DVB Logo
Home
အာရှဒေသ
ရေကြီးမှုကြောင့် အိန္ဒိယနိုင်ငံတွင် လူပေါင်းထောင်ချီ ပျောက်ဆုံးနေကြောင်း ကြေညာ
DVB
·
July 25, 2013
ရေကြီးမှုကြောင့် အိန္ဒိယနိုင်ငံတွင် လူပေါင်းထောင်ချီ ပျောက်ဆုံးနေကြောင်း ကြေညာ
Donate to DVB

အိန္ဒိယနိုင်ငံ ဥတ္တရခန်းပြည်နယ်မှာ ရေကြီးခဲ့တဲ့အတွက် လူပေါင်း ၆၀၀၀ လောက်နီးပါး ပျောက်ဆုံးနေတယ်လို့ ကြေညာထားခဲ့ပါတယ်။
ရုတ်တရက် ရေကြီးမှုဖြစ်ပြီး ၁ လအကြာမှာ အစိုးရက ပျောက်ဆုံးနေဆဲ ဖြစ်တဲ့လူတွေကို သေဆုံးသွားခဲ့ပြီလို့ ယူဆရတော့မယ်လို့ ကြေညာခဲ့ပါတယ်။

ချောက်မဲလ်ပါရိနဲ့ သူ့မိန်းမတို့ဟာ ပျောက်ဆုံးနေတဲ့ သူတို့ရဲ့သား ရှာရတ်ဒ်ပါရိရဲ့ မကြာခင် က ရိုက်ခဲ့တဲ့ဓာတ်ပုံကို အိမ်မှာ ရှာနေကြပါတယ်။ သူတို့က သူရှိနေတဲ့နေရာကို သိနိုင်စရာသဲလွန်စ တခုခုများ ရလာမလားဆိုတဲ့ မျှော်လင့် ချက်နဲ့ အဲဒီဓာတ်ပုံကို သတင်းစာထဲမှာ ထည့်ချင်နေကြပါတယ်။

ချောက်မဲလ်ပါရီက “ကျနော့်သားက အငှားကားမောင်းပါတယ်။ သူက ကမ္ဘာလှည့်ခရီးသည်တွေကို လှည့်ပတ် ပြ ရတတ်ပါတယ်။။ ဇွန် ၁၀ ရက်နေ့မှာတော့ သူက ကမ္ဘာလှည့်ခရီးသည် တချို့နဲ့ ထွက်သွားခဲ့ပါတယ်။ ၃ ရက်အကြာမှာ သူက ကျနော့်ဆီ တယ်လီဖုန်းဆက်ပြီး သူ ဘာဒရီနတ်သ် ဘုရားကျောင်းကို သွားလည်ခဲ့တယ်လို့ ပြောပါတယ်။ သူက ကျနော်ဆီကို ၁၆ ရက်နေ့မှာ ဖုန်းတခါ ထပ်ဆက်ပြီး ရာသီဥတုဆိုးနေလို့ အိမ်ကို ၃ ရက်၊ ၄ ရက်လောက် နောက်ကျပြီးမှ ရောက်မယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနောက်တော့ ပျောက်သွားတော့တာပါပဲ” လို့ ပြောပါတယ်။

ဇွန်လထဲမှာ စံချိန်တင်အောင် ရွာခဲ့တဲ့မိုးကြောင့် ဥတ္တရခန်းပြည်နယ်မှာ မြေပြိုတာတွေနဲ့ မြစ်ရေကြီးတာတွေ အကြီးအကျယ်ဖြစ်ခဲ့ပြီး နှစ်စဉ် ဟိန္ဒူဘုရားကျောင်းတွေကို ဘုရားဖူးသွားကြ တဲ့ ထောင်နဲ့ချီ အုပ်ဖွဲ့သွားတတ်ကြတဲ့ ဘုရားဖူးတွေ ပိတ်မိနေခဲ့ကြပါတယ်။

ချောက်မဲလ်ပါရီက “ကျနော်တို့ သူ့ကို နေရာအနှံ့ ရှာခဲ့ပါတယ်။ ကျနော့်သားအငယ်နဲ့ သူ့သူငယ်ချင်းတွေ သူ့ကိုရှာဖို့ ဥတ္တရခန်းကို ၂ ခေါက်သွားခဲ့ကြပါတယ်။ ကျနော်တို့ သူ့ဓာတ်ပုံကို ပြခဲ့ပေမယ့် အလကားပါပဲဗျာ။ သူ့ကို တွေ့ဖို့ ဘုရားသခင်တန်ခိုးတော်နဲ့ ကယ်မပါစေဗျာ။ သူ တနေ ရာရာမှာ အသက်ရှင်နေသင့်ပါတယ်။ သူ ထိခိုက်ပြီး ဒုက္ခိတ ဖြစ်ချင်ဖြစ်ပါစေ ဘာဖြစ်ဖြစ်ပါ” လို့ ပြောပါတယ်။

ဒေသအစိုးရကတော့ ချောက်လို လူတွေကို အဆိုးဆုံးအခြေအနေကို ပြောခဲ့ပါတယ်။ အဖြစ်နိုင်ဆုံးကတော့ သူတို့ ချစ်ခင်ရသူတွေ သေသွားခဲ့ကြပြီလို့ ဆိုပါတယ်။
ဒါပေမယ့် ရှာရတ်ဒ်ရဲ့ မိန်းမ ဂူလီယာပါရိကတော့ သူယောက်ျား အသက်ရှင်လျက် ပြန်ရောက်လာလိမ့်မယ်လို့ မျှော်လင့်နေတုံးပါပဲ။

“ပြီးခဲ့တဲ့ ၁၆ ရက်နေ့က သူကျမဆီကို ဖုန်းခေါ်ခဲ့တာ နောက်ဆုံးပါပဲ။ သူက သူ့အငှားကား ရဲ့ရှေ့က ကားတွေအားလုံး ရေထဲနစ်သွားကြပြီလို့ ပြောပြီး သူကတော့ ပြန်လာခဲ့မယ်၊ နောက်ကျ လည်း နည်းနည်းပါပဲလို့ ပြောခဲ့ပါတယ်။ ကျမ သူအန္တရာယ်ကင်းကင်းနဲ့ ပြန်ရောက်လာဖို့ ဘုရားသခင်ကို ဆုတောင်းပါတယ်။ သူအိမ်ပြန်လာပြီး ကျမနဲ့ ကျမတို့ရဲ့ကလေးကို တွေ့ရမယ်လေ။”

မိသားစုနဲ့ ရင်းချာတဲ့ ဆွေမျိုးတွေ သူတို့အိမ်ကို လာလည်ကြပါတယ်။ သူတို့အားလုံးကို မိသားစုဝင်တွေက ကြိုဆိုခဲ့ကြပါတယ်။ ရှာရတ်ဒ်ရဲ့ ပြုံးနေတဲ့ဓာတ်ပုံကတော့ နံရံပေါ်မှာ ချိတ်လျက်သား ရှိနေပါတယ်။

ရှာရတ်ဒ်ရဲ့ ညီ မိုဟစ်ကတော့ စောင့်မနေနိုင်တော့ဘဲ ကပ်ဘေးသင့်တဲ့ နေရာကို သွားပြီး သူအစ်ကိုကို ကြိုးစားရှာဖွေဖို့ သွားခဲ့ပါတယ်။ သူက ရေကြီးနေတဲ့ ဗွီဒီယိုမှတ်တမ်းလေးကို သူ့တယ်လီဖုန်းနဲ့ ရိုက်ယူလာခဲ့ပါတယ်။

မိုဟစ်က “မြစ်က မီတာ ၂၀၀ လောက် စီးထွက်သွားတာဗျ။ ခု အလယ်တည့်တည့်ရောက်နေပြီ။ နေရာတိုင်း ရေတွေချည်းပဲ။ ဟိုတယ်နဲ့ တည်းခိုခန်း အတော်များများရေစီးနဲ့ မျောပါသွားခဲ့ကြတယ်လေ။ ဗွီဒီယိုထဲမှာ ယာဉ်တွေ၊ အ၀တ်အစားတွေ၊ ဖိနပ်တွေနဲ့ အရာရာတိုင်း ရေထဲရောက်နေတာကို ခင်ဗျားတို့တွေ့နိုင်တာပဲ။ မရေနိုင်လောက်တဲ့ အလောင်းတွေနဲ့ နေရာတိုင်း အပုပ်နံတွေ ထွက်နေတော့တာပေါ့ဗျာ။ မယုံနိုင်အောင် အံ့ဩစရာတွေကတော့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျနော်က ဒီလောက်တော့ ယုံကြည်မှု မရှိတော့ပါဘူးဗျ။ ရေကြီးတာအပြင် ဘေးသင့်မှုမှာ မြေပြိုတာတွေလည်းဖြစ်လာခဲ့တယ် မဟုတ်လား” လို့ ပြောပါတယ်။

ထောင်နဲ့ချီတဲ့ ဟိန္ဒူတွေဟာ နွေရာသီကာလမှာ ဥတ္တရခန်းပြည်နယ်က ဘုရားကျောင်းကို ဘုရားဖူး လာရောက်လေ့ ရှိပါတယ်။ ပြည်နယ်ဟာ အားလပ်ရက် အလည်အပတ်ခရီးထွက်ရာ တခုအဖြစ် ထင်ရှားလူသိများပါတယ်။ ရှင်းမ်လာမိတဲလ်နဲ့ အရေမိတဲလ်လိုလူတွေက နွေရာသီရဲ့ အပူဒဏ်ကို ရှောင်ရှားဖို့ ပိုပြီးအေးမြတဲ့တောင်တွေရှိရာကို လာတတ်ကြပါတယ်။ ဧည့်သည်တွေက အများအားဖြင့် ဇူလိုင်လ မိုးသည်းသည်းမဲမဲ မရွာခင် ပြန်ကြလေ့ရှိပါတယ်။ ဒါပေမယ့် ဒီနှစ်မှာ မိုးက ၁ လလောက် စောပြီး ရွာခဲ့ပါတယ်။

ရှင်းမ်လာမိတဲလ်က “တောင်တန်းတွေ အားလုံးပေါ်မှာ မိုးက သည်းသည်းမဲမဲရွာခဲ့တယ်လေ။ စမ်းချောင်းတွေ အတော်များများ စပြီး စီးတော့တာပေါ့ရှင်။ နေရာအနှံ့ချောနေလို့ လမ်းလျှောက်ဖို့တောင် မဖြစ်နိုင်သလောက် ဖြစ်ခဲ့တာရှင့်။ ဒါပေမယ့် ကျမတို့ ချက်ချင်းပြန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရုတ်တရက်ကြီးမြေက ပြိုကျလာတယ်လေ။ ကျမတို့ ပိတ်မိနေတော့တာပေါ့။ ကျမတို့မှာ ပါတဲ့ စားစရာတွေလည်းကုန် သောက်စရာရေတောင် နည်းနည်းလေးပဲ ကျန်တော့တာ။ ဘုရားသခင်ရဲ့ ဂုဏ်ကျေးဇူးကြောင့် ကျမတို့ အသက်ရှင်ခဲ့တာပါ” လို့ ပြောပါတယ်။

အခုတော့ အိမ်မှာ အန္တရာယ်ကင်းနေကြပါပြီ။ အပြန်လမ်းတလျှောက် မြင်တွေ့ခဲ့ရတဲ့ အခြေအနေကို အရေမိတဲလ်က အခုလိုပြောပါတယ်။

[caption id="attachment_41897" align="alignleft" width="300" caption="ဓာတ်ပုံ - ရိုက်တာ"][/caption]

“ကျနော်တို့ရေထဲမှာ မြင်းတွေ အများကြီးမျောနေတာ တွေ့ခဲ့တယ်။ မော်တော်ယာဉ်တွေ လည်း သစ်ရွက်တွေလိုပဲ ရေထဲမျောနေကြတယ်လေ။ ကျနော်တို့ အပြန်လမ်းမှာ ကျနော် အစောပိုင်းမှာ သူမိသားစုနဲ့ ရှိနေခဲ့တဲ့ အမျိုးသမီးတယောက်ကို ပြန်တွေ့ခဲ့တယ်။ အဲဒီအချိန်မှာတော့ သူက တယောက်တည်း ဖြစ်နေပြီ။ ကျနော်လည်း သူ့ကို သူ့ကလေးတွေ မပါတော့ဘဲ တွေ့လိုက်ရတော့ မျက်ရည်တောင် ကျမိတယ်။ သူက လူတွေ ထောင်နဲ့ချီပြီး ရေနစ်နေတာကို တွေ့ခဲ့ရတာပေါ့။”

တွေ့ရတဲ့ အလောင်းအတော်များများကိုတော့ အဲဒီဖြစ်တဲ့နေရာမှာပဲ မီးသင်္ဂြိုဟ်ခဲ့ကြရတာပါ။ ဒါပေမယ့် အလောင်းတော်တော်များများကတော့ ရေနဲ့မျောပါသွား ဒါမှမဟုတ် အမှိုက်သရိုက်တွေအောက်မှာ မြုပ်ပြီးကျန်နေနိုင်ပါတယ်။

တာဝန်ရှိသူတွေကတော့ ဆွေမျိုးသားချင်းတွေ ပျောက်နေလို့ စိတ်ဆင်းရဲ ပူဆွေးနေကြတဲ့ ရှာရတ်ဒ်ရဲ့ မိခင် မင်နျူဒေ၀ီလို မိသားစုတွေကို အလွယ်တကူ အဖြေပေးဖို့ မဖြစ်နိုင်တဲ့ အကြောင်း ၀န်ခံကြပါတယ်။

မင်နျူဒေ၀ီက “ကျမသားကို ဘယ်လောက်ကြာအောင်စောင့်ရမလဲ။ ကျမက ဘုရားသခင်ကို ယုံကြည်မှုတောင် မရှိတော့ပါဘူးရှင်။ ဒီလောကမှာ ဘုရားသခင်မရှိပါဘူး။ သူ့ကို ဒီလိုမျိုး အပြစ်ပေးရအောင် ကျမချွေးမက ဘာများအမှားလုပ်မိလို့လဲ။ ကျမကလေးတွေက သူတို့ဘ၀ကို သူတို့စရုန်းကန် လှုပ်ရှားနေကြပါပြီ။ ကျမ နတ်ဘုရားမကို စိန်ခေါ်တယ်ရ။ သူ တကယ်လို့ ကျမကို မကူညီဘူးဆိုရင် ကျမ သူ့ကို အိမ်ထဲကနေ လွှင့်ပစ်လိုက်တော့မယ်” လို့ ပြောပါတယ်။

တချို့ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးသမားတွေကတော့ ရေကြီးတာကို လူဖန်တီးတဲ့ကပ်ဘေးလို့ ခေါ်နေကြပါတယ်။

ရှင်းမ်လာမိတဲလ်က “ကမ္ဘာလှည့်ခရီးသည်တွေ၊ အမှိုက်တွေနဲ့ သစ်တောပြုန်းတီးမှုတွေ တိုးလာတယ်။ ပြသနာက ပိုပြီးဆိုးလာနေတယ်။ လူအတော်များများက ဟန်းနီးမွန်း ထွက်သလိုမျိုး ဘုရားဖူးလာနေကြတယ်။ ဒီတော့ ဘုရားသခင်ကို ကျမတို့ ဘယ်လို မကျေမနပ် ညည်းတွားတိုင် တမ်းကြမလဲ။”

ရာဝင်ဒါ ဆေးဂဲလ်က အာရှဒေသသတင်းဆောင်းပါးကဏ္ဍအတွက် အိန္ဒိယနိုင်ငံ ရိုင်ပူမြို့ကနေ သတင်းပေးပို့ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013