DVB Logo
Home
မြန်မာသတင်း
မြို့တွင်း သယ်ယူပို့ဆောင်ရေးစနစ် ပြောင်းလဲတော့မည်
DVB
·
July 24, 2013
မြို့တွင်း သယ်ယူပို့ဆောင်ရေးစနစ် ပြောင်းလဲတော့မည်
Donate to DVB

ကုန်းလမ်းပို့ဆောင်ရေးက ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီ ၂ ခုနဲ့ ပြည်ပကုမ္ပဏီ ၁ ခုတို့ အကျိုးတူပူးပေါင်းပြီးတော့ မြို့တွင်းသယ်ယူပို့ဆောင်ရေးစနစ်ကို စနစ်တကျဖြစ်စေဖို့ ပြောင်းလဲတော့မယ်လို့ ကုန်းလမ်းပို့ဆောင်ရေးက ပြောပါတယ်။

ပြည်တွင်း၊ ပြည်ပကုမ္ပဏီတွေဆီကနေ သယ်ယူပို့ဆောင်ရေးအခန်းကဏ္ဍနဲ့ပတ်သက်တဲ့ နည်းပညာတွေ ရယူနိုင်ဖို့နဲ့ ငွေကြေးရင်းနှီးမြှုပ်နှံမှုများများ ဆောင်ရွက်နိုင်အောင်လို့ ပူးပေါင်းတာလို့ ကုန်းလမ်းပို့ဆောင်ရေး တာဝန်ရှိသူတဦးက ပြောပါတယ်။

ကုန်းလမ်းပို့ဆောင်ရေးနဲ့ အကျိုးတူပူးပေါင်းမယ့် ပြည်တွင်းကုမ္ပဏီနှစ်ခုက မန္တလေးအခြေစိုက် မိုးသောက်နှင်းကုမ္ပဏီနဲ့ Forever Green Light ကုမ္ပဏီဖြစ်ပြီး ပြည်ပကုမ္ပဏီကတော့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့အခြေစိုက် Busan Bus ယာဉ်လိုင်းကုမ္ပဏီ ဖြစ်ပါတယ်။

ကုမ္ပဏီ ၃ ခုနဲ့ နှစ် ၃၀ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပြီး ကုန်းလမ်းပို့ဆောင်ရေးဘက်က ငွေကြေးစိုက်ထုတ်ဖို့ အင်အားမရှိတဲ့အတွက် သူတို့ပိုင်တဲ့ မြေတွေကိုငှားရမ်းပြီး အကျိုးတူပူးပေါင်းရတာလို့ ဆိုပါတယ်။

ဒီပုဂ္ဂလိက ကုမ္ပဏီ ၃ ခုဟာ အကျိုးတူပူးပေါင်းဆောင်ရွက်တာနဲ့  မြို့တွင်းသယ်ယူ ပို့ဆောင်ရးကဏ္ဍကို မဖြစ်မနေ ပြေးဆွဲပေးရမယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးမှူး ဦးတင်ဝင်းအောင်က ဒီဗွီဘီကို ပြောပါတယ်။

“အဓိက စနစ်ပါပဲ။ ဒီစနစ်တခုကို အကောင်အထည်ဖော်လိုက်ရင် ဥပမာ ကားသမားတွေဟာ အခစား၊ အခေါက်စားတွေ မဖြစ်ရဘူး၊ လခစားနဲ့ ဘောနတ်ပေးတဲ့ စနစ်ဖြစ်ရမယ်။ အခုကားတွေ ဖြစ်နေတဲ့ ပြဿနာ အားလုံးဟာ ရလိုမှုအပေါ် မူတည်ပြီးတော့ ပြေးဆွဲ ဖြစ်သွားတယ်။ ကျန်တာကြောင့် မဟုတ်ပါဘူး။ ဒါကြောင့်မို့ ကျနော်တို့က စနစ်ကို ချိန်းလိုက်မယ်ဆိုရင်တော့ အကောင်းဆုံးလို့ ယူဆရမှာပဲ။ ဥပမာ ကားတစီးက ဒီအချိန်မှာ ဒီနေရာကိုရောက်ရမယ်၊ ဒီအချိန်မှာ ထွက်ရမယ်၊ မစောင့်ရဘူး၊ ရပ်တင်မောင်းစနစ်လုပ်ရမယ်။ ဒါမျိုးတွေ ကျင့်သုံးတာရှိတယ်။ တကယ့်လက်တွေ့မှာ အဲဒါတွေ ဖြစ်မလာဘူး။  အဲဒါတွေ ဖြစ်လာဖို့အတွက် ကွပ်ကဲထိန်းချုပ်တဲ့ စနစ်ကို တပ်ဆင်မယ်ဆိုရင်တော့ ဒါဖြစ်သွားမယ်။ နိုင်ငံတကာမှာလည်း ဒီနည်းတွေ သုံးနေတာပဲ။ ဥပမာ ခရီးသွားလာမှု အခက်အခဲ လမ်းပိတ်ဆို့မှုကြောင့် လူတဦးဟာ တနေ့မှာ ၂ နာရီလောက် ရှုံးဆုံမယ် ဆိုလိုရှိရင် တနေ့ကို သွားနေတဲ့ လူဦးရေး ၂ သန်းနဲ့ မြှောက်တဲ့ နာရီသည် နိုင်ငံတော်ရဲ့ ရှုံးဆုံးမှုဟာ နေ့စဉ် သိန်းပေါင်း သောင်းချီရှိတယ်။ ကျနော်တို့ နိုင်ငံမှာတော့ အချိန်အတိုင်းအတာတခု တန်ဖိုး မရှိသေးတာ ပြဿနာရှိတယ်။ အချိန်နဲ့ အမျှ အလုပ်လုပ်တဲ့ နိုင်ငံမှာဆိုရင်တော့ ကျနော်တို့ဟာ ရှုံးဆုံမှု ငွေကြေးဆိုလို့ရှိရင် နေ့စဉ် သိန်းပေါင်း သောင်းနဲ့ချီဆုံးမှာပါ၊ ကျနော်ကတော့ အဲဒီလို တွက်ထားပါတယ်။”

မြို့တွင်းသယ်ယူပို့ဆောင်ရေးစနစ်ကို ကောင်းမွန်တဲ့ ထိန်းချုပ်ကွပ်ကဲမှုအောက်ကနေ သွားနိုင်ဖို့ ပြောင်းလဲပစ်မယ်ဆိုရင် အများပြည်သူနေ့စဉ်ကြုံတွေ့နေရတဲ့ ရန်ကုန်မြို့သွားရေးလာရေးအခက်အခဲကို ဖြေရှင်းပေးနိုင်မှာလို့ သူကပြောပါတယ်။

စည်းကမ်းတကျမရှိတဲ့အပြင် အစိုးရဘက်က ပံ့ပိုးမှုပိုင်းလည်း အားနည်းနေသေးတဲ့ ဒီသယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ပြေးဆွဲတဲ့စနစ်ကို ပြောင်းလဲနိုင်ဖို့အတွက် ပြည်သူတွေဘက်ကလည်း စည်ကမ်းတကျ ပူးပေါင်းပါဝင်နိုင်ဖို့က အဓိကအရေးကြီးတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့မှာ နေ့စဉ်ပြေးဆွဲနေတဲ့ ယာဉ်လိုင်းအရေအတွက်က သုံးထောင်နဲ့အထက် ရှိနေပြီး ခရီးသည်အရေအတွက်ဟာ ၁ ရက်ကို ၃ သန်းနီးပါးရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013