DVB Logo
Home
မြန်မာသတင်း
မြန်မာပိုင် အသေးစားဂြိုဟ်တု MMSATS-1 “လောကနတ်-၁” တည်ဆောက်ပြီးစီး
DVB
·
October 22, 2020
မြန်မာပိုင် အသေးစားဂြိုဟ်တု MMSATS-1 “လောကနတ်-၁” တည်ဆောက်ပြီးစီး
Donate to DVB

မြန်မာနိုင်ငံပိုင် အနိမ့်ပျံအသေးစားဂြိုဟ်တု MMSATS-1 (မြန်မာအမည် “လောကနတ်-၁”)  ကို အောင်မြင်စွာ တည်ဆောက်ပြီးစီးသွားပြီဖြစ်ပြီး  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ နိုင်ငံတကာ အာကာသစခန်းသို့ ပို့ဆောင်မယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

MMSATS-1 ဂြိုဟ်တုကို ဂျပန်နိုင်ငံ Hokkaido တက္ကသိုလ်နဲ့  Tohoko တက္ကသိုလ်တို့က တည်ဆောက်ခဲ့တာဖြစ်ပြီး အာကာသအတွင်း လွှတ်တင်နိုင်ဖို့ ဟော့ကိုင်းဒိုးတက္ကသိုလ်က ဂျပန်အာကာသအေဂျင်စီထံသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာ ၂၁ ရက်က အွန်လိုင်းကနေ ကျင်းပရာမှာ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်ခဲ့ပါတယ်။

အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အခုလို ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း အခက်အခဲအမျိုးမျိုးကြားမှ တည်ဆောက် ပြီးစီးခဲ့ပြီး လာမည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ MMSATS-1 ဂြိုဟ်တုကို   လွှတ်တင်ရန်စီစဉ်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

အခုတည်ဆောက်ပြီးစီးသွားတဲ့ အနိမ့်ပျံအသေးစားဂြိုဟ်တုအနေနဲ့ မြန်မာနိုင်ငံအတွက် စိုက်ပျိုးရေးဆိုင်ရာ၊ သစ်တောဆိုင်ရာ၊ မြို့ရွာစီမံကိန်း ရေးဆွဲခြင်းဆိုင်ရာ၊ ပင်လယ်ရေကြောင်းနဲ့ သမုဒ္ဒရာပညာ ရပ်ဆိုင်ရာ၊ မြေဆီလွှာ၊ တွင်းထွက်ပစ္စည်းနှင့်ဓာတ်သတ္တု ရှာဖွေခြင်းဆိုင်ရာ၊ မိုးလေဝသနှင့် ရေအရင်းအမြစ်ဆိုင်ရာနဲ့  သဘာဝဘေးစီမံခန့်ခွဲခြင်းဆိုင်ရာ နယ်ပယ်တွေအတွက် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေမယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။ 

 မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်တွင်မှာလည်း မြေပြင်အသေးစား ဂြိုဟ်တု ထိန်းချုပ်ရေးစခန်း၊ အသေးစားဂြိုဟ်တုလက်တွေ့စမ်းသပ်ခန်းတို့ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ဖို့ ဂျပန် တက္ကသိုလ်နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်မှ ပထမအသုတ် ဆရာ၊ ဆရာမ ၇ ဦးနဲ့ သင်တန်းသား ၇ ဦးကို  ဂြိုဟ်တုတည်ဆောက်ခြင်း လက်တွေ့လုပ်ငန်း ခွင်သင်တန်းနဲ့ ဂြိုဟ်တုနည်းပညာနဲ့ အာကာသနည်းပညာ အသုံးပြုမှုဆိုင်ရာ အွန်လိုင်းသင်တန်းတွေပေးတဲ့အတွက် ကျေးဇူးတင်ပါကြာင်းပြောပါတယ်။

အခမ်းအနားမှာ ဟော့ကိုင်းဒိုးတက္ကသိုလ်မှ ဂျပန်အာကာသအေဂျင်စီ JAXA ထံသို့ ဂြိုဟ်တု လွှဲပြောင်းပေးအပ်ကြောင်း သဘောတူညီချက်ကို လက်မှတ်ရေးထိုးကြပြီး  MMSATS-1 (လောကနတ်-၁) တည်ဆောက်မှုနဲ့ ပတ်သက်ပြီး ဟော့ကိုင်းဒိုးတက္ကသိုလ်မှ ပါမောက္ခ ယူကီဟီရို တာကာဟာရှီကက ရှင်းလင်းတင်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံပိုင် အနိမ့်ပျံအသေးစားဂြိုဟ်တု စီမံကိန်းဟာ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဩဂုတ် ၃၁ ရက်အထိ ငါးနှစ်စီမံကိန်းနဲ့ ဆောင်ရွက်နေတာဖြစ်ပြီး  စီမံကိန်း တန်ဖိုးမှာ ဂျပန်ယန်း သန်း ၁၆၈၀ ရှိတယ်လို့ သိရပါတယ်။ 

စီမံကိန်းမှာ ကီလိုဂရမ် ၅၀ အလေးချိန်ရှိ Micro-satellite ဂြိုဟ်တု နှစ်လုံး၊ မြေပြင်အသေးစား ဂြိုဟ်တုထိန်းချုပ်ရေးစခန်းနဲ့ Micro-satellite ဂြိုဟ်တုတည်ဆောက်နိုင်မယ့် ဂြိုဟ်တုလက်တွေ့တည်ဆောက်စမ်းသပ်ခန်းတို့အပြင် နည်းပညာ လွှဲပြောင်းပေးရေးအစီအစဉ်အရ သင်တန်းသား ၁၄ ဦး၊ လုပ်ငန်းခွင်လက်တွေ့သင်တန်းအဖြစ် ဆရာ ဆရာမ ၇ ဦးတို့အား လေ့ကျင့်ပေးမှုတွေ ပါဝင်ပါတယ်။

MMSATS-1 (လောကနတ်-၁) ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် နိုင်ငံတကာ အာကာသ စခန်းသို့ ပို့ဆောင်မည်ဖြစ်ပြီး မတ်လမှာ ဂြိုဟ်ပတ်လမ်း အတွင်းသို့ ထည့်သွင်းမှာဖြစ်သလို ဒုတိယအနိမ့်ပျံ အသေးစားဂြိုဟ်တု (လောကနတ်-၂) ကိုတော့  ၂၀၂၃ ခုနှစ် စက်တင်ဘာလမှာ လွှတ်တင်ရန် စီစဉ်ထားတယ်လို့ အစိုးရပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။

ဓာတ်ပုံ- MOE

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013