DVB Logo
Home
မြန်မာသတင်း
ဂျပန်ငလျင်ဘေးအတွက် NUG ဂျပန်ကိုယ်စားလှယ်ရုံးနှင့် ဂျပန်ရောက်မြန်မာများက လှူဒါန်း
ဇော်ဇော်လှိုင်
·
August 4, 2026
ဂျပန်ငလျင်ဘေးအတွက် NUG ဂျပန်ကိုယ်စားလှယ်ရုံးနှင့် ဂျပန်ရောက်မြန်မာများက လှူဒါန်း
Donate to DVB

ဂျပန်နိုင်ငံ၊ ခုမမိုတိုစီရင်စုမှာ လှုပ်ခတ်ခဲ့တဲ့ အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၁ ရှိ ငလျင်ဘေးသင့်ဒေသအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးနဲ့ ဂျပန်ရောက် မြန်မာပြည်သူတွေက စုစုပေါင်း ယန်း ၅၇၈,၀၀၀ ကို အရေးပေါ် ကူညီရေးရန်ပုံငွေအဖြစ် လှူဒါန်းခဲ့ပါတယ်။

NUG ဂျပန်ကိုယ်စားလှယ်ရုံးက ယန်း ၃၀၀,၀၀၀ မတည်လှူဒါန်းခဲ့ပြီး၊ ဂျပန်ရောက် မြန်မာပြည်သူတွေက ယန်း ၂၇၈,၀၀၀ ထပ်မံပါဝင်လှူဒါန်းကာ အရေးပေါ်ကယ်ဆယ်ရေးနဲ့ လိုအပ်တဲ့ အကူအညီတွေ ဆောင်ရွက်နိုင်ဖို့ Kumamoto Bank ကို ကနဦးအလှူငွေအဖြစ် လွှဲပြောင်းပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ငလျင်ဒဏ်ကြောင့် သောက်သုံးရေ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အကူအညီတောင်းခံမှုကိုလည်း ဟီရိုရှီးမားမြန်မာကွန်မြူနတီနဲ့ ချိတ်ဆက်ပူးပေါင်းကာ သောက်သုံးရေတွေ ဝယ်ယူပို့ဆောင် ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။

ဟီရိုရှီးမားမြန်မာကွန်မြူနတီအဖွဲ့မှ ကိုအောင်ကြည်လင်းက “NUG JP က ဆက်သွယ်လာလို့ ခုမမိုတို ရောက် မြန်မာတချို့ ငလျင်ကြောင့် သောက်ရေအခက်အခဲ ဖြစ်နေမှုကို သိရှိရလို့ ကျနော်ကိုယ်တိုင် သွားရောက်ပို့ပေးခဲ့ပါတယ်။ NUG (ဂျပန်) ပြည်သူ့အစိုးရကို ကူညီခွင့်ရပြီး ထောက်ပံ့နိုင်ခဲ့လို့ ဝမ်းသာရသလို ကိုယ့်မြန်မာအချင်းချင်း ကူညီပေးနိုင်ခဲ့လို့ ကြည်နူးရပါတယ်”လို့  ပြောပါတယ်။

NUG ဂျပန်ကိုယ်စားလှယ်ရုံးရဲ့ ပြန်ကြားရေးအဖွဲ့မှ ကိုသန့်ဇော်ထက်က “ဂျပန်နိုင်ငံဆိုတာ မြန်မာနိုင်ငံ အခက်အခဲကြုံတိုင်း အစိုးရအနေနဲ့ရော ပြည်သူလူထုအနေနဲ့ပါ အမြဲတမ်း ကူညီပံ့ပိုးပေးခဲ့တဲ့နိုင်ငံ ဖြစ်ပါတယ်။ အခုလို ဂျပန်နိုင်ငံက သဘာဝဘေးအန္တရာယ်နဲ့ ကြုံတွေ့ချိန်မှာတော့ NUG အစိုးရနဲ့ ဂျပန်ရောက် မြန်မာတွေဘက်ကလည်း တတ်နိုင်သလောက် ပြန်လည်ကူညီထောက်ပံ့ချင်တဲ့ စိတ်နဲ့ ဆောင်ရွက်တာဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။

ကိုသန့်ဇော်ထက်က “နောက်တချက်က ခုမမိုတိုဒေသမှာရှိတဲ့ မြန်မာအလုပ်သင်လုပ်သားတွေ၊ ရောက်ခါစ လူငယ်တွေအတွက်လည်း တိုင်းတပါးရောက်နေချိန်မှာ အားကိုးအားထားပြုစရာ မိခင်အစိုးရတရပ်အနေနဲ့ တော်လှန်ရေးအစိုးရက စောင့်ရှောက်ပေးနေတယ်ဆိုတဲ့ သဘောလည်း ပါဝင်ပါတယ်”လို့  ဆက်လက်ပြောပါတယ်။

လက်ရှိအချိန်အထိ ငလျင်ကြောင့် သေဆုံးသူ ၃၈ ယောက်ရှိကြောင်း သက်ဆိုင်ရာ ထုတ်ပြန်ချက်တွေအရ သိရပြီး၊ ခုမမိုတိုဒေသအတွင်း ပညာတော်သင် ကျောင်းသားတွေ၊ စက်မှုလုပ်ငန်း၊ လက်မှုလုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား စုစုပေါင်း ၂,၀၇၇ ယောက်လောက် နေထိုင်နေကာ အခုအချိန်အထိ ငလျင်ဒဏ်ကြောင့် မြန်မာနိုင်ငံသား ထိခိုက်ဒဏ်ရာရရှိကြောင်း သတင်းတွေ မရရှိသေးပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးကလည်း လိုအပ်တဲ့ အကူအညီတွေကို တောင်းခံလာပါက ကူညီပေးဖို့ အဆင်သင့် ပြင်ဆင်ထားကြောင်း အသိပေးကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013