DVB Logo
Home
အာရှဒေသ
နီဘင်းဂျား၊ အင်ဒိုနီးရှားရဲ့ ယာဉ်မျှစီး လူ့အဖွဲ့အစည်း
DVB
·
July 26, 2013
နီဘင်းဂျား၊ အင်ဒိုနီးရှားရဲ့ ယာဉ်မျှစီး လူ့အဖွဲ့အစည်း
Donate to DVB

သင်တခါမှ မတွေ့ဖူးတဲ့သူကို သင့်ရဲ့ ယာဉ်ပေါ် တက်စီးခွင့်ပြုဖူးပါသလား။ ဒါ ကျောချမ်း စရာပေါ့လေ။ ဒါပေမယ့် ဂျကာတာမြို့ရဲ့ ယာဉ်ကြောထဲမှာ တယောက်တည်း မောင်းရတာက လည်း စိတ်ကသိကအောက်ဖြစ်စရာနဲ့ ငြီးငွေ့စရာ ကောင်းနိုင်ပါတယ်။

နီဘင်းဂျားလို့ ခေါ်တဲ့ လူ့အဖွဲ့အစည်းတခုကတော့ မြို့တော်ရဲ့ ယာဉ်ကြောပိတ်ဆို့မှု အတွက် အဖြေတွေ ရှာပေးရင်း အဲဒါကို ပြောင်းလဲပစ်ဖို့ ကြိုးစားနေပါတယ်။
နီဘင်းဂျားအဖွဲ့ဝင်တချို့နဲ့ လိုက်ပြီး စီးခဲ့တဲ့ နူးရ်အာအဇီဇာက “အခု ကျမက အရှေ့ဂျကာတာ ပရာမူခလမ်းကို ပူထရီနဲ့လိုက်သွားချင်ပါတယ်။ ကားထဲက လူတွေက တနေရာတည်းကို သွားကြမှာပါ။ မဲလ်လီဆာကတော့ ပိုပြီးဝေးတဲ့ ပူလိုဂဒေါင်း ကို သွားချင်တာပါ” လို့ ပြောပါတယ်။

ကားထဲကလူတွေက တယောက်နဲ့ တယောက်ခုမှ တွေ့ကြတာပါ။ ပထမတော့ အွန်လိုင်း ကပါ နောက်တော့ မျက်နှာချင်းဆိုင်တွေ့ကြတာပေါ့ရှင်။ သူတို့က နီဘင်းဂျား လူ့အဖွဲ့အစည်း ၀င် တွေပါ။

နီဘင်းဂျားဆိုတာက လမ်းကြုံစီးတာလို့ အဓိပ္ပာယ်ရတဲ့ အင်ဒိုနီးရှားအရပ်သုံးစကားက လာတာပါ။ ဒါက တွစ်တာကို အခြေခံပြီး မော်တော်ယာဉ်ပိုင်ရှင်တွေကို ထိုင်ခုံအပိုတွေ ထားခိုင်းပြီး သက်တောင့်သက်သာနဲ့ တခရီးတည်းသွား  လူထုသယ်ယူပို့ဆောင်ရေးကို သုံးနေကြသူတွေကို စုစည်းပေးထားတဲ့ လူ့အဖွဲ့အစည်းတခုပါ။

လွန်ခဲ့တဲ့ ၂ နှစ်က စတင်တည်ထောင်ခဲ့ပြီး နီဘင်းဂျားဟာ ခုဆို အမြဲသုံးနေသူ ၂၀၀၀ ကျော် ရှိနေပါပြီလို့ အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ တည်ထောင်သူ အင်ဒရီယာ အဒီရ စ၀ပ်စ်တီ က ပြောပါတယ်။

“လူတွေက ဘာဖြစ်လို့ မျှစီးရမှာလဲလို့ ပြောကောင်း ပြောနိုင်ပါတယ်။ ကျနော်က အငှားယာဉ်တစီး ငှားနိုင် ဒါမှမဟုတ် ကျနော်ကိုယ်ပိုင် ကားမော်တော်ဆိုင်ကယ်ကို မောင်းသွား လို့ ရပါတယ်။ လူ့အဖွဲ့အစည်းရဲ့အမြင်က တခြားလူတွေနဲ့ ကားကြုံစီးတာဟာ ဆင်းရဲမှုကို ပြတဲ့ လက္ခဏာ ဒါမှမဟုတ် အလကားစီးချင်လို့ လိုမြင်ကြတယ်ဗျ။ ဒါပေမယ့် နီဘင်းဂျားတွေမှာက ကားကြုံစီးမှုတိုင်းအတွက် အခြေအနေနဲ့ သတ်မှတ်ချက်တွေ ရှိပါတယ်။ လူတွေဟာ သူတို့ သဘောတူညီတဲ့အရာတိုင်းအတွက် မျှဝေနိုင်ကြပါတယ်။ ကျနော်တို့က ဒီမှာ အခြေခံအားဖြင့်ကို ခရီးသွားနေတဲ့ အတောအတွင်း အားလုံးတညီတည်းပါပဲ။”

တချို့ ဘုံအကျဆုံးအခြေအနေနဲ့ သတ်မှတ်ချက်တွေမှာ သောက်စရာတွေနဲ့ မုန့်တွေ ဝေစားတာမျိုးတွေ ပါပါတယ်။ နောက် သတ်မှတ်မှုတွေကို မစီးခင်မှာ သဘောတူထားပြီး ဖြစ်ကြရပါမယ်လို့ အင်ဒရီယာက ပြောပါတယ်။

“လူ့အဖွဲ့အစည်းထဲမှာ  ဒါက ပူးပေါင်းဆောင်ရွက်တာပါ။ အကျိုးကျေးဇူးရှိတဲ့ ဆက်ဆံရေး တခုပေါ့ဗျာ။ ခင်ဗျားဟာ လမ်းပြတယောက် ဒါမှမဟုတ် ကားမောင်းတဲ့သူလည်း ဖြစ်ချင် ဖြစ်နိုင် တာပေါ့။”

နီဘင်းဂျားတွေနဲ့ ဘယ်သူမဆို ကားတွေနဲ့ မော်တော်ဆိုင်ကယ်တွေ ဒါမှမဟုတ် တက္ကစီကို တောင် မျှစီးနိုင်ပါတယ်။ ဂါမာကီတိုရီယာယံတိုရီက သူရဲ့ မော်တော်ဆိုင်ကယ်နောက်ခုံမှာ နေ့တိုင်း မျှစီးခွင့် ပေးပါတယ်။

“ကျနော်က လူအတော်များများနဲ့ မျှစီးပါတယ်။ တခါတရံ သူတို့က မနက်စာတွေ ဒါမှ မဟုတ် မုန့်တွေနဲ့ အအေးတွေကို ယူလာပြီး မျှဝေစားကြပါတယ်။ သူတို့လုပ်တာတွေကို ကျနော် ခံစားလို့ ရပါတယ်။ တခါက ကျနော် မနက် ၆နာရီခွဲမှာ မျှစီးလိုက်တော့ အမျိုးသမီးတယောက်က ကျနော်အတွက် မနက်စာယူလာပေးခဲ့တယ်ဗျ။ သူက အဲဒါကို သူဘာသာလုပ်လာတာလို့ ကျနော် ထင်တယ်။ ဒါပေမယ့် ဆိုးဝါးတဲ့ အတွေ့အကြုံတွေလည်း ရှိပါတယ်။ မျှစီးမယ့်လူက အချိန်မှန် ရောက်မလာတဲ့ အချိန်မျိုးပေါ့ဗျာ။ ကျနော်တို့က အချိန်တခု သတ်မှတ် သဘောတူထားခဲ့ကြ ပြီးပေမယ့် သူတို့က ပေါ်မလာခဲ့ကြတော့တာပေါ့။”

အသက် ၂၃ နှစ် ရှိပြီဖြစ်တဲ့ ရက်ဖီ ဖက်ဘရီယန်က နီဘင်းဂျားအဖွဲ့ဝင်တယောက် ဖြစ်ပြီး နေ့တိုင်းလိုလို ကားကြုံလိုက်စီးတဲ့အတွက် သူငယ်ချင်းတွေရဲ့ လှောင်ပြောင်သရော်တာကို ခံခဲ့ရပါတယ်။

“ပထမတော့ ကျမက စိတ်အနှောင့်အယှက် နည်းနည်းဖြစ်ခဲ့ရတာပေါ့ရှင်။ အဲဒါက ကျမက ကားပိုင်ရှင်နဲ့ စီးသွားရင်း တခုခုကို မျှဝေတာမျိုးပါ။ ဒီလိုမျှပြီး စီးတာဟာ ဘယ်လောက် ပျော်စရာကောင်းတယ်ဆိုတာ သူတို့မသိကြဘူးရှင့်။ အဲဒါဟာ မတူညီတဲ့နောက်ခံအကြောင်း တရားတွေ၊ စရိုက်လက္ခဏာတွေ ရှိတဲ့မိတ်ဆွေသစ်တွေနဲ့ တွေ့ဆုံနိုင်တဲ့ နည်းလမ်းသစ်တခု ပေါ့ရှင်။ ကျမတို့လူတွေ ပိုပြီးသိလာတယ်။ ကျမတို့ မျှဝေနိုင်တယ်။ မျှစီးကြ၊ အသိပညာလည်း ဖလှယ်နိုင်ကြပါတယ်။”

ဂျာကာတာမှာ လမ်းကီလိုမီတာ ၇၀၀၀ ကျော်ရှိပြီး မော်တော်ဆိုင်ကယ် ၁၀ သန်းနဲ့ ကား ၃ သန်းဟာ နေ့တိုင်းလမ်းတွေပေါ်မှာ အုံခဲနေတတ်ပါတယ်။
လမ်းအရှည်က ၁ နှစ် မှာ ၁ ရာခိုင်နှုန်းအောက်ပဲ တိုးလာမှုရှိတဲ့ ဂျကာတာဟာ နောက်နှစ် မှာ လုံးဝ ယာဉ်ကြောပိတ်ဆို့မှုနဲ့ ကြုံရမယ်လို့မျှော်လင့်ရပါတယ်။
အွန်လိုင်း နီဘင်းဂျား လူ့အဖွဲ့အစည်းကတော့ သူရဲ့ တွစ်တာအဖွဲ့ဝင် ၂ သောင်း ၇ ထောင် နဲ့ အဖြေထုတ်ပေးဖို့ ကြိုးစားနေပါတယ်။

ရည်ရွယ်ချက်ကတော့ ခရီးအတူသွားကြတဲ့ လူစုလေးတွေနဲ့ မြို့တော်ရဲ့ ယာဉ်ကြော ပိတ်ဆို့မှုကို လျှော့ချရာမှာ အကူအညီပေးဖို့ပါ။ အဲဒီနည်းနဲ့ လမ်းတွေပေါ်က မော်တော်ယာဉ်တွေရဲ့အရေအတွက်ကို လျှော့ချပေးဖို့ ဖြစ်ပါတယ်။

ဒါပေမယ့် အသက် ၃၀ ရှိပြီဖြစ်တဲ့ ပူးတွဲတည်ထောင်သူ ပူထရီဆင်တာနူအတွက်ကတော့ အဲဒါဟာ မော်တော်ကားမျှစီးတာထက် ပိုလွန်ပါတယ်။
“ကျမတို့က လူ့အဖွဲ့အစည်းတခုကို ဖန်တီးချင်ပါတယ်။ အဲဒီထက်တောင် ပိုပါတယ်ရှင်။ ကျမတို့က ဂျကာတာကို သူ့ရဲ့ ပြည်သူလူထုတွေအတွက် ပိုပြီး ဖော်ရွှေရင်းနှီးတဲ့ နေရာတခု ဖြစ်စေချင်ပါတယ်။ ကျမတို့အတွက်က မော်တော်ကား မျှစီးတာထက်ပိုပါတယ်။ ကျမတို့က လူအဖွဲ့အစည်း ကြီးမားလာပြီး တခြားသူတွေကို သူတို့သွားချင်တဲ့ ခရီးပန်းတိုင်ကို အဆင်အပြေဆုံးနည်းနဲ့ ရောက်သွားအောင် ကူညီချင်တာပါရှင်။ ဂျကာတာက လူတွေကို တယောက်နဲ့ တယောက် သိလာစေချင်ပါတယ်။ တကယ်လို့ ရှင်တို့က လုံခြုံရေးအတွက် စိတ်ပူတယ်ဆိုရင်တော့ အဲဒါဟာ ရှင်တို့က ကျမတို့ကို မသိသေးလို့ပဲ ဖြစ်မှာပါ။ ဒါကြောင့် ကျမတို့က ယာဉ်ကိုပဲ အကူအညီပေးနေတာမဟုတ်ပဲ တခြားသူတွေအတွက် လူမှုဘ၀ အသစ်တခုကိုလည်း ဖန်တီးပေးဖို့ပါ။”

ခုချိန်မှာတော့ နီဘင်းဂျားတွေက ယာဉ်မျှစီးနေကြတဲ့ သူရဲ့အဖွဲ့ဝင်တွေရဲ့ လုံခြုံရေး စိတ်ချရအောင် တွစ်တာကိုသုံးပြီး  ဆက်သွယ်နေကြပါတယ်။
ကူးပြောင်းပေးတာ တခု မလုပ်ခင်မှာ တခြားမျှစီးမယ့်သူတွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ တွစ်တာ တစေ့တစောင်း အချက်အလက်တွေကို သိနိုင်ပါတယ်။
အခု နီဘင်းဂျားတွေမှာ နေရာဒေသ အခြေခံမြေပုံ သုံးစွဲမှုပါတဲ့ ၂.၀ မိုဘိုင်းလ် အစီအစဉ်တခု စတင်သုံးစွဲဖို့ အဆင်သင့် ရှိနေပါပြီ။

ပူထရီဆင်တာနူက “ဒီအစီအစဉ်နဲ့ ကျမတို့က ယာဉ်အတူမျှစီးဖို့ ကျမတို့ နေရာအနီးအနားက တယောက် ယောက်ကို ရှာနိုင်ပါတယ်။ အဲဒါက ပိုပြီး ထိရောက်ပါတယ်။ ရှင်တို့က အဲဒီသူကို တွစ်တာမှာ ဖော်ပြနေစရာ လမ်းတွေကို တချိန်လုံး စစ်ဆေးနေစရာ မလိုတော့ဘူးပေါ့” လို့ ပြောပါတယ်။

ဒါပေမယ့် အတော်များများကတော့ လူစိမ်းတွေနဲ့ ယာဉ်မျှစီးရတာကို စိတ်မသက်မသာ ဖြစ်နေကြတုန်းပါပဲ။ ယာဉ်မျှစီးတာဟာ လုံခြုံစိတ်ချရတယ်လို့တော့ အာမမခံနိုင်ပါဘူးလို့ ပူထရီက ပြောပါတယ်။ ဒါကြောင့် အရေးကြီးတာက တယောက်နဲ့ တယောက် အပြုသဘောထားရှိကြဖို့ပဲ ဖြစ်ပါတယ်။

ပူထရီဆင်တာနူက “အတော်များများက အလားတူပဲ မေးကြပါတယ်။ ဒါဘယ်လိုလုပ်နေသလဲ၊ ကျမတို့ တယောက်နဲ့ တယောက် ဘယ်လိုယုံကြည်ရမလဲ၊ လုံခြုံစိတ်ချရသလား၊ စိတ်မချရဘူး လားပေါ့ရှင်။ သံသယရှိတာကတော့ သဘာဝပါ။ ကျမတို့မှာ အများအားဖြင့် ဂျကာတာ လမ်းတွေဟာ မလုံခြုံဘူးလို့ ယုံကြည်ထားကြပါတယ်။ ဒါပေမယ့် အချိန်ရလာတာနဲ့အမျှ ရှင်တို့ဟာ လူ့အဖွဲ့အစည်းနဲ့ ပတ်သက်ပြီး ပိုပြီးသိလာကြမှာပါ။ လူတွေ အွန်လိုင်းကဖြစ်ဖြစ်၊ ဒီတိုင်းပဲဖြစ်ဖြစ် ပြန်ပြီးအဆက်အသွယ်ရှိလာဖို့ လိုပါတယ်။ အဲဒီလိုရှိလာတာနဲ့ သံသယတွေ အားလုံး ပျောက်သွားမှာပါပဲရှင်။ နောက် ယာဉ်စီးသွားနေတဲ့အချိန်အတွင်း ရှင်တို့က ကျောင်းတုန်းက သူငယ်ချင်းဟောင်းတယောက်နဲ့ ပြန်တွေ့ရင် တွေ့နိုင်ပါသေးတယ်။ ဒါမှမဟုတ် တမြို့တည်းက လာတဲ့သူတယောက်ယောက်နဲ့ တွေ့နိုင်မယ်၊ အလားတူ မိတ်ဆွေတွေ ရလာမယ်လေ။ နေ့ကုန်သွားတဲ့အချိန်မှာတော့ ကျမတို့ အားလုံး ချိတ်ဆက်မိပြီး သွားပြီပေါ့” လို့ ပြောပါတယ်။

နူးရ်အာအဇီဇာ (Nur Azizah) က အာရှဒေသသတင်းဆောင်းပါးကဏ္ဍအတွက် ဂျာကာတာမြို့ကနေ သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013