DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေကို အသစ်ပြန်ရေးမည်
DVB
·
July 24, 2013
Donate to DVB

နှစ်ပေါင်း ၉၉ နှစ်ရှိပြီဖြစ်ပြီး ခေတ်နဲ့လျော်ညီမှုမရှိတော့တဲ့ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေကို အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့အကူအညီနဲ့ အသစ်ပြန်လည်ရေးဆွဲဖို့ စီစဉ်ဆောင်ရွက်နေပြီလို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“အာရှဖွံ့ဖြိုးရေးဘဏ် ADB နဲ့ ပေါင်းပြီးတော့ အသစ်ပြန်ရေးဖို့ လုပ်တာ ဘာဖြစ်လဲဆိုတော့ ကျနော်တို့ ဥပဒေက တအား ဟောင်းနေတယ် ၉၉ နှစ်ရှိပြီ။ ပြင်လို့ရှိရင် မကောင်းနိုင်ဘူးပေါ့။ ADB နဲ့ ကျနော်တို့နဲ့ သုံးလေခါလောက် တွေ့ဆုံပြီး ဆွေးနွေးတယ်။ အသစ်ရေးတာနဲ့ ပြင်တာနဲ့ ဘယ်ဟာ ပိုကောင်းသလဲဆိုတာ အသစ်ရေးတာ ပိုပြီး လုပ်ရကိုင်ရတာ မြန်တယ်၊ နောက် ပိုပြီးတော့လည်း ထိရောက်တယ်၊ ကျနော်တို့က အသစ်ပြန်ရေးဖို့ လုပ်နေတယ်။”

မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေကို အင်္ဂလိပ်အစိုးရလက်ထက် ၁၉၁၄ ခုနှစ်က ရေးဆွဲခဲ့တာပါ။ ရေးဆွဲခဲ့တဲ့ ကာလမှာတော့ ကောင်းမွန်တဲ့ဥပဒေတစ်ရပ်လို့ ဆိုရပေမယ့် လက်ရှိကာလမှာတော့ ကုမ္ပဏီတွေအနေနဲ့ လုပ်ရကိုင်ရတဲ့နေရာမှာ လက်တွေ့ဆန်ဆန် ဆောင်ရွက်နိုင်မှု မရှိတာကြောင့်လည်း ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေကို နိုင်ငံတကာအဆင့်မီ ဥပဒေတရပ်ဖြစ်ဖို့ အတွက် ရည်ရွယ်ဆောင်ရွက်သွားမယ်လို့ ဦးအောင်နိုင်ဦးက ပြောပါတယ်။

“ကုမ္ပဏီ မှတ်ပုံတင်ပြီးလို့ နောက်ပိုင်းကျရင် ကျနော်တို့က အွန်လိုင်းနဲ့ သွားဖို့ ပြင်နေတာ ဆိုတော့ လက်ရှိ ဥပဒေကြီးကို သုံးမယ်ဆိုရင် အွန်လိုင်းက ဘယ်သူမှ သွားလို့မရဘူး။ မရတော့ ကျနော်တို့က ပိုပြီးတော့ အလုပ်ဖြစ်မယ့် ဥပဒေပေါ့လေ။ နိုင်ငံတကာ အဆင့်ကလည်း မီရမယ်၊ လုပ်သာကိုင်သာလည်း ရှိရမယ်၊ လုပ်လို့ကိုင်လို့ကလည်း ရှင်းလင်း လွယ်ကူရမယ်။ အဲလိုမျိုး ကျနော်တို့က ပြန်ပြီးလုပ်တာပါ။”

မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ကုမ္ပဏီတွေအနေနဲ့ မှတ်ပုံတင်တာ ရင်းနှီးမြှုပ်နှံတာတွေ လုပ်ဆောင်တဲ့နေရာမှာ လုပ်သာ ကိုင်သာရှိဖို့လိုတယ်လို့ ပြောပါတယ်။

“ကျနော်တို့က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှာ လက်မှတ်ထိုးထားတယ်။ နောက် အာဆီယံ စီးပွားရေးအဖွဲ့ဝင်တွေ ဖြစ်လာမယ်ဆိုတော့ အကုန်လုံးကတော့ မှတ်ပုံတင်တာတွေ ရင်းနှီးမြှုပ်နှံမှုတွေ တသားတည်းဖြစ်အောင်တော့ အကုန်လုံးတော့ ပြင်တော့ ပြင်ရမှာပဲလေ။ လုပ်လို့ကိုင်လို့ လွယ်မယ့်ဟာ ပုံစံမျိုး အကုန်လုံး ဖြစ်ရမယ်။"

လက်ရှိပြဌာန်းထားရှိတဲ့ဥပဒေအရ ကုမ္ပဏီတွေ မှတ်ပုံတင်တဲ့နေရာမှာ မလိုလားအပ်တဲ့ ကုန်ကျစရိတ်တွေ ရှိနေတဲ့အပြင်  လက်တွေ့မကျတဲ့ ကန့်သတ်ချက်တွေရှိနေတယ်လို့ စီးပွားရေးမူဝါဒရေးရာ ပညာရှင်ဒေါက်တာ အောင်ကိုကိုက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကုမ္ပဏီတွေ လုပ်သာကိုင်သာရှိဖို့လိုတယ်လို့ ဆိုပါတယ်။

ပုဂ္ဂလိက ဂဏ္ဍ ပိုပြီး ဖွံ့ဖြိုးလာအောင်ဆိုရင် အများပြည်သူပိုင်ကုမ္ပဏီတွေ အများကြီး ဖြစ်ဖို့လိုတယ်။ ကုမ္ပဏီတွေဟာ လွယ်လွယ်ကူကူနဲ့ မှတ်ပုံတင်နိုင်ရမယ်၊ လွယ်လွယ်ကူကူနဲ့ လုပ်ကိုင်နိုင်လောက်တဲ့ အနေအထားတခုဖြစ်ရမယ်၊ ကျနော်တို့ ဒီကုမ္ပဏီတွေမှာဆိုရင် တချို့ ကိုယ်တိုင် ခံဝန်ချက်တွေ အများကြီး လက်မှတ်ထိုးနေရဆဲ ရှိသေးတယ်။”

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်တဲ့ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့အထိ စာရင်းတွေအရ မှတ်ပုံတင်ထားရှိတဲ့ မြန်မာနိုင်ငံသား ကုမ္ပဏီအရေအတွက်က ၃၂,၅၆၃ ခုရှိပြီး နိုင်ငံခြားသားပိုင် ကုမ္ပဏီအရေအတွက်က ၂,၀၆၀ ခုရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013