DVB Logo
Home
မြန်မာသတင်း
ငါးဖမ်းလှေပေါ်မှ မြန်မာလုပ်သားများကို ကယ်တင်
DVB
·
July 25, 2013
ငါးဖမ်းလှေပေါ်မှ မြန်မာလုပ်သားများကို ကယ်တင်
Donate to DVB

အင်ဒိုနီးရှားရေပိုင်နက်က ငါးဖမ်းလှေပေါ်မှာ နှစ်နဲ့ချီပြီး အလုပ်လုပ်ခဲ့ပေမယ့် လစာမရတဲ့အပြင် အလွန်အမင်းခိုင်းစေခံနေရတဲ့ မြန်မာအလုပ်သမားတွေကို  မြန်မာအလုပ်သမား ကူညီရေးအဖွဲ့နဲ့ ထိုင်းအာဏာပိုင်တွေ ပူးပေါင်းပြီး ဇူလိုင် ၂၀ ရက်နေ့က ကယ်ထုတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံသားတွေ ငါးဖမ်းလှေပေါ်မှာ ရောင်းစားခံရကြောင်း ပြီးခဲ့တဲ့မေလကတည်းက  တိုင်တန်းချက် လက်ခံရရှိပေမယ့် ဒီလမှ ထိုင်းတောင်ပိုင်း စူရတ်ဌာနီမြို့နယ် ကော်ဖန်ငကျွန်းမှာသွားရောက် ကယ်ထုတ်နိုင်တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ ဒါရိုက်တာဦးကျော်သောင်းက ပြောပါတယ်။

“သူတို့က တောင်တရုတ်ပင်လယ်ထဲကနေ အင်ဒိုနယ်ကို ထွက်တဲ့ ငါးဖမ်းလှေတွေ ဖြစ်တယ်။ သူတို့ ၅ လပိုင်းမှာ မိသားစုတွေက ဆက်သွယ်ခဲ့ပေမယ့် သူတို့နဲ့ အချက်အလက်တွေ ယူရင်း စကားပြောရင်းက အဆက်အသွယ်မရတဲ့ အဆုံး သူတို့ ပင်လယ်ထဲ ထွက်သွားရတယ်။ ဇူလိုင်လ ၁၈ ရက်နေ့က ကျနော်တို့ကို ဖုန်းဆက်လာတယ်။ ရာသီဥတု ဆိုးရွာလာတဲ့အတွက် အင်ဒိုနီးရှား ငါးဖမ်းစက်လှေ ၆ စီး ကပ်နေတယ်၊ အဲဒါကို လာပြီး အချိန်မီကယ်ဖို့ ကျနော်တို့ကို ခေါ်တယ်။ အဲဒီအချိန်မှာ ကျနော်တို့ လိုက်သွားပြီးတော့မှ အလုပ်သမားတွေကို အချိန်မီ ရလိုက်နိုင်တာပေါ့နော်။ တော်တော်ကြီးကို ရှာရဖွေရခက်တယ်၊ ကျွန်းကို ပတ်ပြီးတော့ ၃ နာရီလောက် ကျနော်တို့ ရှာရတယ်။”

ဒီကူညီမှုမှာ သူတို့အဖွဲ့နဲ့အတူ ထိုင်းနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့ နဲ့ ထိုင်းတောင်ပိုင်း ဖန်ငခရိုင်အခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖောင်ဒေးရှင်းအဖွဲ့တို့ ပူးပေါင်း ပါဝင်ပါတယ်။

ကယ်တင်ခံရတဲ့ အလုပ်သမား ၁၆ ဦးဖြစ်ပြီး ရခိုင်လူမျိုး ၁၀ ဦး၊ ကရင်လူမျိုးက ၁ ဦးနဲ့ မြန်မာလူမျိုးက ၅ ဦး ပါဝင်ကာ အများစုက လူရွယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
လှေပေါ်မှာ အလုပ်လုပ်ဖို့ သူတို့ဘာသာ ဆုံးဖြတ်တာဖြစ်တဲ့အတွက် ရဲတွေက လူကုန် ကူးမှုကိစ္စမပြောဘဲ  လှေပိုင်ရှင်ကို အဓမ္မလုပ်အားခိုင်းစေမှုနဲ့ တရားစွဲခံရဖွယ်ရှိတယ်လို့  ဦးကျော်သောင်းက ဆက်ပြောပါတယ်။

သူတို့တွေဟာ လှေပေါ်မှာ အလုပ်လုပ်ဖို့ ပွဲစားကို ထိုင်းဘတ်ငွေ ၁ သောင်း ပေးခဲ့ရပြီး ၂ လ အလုပ်လုပ်ရင် အရင်းကျေမယ်ဆိုပေမယ့်  ၅ လအတွင်း ငွေလုံးဝမရတဲ့အပြင် မတရား ခိုင်းစားတယ်လို့ ဖန်ငအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက  ဦးမိုးဝေက ပြောပါတယ်။

ပင်လယ်ပြင်က ရာနဲ့ချီတဲ့ ငါးဖမ်းလှေပေါ်မှာ ဒုက္ခရောက်နေတဲ့ မြန်မာပြည်သားတွေ အများကြီး ကျန်ရှိနေသေးကြောင်း၊ အဲဒီထဲက လူအနည်းငယ်လောက်ပဲ  ကူညီရေးအဖွဲ့ကို ဆက် သွယ်နိုင်တယ်လို့ ဆိုပါတယ်။

ဒီ ၂၀၁၃ ခုနှစ်ထဲမှာ လူကုန်ကူးမှုနဲ့ အဓမ္မခိုင်းစေခံရမှုတွေ ခံရတဲ့အမှုပေါင်း ၃၀  ထဲက မြန်မာအလုပ်သမားပေါင်း  ၁၇၃ ဦးကို ကူညီကယ်ထုတ်နိုင်ခဲ့တယ်လို့ ဦးကျော်သောင်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013