DVB Logo
Home
Lead Story
‌နွေဦးမှတ်တမ်း ၂၀၂၀၊ ကိုဗစ်-၁၉ မှတ်တမ်း (နှင်းမာယာ) 
DVB
·
October 22, 2020
‌နွေဦးမှတ်တမ်း ၂၀၂၀၊ ကိုဗစ်-၁၉ မှတ်တမ်း (နှင်းမာယာ) 
Donate to DVB

ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသူ၊ ကိုယ်တိုင်လည်း တက်သစ်စ စာရေးဆရာမလေး နှင်း (မာယာ) ရဲ့ ကိုရိုနာဗိုင်းရပ်စ် လူနာဘဝ (နွေဉီးမှတ်တမ်း ၂၀၂၀) စာအုပ် ထွက်ရှိလာပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ အခု မြန်မာပြည်မှာ ကူးစက်မြန်နေပြီး သေနှုန်းလည်းတိုးနေတယ်။ ဒီလိုအချိန်မှာ ကူးစက်ခံခဲ့ရသူ၊ ချူခြာသူ၊ စာရေးဆရာမလေးက သူ ဘယ်လိုကူးစက်ခဲ့ပုံ၊ ဘယ်လို ဆေးစစ်ခဲ့ပြီး Q ဝင်ဖို့ပြင်ဆင်ခဲ့ပုံ၊ စိတ်ခွန်အားတွေက နက္ကတစ် ပြန်ဖြစ်လာဖို့ ဘယ်လောက် အရေးပါခဲ့ကြောင်းတွေ စုံစီနဖါ ရေးထားပါတယ်။ 

သူမက ရောဂါဖြစ်တာ စသိလာပုံကို . . .

“ဧပြီ (၃၀) ၂၀၂၀     . . . .   မနက်ခင်းတွင် နံနက်စာပြင်ဆင်သည်။ စားနေကျ ပေါင်မုန့်မီးကင်နှင့် ကြက်ဉကြော်ကို ခပ်သွက်သွက် ပြင်ဆင်သည်။ ရှောက်ချိုသီးတလုံးကို ခွဲသည်။ ရှောက်ချိုသီး စားနေစဉ်အတွင်း ရုတ်တရက် အရသာမဲ့သွားသည်ကို သတိပြုမိသည်။ ရှောက်ချိုသီးသည် ချိုသလော၊ ချဉ်သလော ခွဲခြားမသိနိုင်ပေ။ အနီးတွင်ရှိသော ဆေးပရုတ်ဆီဗူးကို ယူကာ အနံ့ခံရန် ကြိုးစားသည်။ သေခြာသည်။ ပရုတ်ဆီ၏ အနံ့မရတော့။ အနံ့ပါ ပျောက်ဆုံးနေခဲ့သည်။ ရုတ်တရက် ခေါင်းနားပန်းကြီးသွားခဲ့သည်။ လူပြောများလှသည့် ရောဂါတခုကို ကျမ တွေ့နေရချေပြီ။”

ဆရာမ နှင်း (မာယာ) ဟာ အခုစာအုပ်ပါနဲ့ဆိုရင် စာအုပ် ၄ အုပ် ထုတ်ပြီးပြီ။ အရင်စာအုပ် - တိမ်ခြွေမိုး (သက်ရှိ ကမ္ဘာမြေ ဆောင်းပါးများ စုစည်းမှု) စာအုပ်အတွက် သူနဲ့ တီဗွီ အင်တာဗျူးလုပ်ခဲ့သေးတယ်။ တိမ်ခြွေမိုးကတော့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းဖို့ အကြောင်းပါ။ အခု နွေဦးမှတ်တမ်းကတော့ ကိုဗစ်- ၁၉ ရောဂါ အကြောင်းပေါ့။ ကြိုတင်ကာကွယ်ရေး၊ ရောဂါဖြစ်လာပါက ဘာတွေလုပ်ရမယ်။ ရုပ်ဝတ္ထုပစ္စည်းတွေဘယ်လိုပြင်ဆင်ရမယ် ဆိုတာတွေ ရေးထားသလို စိတ်ပိုင်းဆိုင်ရာ အင်အားတွေပြည့်အောင် ဘယ်လို ပြင်ဆင်ထားရမယ်ဆိုတာတွေ ရေးထားတာပါ။ 

‘‘ နောက်ပြန်ဆုံကြမယ် . . . 

အကယ်၍များ . . .

ငါတို့ ဘာမှ မဖြစ်ကြဘူး ဆိုရင်ပေါ့ ’’ ဟု 

နှုတ်ဆက်ရသည့် အခိုက်အတန့်တွင်

မရေရာခြင်းများစွာ ပါဝင်နေခဲ့သည်။ 

စာအုပ်အမှာစာရေးပေးသူ ဆရာနေဝင်းမြင့်ကတော့ ‘’ ဆရာမ နှင်း (မာယာ) ၏ ‘‘ နွေဦးမှတ်တမ်း ၂၀၂၀ ’’ စာအုပ်သည် နက်ရှိုင်းလှသော ချောက်ကမ်းပါးတလျှောက် သက်စွန့်ဆံဖျား ရုန်းတက်လာခဲ့သည့် မိန်းမသားတယောက်၏ ကိုယ်တွေ့ အဖြစ်အပျက်’’ လို့ ဆိုပါတယ်။ 

မှတ်တမ်းနှင့် ဇာတ်ဝတ္ထုဆန်ဆန် ရေးဖွဲ့ထားသော စာပေပုံသဏ္ဍာန် အသစ်၊ Docu-drama အဖွဲ့အနွဲ့ လို့ မှတ်ချက်ပြုပါတယ်။

၁၁ မတ် ၂၀၂၀       ကိုဗစ်-၁၉ အား ကမ္ဘာ့ကပ်ရောဂါအဖြစ် WHO က စတင်ကြေညာ။

၂၀ မတ် ၂၀၂၀       ကမ္ဘာတွင် ကိုဗစ် ပိုးမတွေ့တာ လာအိုနှင့် မြန်မာ ၂ နိုင်ငံသာ ကျန်ရှိ။ 

၂၃ မတ် ၂၀၂၀       မြန်မာပြည်၌ ကိုရိုနာဗိုင်းရပ်စ် ပထမဆုံး ကူးစက်သူ စတင်တွေ့ရှိ။

၂၄ မတ် ၂၀၂၀       ချင်းနယ်၊ တီးတိန်မြို့၊ ကပ်တဲလ်ရွာကို မြန်မာ့ ပထမဆုံး ရွာအဖြစ် Lockdown ချ။

၂၇ မတ် ၂၀၂၀      မြန်မာ့ ပထမဆုံး ကိုဗစ် လူနာ (၆၉ နှစ်) ကွယ်လွန်

၁၃ ဧပြီ ၂၀၂၀       ကိုဗစ်ကြောင့် သင်္ကြန်ပွဲ မကျင်းပရတော့ပဲ

 သမိုင်းမှာ ပုဂံ တရုတ်ပြေးမင်းလက်ထက်နဲ့ အခုနှစ် ကြိမ်  တည်းသာ ဒီလို ကျင်းပခွင့်မရတာဖြစ် - - - စသဖြင့် အချက်အလက်သတင်းတွေနဲ့ သမိုင်းဆိုင်ရာ အဖြစ်အပျက်တွေကို သွယ်ယှက် သိုင်းဝိုင်း ရေးသားထားတယ်။

ပျော်ရွှင်ခဲ့တဲ့ကာလတွေ၊ ကမ္ဘာကြီးမှာ ထိတ်လန့်စရာတွေ များလာနေတာ၊ ကိုယ်တိုင် အဆိုးသံသယာတွင်းရောက်သွားတာ၊ ရုန်းကန်တိုးထွက်နိုင်ခဲ့တာတွေအထိပေါ့။ ဇာတ်ရှိန်အတက် ဆုံးက “ကိုဗစ်-၁၉ ပိုး‌တွေ့ပြီဆိုတော့ ငါ သေရတော့မှာလားလို့ စိုးရိမ်ကြောက်လန့်စိတ် ပေါ်လာတာပဲ။” လို့ ဆရာမက ဆိုပါတယ်။ ဒီစာအုပ်ထဲမှာ

အပိုင်း ၁   နှုတ်ဆက်နှုတ်ခွန်းဆက်။

အပိုင်း ၂    ၂၀၂၀ ကိုကြိုဆိုခြင်း။

အပိုင်း ၃    နာဂမြေသို့သွားရောက်ခြင်း။ 

အပိုင်း ၄   ကူးစက်မြန် အဆုတ်ရောင်ရောဂါစတင်ခြင်း။

အပိုင်း ၅   နွေဦးနေ့စွဲများ၊ ဝူဟန်ဗိုင်းရပ်စ်ကို ကိုဗစ်-၁၉ ဗိုင်းရပ်စ်အဖြစ် WHO ကျေညာခြင်း။

အပိုင်း ၆   ကမ္ဘာ့ကပ်ရောဂါအဖြစ် ကျေညာခြင်း။ မြန်မာအစိုးရ၏ ပြင်ဆင်မှုများ။

အပိုင်း ၇   စာရေးသူကိုယ်တိုင် ကိုဗစ်-၁၉ ကူးစက်ခံရပြီ။

အပိုင်း ၈  ကိုဗစ်ကို ကျော်လွှားခြင်းနဲ့ ဆက်လက်ရှင်သန်ခြင်း။ 

 စတဲ့ ခေါင်းစဉ်တွေနဲ့ ရေးထားတယ်။ 

ကိုဗစ်-၁၉ နက္ကတစ်အဖြေရပြီး ဆရာဝန်က ကွန်ဂရက်ကျူလေးရှင်း လုပ်လိုက်ယုံနဲ့ ပြဿနာပြီး မသွားပါ။ သူမ ရောဂါပျောက်လို့ အိမ်ပြန်ခွင့်ရပြီ။ ဒါပေမဲ့ . . . 

‘‘ တခါတရံ ပန်းတိုင်သည် ပြေးလမ်းတခု၏ အစဖြစ်နေတတ်သည်။ ကျွန်မ ပန်းတိုင်ရောက်အောင် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပါသည်။ သို့သော် ပန်းတိုင်ရောက်ကာမှ နောက်ထပ် ပြေးလမ်းတခုက အသင့်စောင့်နေသည်ကို ကျွန်မ တွေ့လိုက်ရသည်။ ” ဟုဆိုကာ ကိုဗစ်-၁၉ ပျောက်ကင်းပြီးနောက် နောက်ဆက်တွဲ လိုက်လာတဲ့ ပြဿနာပေါင်းစုံကိုပါ စာအုပ်မှာ တင်ပြထားတယ်။ 

ဒါကြောင့် ဒီစာအုပ် နွေဦးမှတ်တမ်း ၂၀၂၀ ကို ကိုဗစ် မှတ်တမ်း ၂၀၂၀ လို့ အမည်ပေးချင်တယ်။ 

စာအုပ်အမည် – နွေဦးမှတ်တမ်း ၂၀၂၀

စာရေးသူ – နှင်း (မာယာ)

စာ – ၂၅၀

စာအုပ်တိုက် – ရသယာဉ်စွန်းတန်းစာပေ(ပထမအကြိမ်)

တန်ဖိုး – ၃၀၀၀ ကျပ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013