DVB Logo
Home
မြန်မာသတင်း
သတင်းမီဒီယာဥပဒေကြမ်းနှင့်ပတ်သက်ပြီး ညှိနှိုင်းမှု မအောင်မြင်
DVB
·
July 25, 2013
Donate to DVB

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)က ရေးဆွဲထားတဲ့ သတင်းမီဒီယာဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ကောင်စီနဲ့ ပြန်ကြားရေးဌာနတို့ ညှိနှိုင်းတာ မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနက စာနယ်ဇင်းကောင်စီကို ရေးဆွဲစေခဲ့လို့ ကောင်စီက ရေးဆွဲ တင်ပြခဲ့တဲ့ ဥပဒေကြမ်းပါ အချက် ၁၇ ချက်နဲ့ ပတ်သက်ပြီး နှစ်ဘက် ညှိနှိုင်းလို့မရ ဖြစ်ခဲ့တာပါ။

နေပြည်တော် လွှတ်တော်ကော်မတီမှာ ဇူလိုင် ၂၄ ရက်က ကြားဝင်ညှိနှိုင်းပေးခဲ့တဲ့ လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနဲ့ ပြန်ကြားဆက်ဆံရေးရာကော်မတီဝင် ဦးရဲထွန်းက “ပြန်ကြားရေး ၀န်ကြီးဌာနက တချက်ဖတ်လိုက်၊ ဟိုဘက်ကနေပြီး ပြောလိုက်၊ ကျနော်တို့ကလည်း ညှိနှိုင်းလို့ ရမယ်ထင်လို့ရှိရင်လည်း ကြားထဲက စကားလုံး အသုံးအနှုန်းလေး ဘာလောက်ဆိုလို့ရှိရင်လည်း အဲဒီလို ထင်တာပေါ့နော်၊ အဲဒီလို ရည်ရွယ်ထားတယ်။ ဒါပေမယ့် နှစ်ဖက်က ပြောကြဆိုကြတဲ့ အရဆိုရင် နှစ်ဖက်ရဲ့ ရပ်တည်ချက်နဲ့ ယုံကြည်မှုဟာ နည်းနည်း မကောင်းဘူးဖြစ်နေတယ်။ အဲဒီတော့ ယုံကြည်မှု မကောင်းတဲ့ အခါကျတော့ ညှိနှိုင်းလို့ မရဘူး” လို့ ပြောပါတယ်။

သတင်းမီဒီယာဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ညှိနှိုင်းမရတဲ့အပေါ် စာနယ်ဇင်းကောင်စီ အတွင်းရေးမှူး ဦးကျော်မင်းဆွေက အခုလိုပြောပါတယ်။

“ကျနော်တို့ စာနယ်ဇင်းကောင်စီရဲ့ သဘောထားက ၁၇ ချက်ထဲမှာပါတဲ့ အချက်တွေက ကျနော်တို့ ဆွဲထားတဲ့ဟာတွေကို သူတို့ ပြင်ခိုင်းတာပေါ့။ ကျနော်တို့ ဆွဲထားတဲ့ အချက်ထဲမှာ သတင်းမီဒီယာ ကောင်စီဟာ တခုတည်းသော ဖြစ်ရမယ်၊ အဲဒါကို သူတို့ ပြင်ချင်တယ်၊ တခုတည်းသော ကောင်စီမဖြစ်ချင်ဘူး၊ ကောင်စီတွေ အများကြီး လုပ်ချင်တယ်၊ အဲဒါကို ကျနော်တို့က သဘောမတူဘူး။ နောက် သတင်းမီဒီယာ ကောင်စီမှာပါတဲ့ လူတွေ အားလုံးဟာ ပြည်သူ့ ၀န်ထမ်းကဲ့သို့ သဘောထားရမယ်။ အဲဒါ ကျနော်တို့က ဥပဒေ ရေးထုံရေးနည်းအရ အရင် ဥပဒေမှာလည်း ရှိခဲ့တဲ့ စံနှုန်းတွေအတိုင်း ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ပြီး ထည့်ထားတာ။ အဲဒီအချက်တွေကို ပြင်ခိုင်းတယ်။ ကျနော်တို့ ရေးထားတာက အီလက်ထရွန်းနစ် မီဒီယာ၊ သူတို့က ပြင်စေချင်တာက အင်တာနက် မီဒီယာ၊ အဲဒါတွေကို သူတို့က ပြင်ခိုင်းတာ။ ကျနော်တို့က ပြင်လို့မရတဲ့အကြောင်း ရှင်းပြတယ်။ အဓိက သူတို့ ပြင်ခိုင်းတဲ့ တချို့ အချက်တွေက တခြားနည်းနဲ့ ပြန်ပြီးတော့ လွတ်လပ်ခွင့်ကို ထိပါးမှာ၊  ခြိမ်းခြောက်မှာ၊ ကန့်သတ်မှာ ကျနော်တို့ စိုးရိမ်တယ်။ အဲဒါကြောင့် ကျနော်တို့က မပြင်နိုင်ပါဘူး ပြောတာ။ ကျနော်တို့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော် အဲဒီလွှတ်တော် အရပ်ရပ်ရဲ့ အဆုံးအဖြတ်ပဲ ခံပါမယ်လို့ ပြောတာ။”

အခု စာနယ်ဇင်းကောင်စီရဲ့ သတင်းမီဒီယာဥပဒေကြမ်းကို လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနဲ့ ပြန်ကြားဆက်ဆံကော်မတီရဲ့ အကူအညီနဲ့ လွှတ်တော်တင်ဖို့ ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။

ဒီလထဲ ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့တဲ့ ပုံနှိပ်ထုတ်ဝေဥပဒေကြမ်းနဲ့ ပတ်သက်ပြီး စာနယ်ဇင်းကောင်စီနဲ့ ပြန်ကြားရေးတို့ နှစ်ဘက် ယုံကြည်မှုစပြီး ပျက်ပြားခဲ့တာ ဖြစ်ပါတယ်။

စာနယ်ဇင်းကောင်စီက ရေးဆွဲထားတဲ့ သတင်းမီဒီယာဥပဒေကြမ်းမှာ အခန်း ၁၀ ခန်း၊ ပုဒ်မပေါင်း ၃၈ ခု ပါဝင်ပြီး၊ အဲဒီထဲက အချက် ၁၇ ခုကို သဘောမတူဘူးလို့ ဇူလိုင် ၉ ရက်မှာ ပြန်ကြားရေးဝန်ကြီးဌာနက ကောင်စီကို အကြောင်းပြန်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013