DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ စည်းကမ်းမလိုက်နာသဖြင့် စုစုပေါင်း ၁၄,၅၇၇ မှုကို အရေးယူ 
DVB
·
October 22, 2020
ကိုဗစ်-၁၉ စည်းကမ်းမလိုက်နာသဖြင့် စုစုပေါင်း ၁၄,၅၇၇ မှုကို အရေးယူ 
Donate to DVB

ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့အညီ လိုက်နာနေထိုင်ခြင်းမရှိသူတွေကို သက်ဆိုင်ရာ ဥပဒေတွေနဲ့အညီ အရေးယူထားတာ  စုစုပေါင်း  ၁၄,၅၇၇ မှု ရှိတယ်လို့  ဒုတိယသမ္မတ ဦးမြင့်ဆွေ ကပြောပါတယ်။

ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေး ကော်မတီရဲ့ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Video Conferencing စနစ်နဲ့ အောက်တိုဘာ ၂၁ ရက်မနက်က  နေပြည်တော်မှာ ကျင်းပရာမှာ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့တာပါ။

ကိုဗစ်-၁၉  နဲ့ပတ်သက်ပြီး အရေးယူထားတဲ့အမှုတွေရဲ့ အသေးစိတ်ကိုတော့ ဒုသမ္မတက ပြောဆိုခဲ့ခြင်း မရှိပါဘူး။ 

ပြည်ပနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကိုင်သူတွေထဲက ကိုဗစ်ကာလမှာ  အခက်အခဲရှိလို့ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာသူတွေနဲ့ ပတ်သက်ပြီးလည်း  ၂၀၂၀ ပြည့်နှစ်၊ ဧပြီ ၁၆ ရက်မှ အောက်တိုဘာ ၂၀ ရက်အထိ ထိုင်းနိုင်ငံနယ်စပ်ဂိတ်(၈)ဂိတ်မှ ဝင်ရောက်လာသူ ၈၉,၉၁၀ ဦး၊ တရုတ်နယ်စပ်ဂိတ် (၅) ဂိတ်မှ ဝင်ရောက်လာသူ  ၅၅,၂၄၂ ဦး၊ လာအိုနိုင်ငံ နယ်စပ်ဂိတ် (၁) ဂိတ်မှ ဝင်ရောက်လာသူ ၄၁၇ ဦး၊ စုစုပေါင်း ၁၄၅,၅၆၉ ဦး ရှိတယ်လို့လည်း ဒုသမ္မတက ပြောပါတယ်။ 

၂၀၂၀ ဖေဖော်ဝါရီ ၂ ရက်မှ အောက်တိုဘာ ၂၀ ရက်အထိ လေကြောင်းလိုင်းတွေကနေ ဝင်ရောက်လာသူ မြန်မာနိုင်ငံသား  ၂၂,၆၀၄ ဦးနဲ့ နိုင်ငံခြားသား ၄,၃၄၁ ဦး၊ စုစုပေါင်း ၂၆,၉၄၅ ဦးရှိတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ မဟာသင်္ကြန်ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေအတွက် အိမ်ထောင်စုတစ်စုလျှင် ဆန်(၈) ပြည်၊ ဆီ(၅၀) ကျပ်သား၊ ဆား(၅၀)ကျပ်သား၊  ပဲ(၁)ပိဿာ၊ ကြက်သွန်နီ (၁)ပိဿာ၊ စုစုပေါင်းအမယ်(၅)မျိုးကို ၂၀၂၀ ဧပြီ ၁၀ ရက်ကစပြီး အခမဲ့ဖြန့်ဖြူး ထောက်ပံ့ပေခဲ့ရာမှာ ဧပြီ ၁၉ ရက်အထိ အိမ်ထောင်စုပေါင်း  ၄,၀၀၆,၃၀၂ စုအတွက် ရာနှုန်းပြည့် အောင်မြင်စွာဖြန့်ဖြူးပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုးကို စတင်စစ်ဆေးတွေ့ရှိခဲ့တဲ့ ၂၀၂၀  မတ် ၂၃  ရက်မှ အောက်တိုဘာ ၂၀ ရက်အထိ ရောဂါပိုးရှိ/မရှိ ဓာတ်ခွဲ စစ်ဆေးမှု  ၅၃၈,၀၈၆ ဦး ပြုလုပ်ခဲ့ရာမှာ ရောဂါပိုးတွေ့ရှိသူ ၃၈,၅၀၂ ဦး၊ သေဆုံးသူ ၉၄၅ ဦးနဲ့ ရောဂါ ပျောက်ကင်းသူ ၁၈,၁၄၇ ဦး ရှိတယ်လို့လည်း ဒုသမ္မတက ပြောသွားပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးကတော့  တပ်မတော်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုနဲ့ ကွာရန်တင်းစင်တာတွေမှာ  ကွာရန်တင်းဝင်ရောက်နေမှုအခြေအနေတွေကို ရှင်းလင်းပြောကြားသွားပါတယ်။

ပထမလှိုင်းကာလမှာ တပ်မတော် ဆေးရုံ/တပ် နေရာ(၆၇) ခုမှာ လူဦးရေ (၂,၂၈၂)ဦးအတွက် Designated Hospital တွေ ပြင်ဆင်ဆောင်ရွက်ထားရှိခဲ့ပြီး ဒုတိယလှိုင်းကာလမှာ ရောဂါပိုးတွေ့ရှိမှု မြင့်မားလာလို့ အရပ်သားလူနာတွေကို ထပ်မံတိုးချဲ့ကုသပေးနိုင်ဖို့ တပ်မတော်ဆေးရုံ/တပ်/နေရာ(၉)ခုမှာ လူဦးရေ  ၂,၆၈၇ ဦးအတွက် Designated Hospital များအဖြစ် တိုးချဲ့ပြင်ဆင်ဆောင်ရွက်ထားခဲ့တယ်လို့ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောပါတယ်။ 

ပြည်သူတွေ၊ တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေကို ကွာရန်တင်း ထားရှိနိုင်ရေးအတွက် တည်းခိုရေးစခန်၊ စာသင်ကျောင်းနဲ့ တပ်နေရာ ၁၄ ခုမှာ လူဦးရေ ၂,၈၁၀ ဦးအတွက် Facility Quarantine Center တွေ ပြင်ဆင်ဆောင်ရွက်ထားရှိတယ်လို့ ဆိုပါတယ်။

တပ်မတော်အနေနဲ့ ပြည်သူတွေ၊ တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေ စုစုပေါင်း ၃၈,၆၈၉ ဦးကို ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ ဆေးစစ်ဆောင်ရွက်ပေးခဲ့ပြီး တပ်မတော်က ပစ္စည်း ၂၃ မျိုးနဲ့ အောက်စီဂျင်အိုး ၁,၀၀၀ ကျော်အား ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောပါတယ်။

ဓာတ်ပုံ- MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013