DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ကာလ စိတ်ပင်ပန်းမွန်းကြပ်မှုများကို ဘာသာရေးအဆုံးအမဖြင့် ဖြေရှင်းရန် တိုက်တွန်း
DVB
·
October 25, 2020
Donate to DVB

အခု ကိုဗစ်ကာလမှာ စိတ်ပင်ပန်း မွန်းကြပ်တာတွေနဲ့ အခက်အခဲတွေကို ဘာသာရေး အဆုံးအမတွေအောက်က ဖြေရှင်းကြဖို့ ဘာသာရေးဆရာတွေက တိုက်တွန်းပြောကြားပါတယ်။

ဒီနေ့ အွန်လိုင်းကနေလုပ်တဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ တမန်တော်နေ့ အခမ်းအနားမှာ တက်ရောက်ဟောကြားတဲ့ ဘာသာအသီးသီးရဲ့ ဆရာတော်တွေက မိန့်ကြားခဲ့ကြတာပါ။

ဒီပွဲအတွက် သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးရဲ့ နှုတ်ခွန်းဆက်စကားမှာတော့ ကိုဗစ်ကြောင့် ထုတ်ပြန်ထားတဲ့ ကျန်းမာရေးစည်းကမ်းချက်တွေနဲ့အညီ အခုလို အွန်လိုင်းကနေ ပြုလုပ်တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်တယ်လို့ ပြောပါတယ်။

ဟိန္ဒူဓမ္မ သင်ကြားပို့ချမှု ဗဟိုကော်မတီ စည်းရုံးရေးမှူး ဆရာဦးဆန်းမင်းနိုင်က ဝတ်ပြု ဆုတောင်းတာတွေကြောင့် ဒီရောဂါပျောက်ကင်းသက်သာဖို့ အကြောင်းဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးတော့ အစ္စလာမ်ဘာသာဝင်တွေရဲ့ မနက်အစောပိုင်းဝတ်ပြုတာမှာ ကျန်းမာစေတဲ့အကျိုးလည်း ပါတာကြောင့် အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ အဲဒီဝတ်ပြုတာကို လုပ်ဖို့ တိုက်တွန်းပါတယ်။

“အစ္စလာမ်ညီအစ်ကိုမောင်နှမတွေ ဖဂျေရ်နမားဇ် (အရုဏ်မတက်ခင်ဝတ်) ရဲ့ အဇာန်သံ (ဝတ်ပြုဖို့ ဖိတ်ခေါ်သံ) ကို မစောင့်နေပါနဲ့၊ ကြိုဆိုပါ။ ဟိန္ဒူ ဓမ္မဆရာတဦးအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။ ကျန်းမာချင်ရင် ဖဂျေရ်နမားဇ်ကို ဖတ်ကြပါ။ အာရောဂျံ ပရမံ လာဘံ။ ကျန်းမာခြင်းထက် မြင့်မြတ်တဲ့ ချမ်းသာခြင်းဆိုတာမရှိဘူး” လို့ ဆိုပါတယ်။

ကိုဗစ်ရန်ကို အရှုံးမပေးကြဖို့လည်း “အရွက်တွေကြွေတိုင်း အပင်မသေပါဘူး။ သစ်ကိုင်းကျိုးလို့လည်း ငှက်တွေ မကျနိုင်ပါဘူး။ အမြစ်ကောင်းနေ ပင်စည်ကောင်းနေသမျှ ရှင်သန်လို့ရပါတယ်။ အတောင်ကောင်းနေသမျှ ပျံသန်းလို့ ရပါတယ်” လို့ သူက သတိပေး ဆိုပါတယ်။

ဝနဝါသီတောရကျောင်းတိုက်ရဲ့ ပဓာန နာယက ဆရာတော် ဘဒ္ဒန္တအရှင်သုမနကလည်း အခု ကိုဗစ်ကာလမှာ စိတ်မွန်းကြပ်တာနဲ့ စိုးရိမ်စိတ်တွေကြောင့် အရက်သေစာ သောက်သုံးတာ ပိုများလာပြီး ဘာသာရေး လိုက်စားသူတွေကတော့ တရားထိုင်တာ၊ ဆုတောင်းတာမျိုးတွေ လုပ်ကြတယ်လို့ မိန့်ပါတယ်။

“ဘာသာရေးဆိုင်ရာ အဆုံးအမတွေဟာ လူ့အဖွဲ့အစည်းထဲမှာ အခက်အခဲတွေ အကြပ်အတည်းတွေ၊ ကြုံလာရတဲ့အခါကာလမျိုးမှာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတော်တော်များများကို ဖြေရှင်းပေးနိုင်တယ်ဆိုတာ ဦးဇင်းတို့ လေ့လာသုံးသပ် တွေ့ရှိရမှာ ဖြစ်ပါတယ်” လို့ မိန့်ပါတယ်။

မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ်ရဲ့ ဧည့်ပါမောက္ခ သိက္ခာတော်ရဆရာ ဒေါက်တာအေးမင်းကတော့ လက်ရှိအခက်အခဲ ရောဂါအန္တရာယ်တွေ ချုပ်ငြိမ်းဖို့ ဘာသာဝင်အသီးသီးက ဆုတောင်းပေးကြဖို့ ပြောပါတယ်။ 

“ဒီနေ့ ကမ္ဘာကြီးပေါ်မှာ ကျရောက်နေတဲ့ အန္တရာယ်အမျိုးမျိုးဟာ လူသားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်နဲ့ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေပါတယ်။ ဒါကြောင့်မို့ လူသားတိုင်းဟာ စိုးရိမ်သောကတွေနဲ့အတူ ပူပင်သောကတွေ ပရိဒေဝတွေ တောက်လောင်နေတဲ့အချိန်မှာ ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာအသီးသီးက ဘာသာဝင်များဟာ မိမိကိုးကွယ်တဲ့ ထာဝရဘုရား၊ မိမိကိုးကွယ်တဲ့ ဘုရားသခင်ထံမှာ မေတ္တာ ကရုဏာ ကောင်းမြတ်တဲ့ ကွယ်ကာစောင်မမှု၊ ကောင်းမြတ်တဲ့ ကောင်းချီးပေးမှု လမ်းပြမှု စသည်တို့ကို တောင်းခံပြီးတော့ ဒီနေ့ ကမ္ဘာကြီး အေးချမ်းဖို့ ပါဝင်ဆုတောင်းဖို့ရန်လည်း ဖိတ်ခေါ်ပါတယ်။”

ဒီပွဲကို ဦးဆောင်ကျင်းပတဲ့ မြန်မာနိုင်ငံ အဟ်မဒီယဟ်မွတ်စလင်မ်အဖွဲ့က သာသနာပြု ဦးဇေယျာမိုးကလည်း ပွဲကျင်းပရတဲ့အကြောင်းနဲ့ အစ္စလာမ်ဘာသာဝင်တို့ရဲ့ တမန်တော် မုဟမ္မဒ်အကြောင်းကို ဟောပြောခဲ့ပါတယ်။

ဒီပွဲမှာ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဗဟို ဥက္ကဋ္ဌနဲ့အတူ ဘဟာအီ သာသနာ အဖွဲ့ချုပ်ကလည်း တက်ရောက်ဟောပြောပြီး အခုဖြစ်နေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြီး အမြန်ဆုံး ပြီးပျောက်သွားဖို့ကိုလည်း ဘာသာအသီးသီးက ဆရာတော်တွေက ဆုမွန်တောင်းခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013