DVB Logo
Home
မြန်မာသတင်း
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းစာချုပ် ပြင်ဆင်ချုပ်ဆို ပြီးစီး
DVB
·
July 24, 2013
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းစာချုပ်ကို ဒီမနက် ပြင်ဆင်ချုပ်ဆိုတယ်လို့ ဦးပိုင်ကုမ္ပဏီလီမိတက်ရဲ့ ထိပ်တန်းတာဝန်ရှိသူ ဗိုလ်မှူးကြီးမောင်မောင်တင့်က ပြောပါတယ်။

ဗိုလ်မှူးကြီး မောင်မောင်တင့်က “စာချုပ်ပြင်ဆင်ချုပ်ဆိုတာတွေက မနက်က ချုပ်ဆို ပြီးသွားပါပြီ။ နိုင်ငံတော်အတွက် ပိုမိုအကျိုးအမြတ်ရရှိစေရေးဆိုတာကို ဦးတည်ပြီးတော့ ဆောင်ရွက်ပြီးတော့ ချုပ်တာ ဒီနေ့မနက်မှာ ချုပ်ဆိုပြီးပါပြီ” လို့ ပြောပါတယ်။

လာမယ့်ဇူလိုင် ၂၆ ရက်နေ့ကျရင် စာချုပ်ပြင်ဆင်ချုပ်ဆိုမှုနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်မယ်လို့ သူက ပြောပါတယ်။

အခုလို စာချုပ် ပြောင်းလဲချုပ်ဆိုဖို့ ဖြစ်လာတာဟာ မနှစ်က မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်မှာ လုပ်ကိုင်နေတဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူတွေနဲ့ ဒေသခံပြည်သူတွေက စီမံကိန်းဖျက်သိမ်းရေး တောင်းဆိုဆန္ဒပြမှုတွေအပြီး နောက်ဆုံး ဖြစ်ထွန်းမှုတခု ဖြစ်ပါတယ်။

ဒီစာချုပ်သစ်ထဲမှာ ဒီစီမံကိန်းက ရလာတဲ့ အကျိုးအမြတ်တွေကို နိုင်ငံတော်က ၅၁ ရာခိုင်နှုန်း၊ မြန်မာဝမ်ဘောင်ကုမ္ပဏီက ၃၀ ရာခိုင်နှုန်းနဲ့ ဦးပိုင်ကုမ္ပဏီလီမိတက်က ၁၉ ရာခိုင်နှုန်း အကျိုးအမြတ် ခံစားကြရမှာပါ။

မြန်မာဝမ်ဘောင်ကုမ္ပဏီရဲ့ မီဒီယာတာဝန်ခံ ဦးမြင့်သိန်းက စာချုပ်သစ်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ၁ နှစ် အမေရိကန် ဒေါ်လာ ၂ သန်း အသုံးပြုသွားမယ်၊ စီအက်စ်အာရ် လို့ခေါ်တဲ့ လူမှုပတ်ဝန်းကျင်နဲ့ လူသားအကျိုးပြုလုပ်ငန်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းအတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ သန်း အသုံးပြုသွားမယ်စတဲ့ အချက်တွေပါတယ်လို့ ပြောပါတယ်။

ဒီလိုစာချုပ်သစ် ပြောင်းလဲဖို့အတွက် ဇူလိုင် ၁၀ ရက်နေ့က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုခဲ့ပါတယ်။ အရင်စာချုပ်ဟောင်းတုန်းက နိုင်ငံတော်က ၄ ရာခိုင်နှုန်း၊ မြန်မာဝမ်ဘောင်ကုမ္ပဏီက ၅၁ ရာခိုင်နှုန်းနဲ့ ဦးပိုင်ကုမ္ပဏီလီမိတက်က ၄၅ ရာခိုင်နှုန်း အကျိုး အမြတ် ခံစားခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

စီမံကိန်းရပ်တန့်ရေး ဆန္ဒပြသပိတ်စခန်းတွေကို အစိုးရဘက်က ဖြိုခွင်းခဲ့လို့ သံဃာအများစုအပါအ၀င် ၁၀၀ ကျော် မီးလောင်ဒဏ်ရာတွေရခဲ့ပြီးနောက် သမ္မတက ဒီစီမံကိန်း ဆက်လုပ်သင့်၊ မသင့် အကြံပေးဖို့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ စုံစမ်းရေး ကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါတယ်။ကော်မရှင်ရဲ့အကြံပြုချက်ထဲမှာ နိုင်ငံတော်က ခံစားခွင့် အကျိုးအမြတ်နည်းပါးတယ်ဆိုတာ ထောက်ပြပြီး နိုင်ငံတော်အတွက် အကျိုးအမြတ်ပိုမိုရရှိစေမယ့် စာချုပ်အသစ် ပြင်ဆင်ချုပ်ဆိုပြီး စီမံကိန်း ဆက်လုပ်ဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013