်ဆောက်ကြမယ်ဆိုရင်တော့ ပြီးသွားလိမ့်မယ်လို့ ထင်ပါတယ်။"
မနေ့တနေ့ကပဲ သမ္မတရဲ့ ဥရောပခရီးစဉ်က ပြန်လာတုန်းက ဥရောပနိုင်ငံတွေက မြန်မာပြည်နဲ့ ပတ်သက်ပြီး လူမျိုးတုန်းသတ်ဖြတ်မှုအထိ လုပ်နေတယ် ဘာညာ အပြောခံရတယ်ဆိုပြီး သူပြန်လာပြီးတော့ သူမသွားခင်က တွေ့တဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့နဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်အဖွဲ့ အဲဒီ ၂ ဖွဲ့က လူတွေကို တွေ့ပြီးတော့ ဒီကိစ္စတွေ ခင်ဗျာတို့ ကျယ်ကျယ်ပြန့်ပြန့်လေ ဖွဲ့စည်းလုပ်ကိုင်ကြပါဆိုပြီး သူ မှာတယ်။ ဒါပေမယ့် တဖက်က ကျနော်တို့ ကြည့်တော့ ဒီအဖွဲ့အစည်းမှာ ပါနေတဲ့ လူတွေကလည်း အရင်တုန်းက အမိန့်ပေးစနစ်အောက်မှာ လုပ်သွားတဲ့ အငြိမ်းစားလူကြီးတွေ၊ အငြိမ်းစားဗိုလ်ချုပ်တွေပဲ ဆိုတော့ အလုပ်ဖြစ်ပါ့မလား။ သမ္မတက အဲဒီလို အလုပ်မဖြစ်နိုင်တဲ့ လမ်းတွေကို ရွေးနေတယ်လို့ မြင်ရတယ်။ အန်ကယ်တို့ရော ဘယ်လိုမြင်လဲ။
“ဟုတ်တယ်လေ။ လက်ရှိ အစိုးရအဖွဲ့ထဲမှာ အရင် လူဟောင်းတွေ အများကြီးပါနေတယ်၊ လူဟောင်းတွေရဲ့ စရိုက်တွေကိုက အထက်က ပြောတာကို နားထောင်တာကိုး။ ကိုယ့်ဟာကိုယ့် ထိုးထွင်တီထွင်ပြီး လုပ်တာ မရှိဘူး။ ၀န်ကြီးအဆင့်လောက်မှာ ရှိတဲ့ဟာတွေက တကယ် လူဟောင်းမဟုတ်ပဲနဲ့ တကယ်လုပ်ပေးနိုင်မယ့်လူသစ်တွေကို ရှာပြီးတော့ ခန့်တာ ပို့ကောင်းတာပေါ့။ ပြတ်သားတဲ့လူကိုပဲ ရှားဖို့လိုပါတယ်။ ဒါတွေမပါပဲနဲ့ ရှေ့သွားခရီးဟာ မှုန်ဝါးနေမှာပဲ။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု (Political Reform) က အထက်ကစလုပ်တယ်။ အောက်ကိုမရောက်ဘူး။ ရှိနေတဲ့ အဖွဲ့အစည်းရဲ့ Mind Set တွေက မပြောင်းသေးဘူး။ အဲဒီလိုပဲ ခုနကပြောခဲ့တဲ့ ဘာသာရေးချစ်ကြည်ရေး၊ ချစ်ကြည်ရေး ပြောနေပေမယ့် မချစ်ကြည်အောင် သပ်လျှိုချင်တဲ့ အရိပ်လက္ခဏာတွေက ရှိနေတယ်။ ဒါက ရှင်းရှင်းလေး ပေါ်နေတာပဲ။ ဘာသာ ၂ ခုကြားမှာ ခိုက်ရန်ဖြစ်အောင် လုပ်ချင်တဲ့ဆန္ဒရှိတဲ့သူတွေလည်း ရှိတယ်။ ဒါတွေက ခေတ်အဆက်ဆက်မှာ ရှိနေတော့ အခုဆိုရင် တော်တော်လေး ထင်သာမြင်သာ တွေ့နေရတဲ့ အပိုင်းတွေ ရှိတယ်။ လူတွေက ဘာလဲတော့ မသိဘူးပေါ့ဗျာ။ နောက်ကွယ်မှာ ရှိနေတာပေါ့။ အဲဒါတွေကို ပြတ်ပြတ်သားသားရှင်းဖို့ လိုတယ်၊ သူ့လူ၊ ငါ့လူ၊ ငါ့လူဟောင်း၊ သူ့လူဟောင်း မျက်နှာပျက်မှာစိုးလို့ မလုပ်ချင် မလုပ်ချင်နဲ့၊ ဒါတွေကတော့ အုပ်ချုပ်ရေးအပိုင်းမှာ မရှိသင့်ဘူးလို့ ထင်တယ်လေ။ ပြတ်သားပြီးတော့ လူထုနားလည်အောင် ပွင့်လင်းတာက တပိုင်း၊ ပြတ်ပြတ်သားသား ဆုံးဖြတ်တာ တပိုင်း၊ ၂ ပိုင်းသွားမှ ဖြစ်မယ်။ အဲဒီလိုပဲ မြင်ပါတယ်။”











