DVB Logo
Home
အာရှဒေသ
မက်ဒရာပရာဒက်ရှ့်ရဲ့ ပိုပြင်းထန်တဲ့ ဘာသာပြောင်းလဲမှု ဆန့်ကျင်ရေးဥပဒေ
DVB
·
July 24, 2013
မက်ဒရာပရာဒက်ရှ့်ရဲ့ ပိုပြင်းထန်တဲ့ ဘာသာပြောင်းလဲမှု ဆန့်ကျင်ရေးဥပဒေ
Donate to DVB

အိန္ဒိယ မက်ဒရာပရာဒက်ရှ် ပြည်နယ်မှာ ဘာသာတရားလွတ်လပ်ခွင့် ဥပဒေ ပြင်ဆင်ချက် တခုကို မကြာခင်ကပဲ အတည်ပြုပြဋ္ဌာန်းလိုက်ပါတယ်။

ဥပဒေက ဘာသာပြောင်းချင်တဲ့သူတွေ အနေနဲ့ အစိုးရကို တလကြိုပြီး အကြောင်းကြားရဖို့ လိုအပ်တယ်လို့ ပါရှိပါတယ်။ ပြင်ဆင်ချက်က ဘုန်းကြီးတွေက ပြောင်းလဲမှုအတွက် အသေးစိတ်အချက်အလက်တွေ တင်ပြပေးရမှာဖြစ်ပြီး မပေးရင် အပြစ်ဒဏ်အပေးခံရမယ်လို့ပါဝင်ပါတယ်။

[caption id="attachment_41831" align="alignright" width="300" caption="ခရစ်ယာန်ဘာသာရေးအဖွဲ့ ကိုယ်စားလှယ်တွေနဲ့ တခြားဘာသာရေးခေါင်းဆောင်တွေ ဆွေးနွေးစဉ်။"][/caption]

အစိုးရကတော့ အတင်းအကြပ် ဘာသာကူးပြောင်းမှုကို ရပ်ဆိုင်းပစ်ဖို့ အဲဒီဥပဒေကို လိုအပ် တယ်လို့ ဆိုပါတယ်။

ဆွန်ဆိုင်းကိုဂျိုးဟာ ဆွန်ဂါရာကျေးရွာ မျိုးနွယ်စုဝင်တယောက် ဖြစ်ပြီး လွန်ခဲ့တဲ့နှစ်က သူ့ကို ခရစ်ယာန်ဘာသာရေး မစ်ရှင်တွေက ဘာသာကူးပြောင်းဖို့ ချဉ်းကပ်ပြောဆိုတာကို ခံခဲ့ရပါတယ်။

ဆွန်ဆိုင်းကိုဂျိုးက “သူတို့က ရောဂါဝေဒနာတခုခုကို ခံစားနေရတဲ့ လူတိုင်းကို ပြုစုကုသပေးနိုင်တယ်လို့ ပြောတယ်ဗျ။ ကျနော်က နာမကျန်းဖြစ်နေတဲ့ ကျနော်အမေကို ကုသပေးဖို့ ပြောခဲ့ပေမယ့် သူတို့က ကုမပေးခဲ့ဘူးဗျ။ နောက် သူတို့က ကျနော့်ကို ခရစ်ယာန်တယောက် ဖြစ်လာအောင် ဘာသာပြောင်းဖို့နဲ့ ကျနော့်အမေက ဘာသာပြောင်းလိုက်မယ်ဆိုရင် ကုသပေးမယ့်အကြောင်း ပြောပါတယ်” လို့ ဆိုပါတယ်။ ဆွန်ဆိုင်းကိုဂျိုး ကတော့ ဘာသာမပြောင်းခဲ့ပါဘူး။

လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုကျော်က ပြဋ္ဌာန်းခဲ့တဲ့ ဘာသာရေးလွတ်လပ်မှု ဥပဒေက အတင်းအကျပ် ဘာသာကူးပြာင်းစေတာတွေကို ထိန်းချုပ်ဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။

ဘာသာကူးပြောင်းချင်တဲ့သူ တယောက်ဟာ ၁ လ ကြိုပြီး အသိပေးထားရပါမယ်။ ပြင်ဆင်ချက်အသစ်အရ အဲဒီဘာသာကူးပြောင်းမှုမှာ ပါဝင်တဲ့ ဘုန်းကြီးကလည်း ဘာသာ ကူးပြောင်းမှု အသေးစိတ် အချက်အလက်တွေကို ပေးရမယ်လို့ ဆိုပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ အဲဒီသူဟာ ထောင်ဒဏ် ၃ နှစ် ဒါမှမဟုတ် အမေရိကန်ဒေါ်လာ ၁၀၀၀ ဒဏ်ငွေပေးဆောင်မှာ ဖြစ်ပါတယ်။

မက်ဒရာပရာဒက်ရှ် ပြည်နယ်ရဲ့ ပြည်နယ်ရေးရာဝန်ကြီး အူမာရှန်ကာ ဂွတ်ပ်တာက  “ဒီပြင်ဆင်ချက်က အတင်းအကျပ်နဲ့ သွေးဆောင် ဖြားယောင်းပြီး ဘာသာကူးပြောင်းခိုင်းမှုတွေ ဖြစ်ပွားနေတာတွေကို ရပ်ဆိုင်းသွားအောင်လုပ်ဖို့ လိုအပ်ပါတယ်။ ဆင်းရဲတဲ့သူတွေကို ငွေပေးပြီး ဘာသာကူးပြောင်းခိုင်းနေတဲ့သူတွေ ရှိပါတယ်။ ဒီဥပဒေက အဲဒီလုပ်ရပ်တွေကို ရပ်ဆိုင်းပစ်တော့မှာပါ” လို့ ပြောပါတယ်။

ခရစ်ယာန်တွေက မက်ဒရာပရာဒက်ရှ် လူဦးရေ စုစုပေါင်းရဲ့ ၁ ရာခိုင်နှုန်းအောက်ပဲ ရှိပါတယ်။

အပြည်ပြည်ဆိုင်ရာ လူနည်းစုအခွင့်အရေးအဖွဲ့ကတော့ သူတို့ဟာ တိုက်ခိုက်မှုနဲ့ ခွဲခြားဆက်ဆံမှု ပစ်မှတ် ဖြစ်နေတယ်လို့ ဆိုပါတယ်။ ခရစ်ယာန်မစ်ရှင်တွေဟာ မျိုးနွယ်စုလူတွေနဲ့ ဇာတ်နိမ့်ဟိန္ဒူတွေကို အတင်းအကျပ်နဲ့ ဖြားယောင်းသွေးဆောင်ပြီး ဘာသာပြောင်းခိုင်းနေတယ်လို့ စွပ်စွဲခံနေရပါတယ်။

ဒီနှစ် ဖေဖော်ဝါရီလမှာ ဖာသာ အိုက်ဆက်နဲ့ သူ့ရဲ့ ဧ၀ံဂေလိ အဖွဲ့ဝင်တွေဟာ အတင်း အကျပ် ဘာသာကူးပြောင်းမှုတွေလုပ်ပြီး ဟိန္ဒူအလုပ်သမားတွေကို ရိုက်နှက်တယ်လို့ စွပ်စွဲခံခဲ့ ကြရပါတယ်။

မကြာခင်ကပဲ ကိုယ့်စိတ်ဆန္ဒနဲ့ကိုယ် ဘာသာကူးပြောင်းခဲ့သူ အတူးလ်ပရာတက်ပ်က “ကျနော်က မွေးကတည်းက ဟိန္ဒူတယောက်ပါ။ ဒါပေမယ့် ဒီမှန်ကန်တဲ့ ဘာသာတရားကို လက်ခံဖို့ ကျနော့်ကို လမ်းညွှန်ပြသပေးခဲ့တဲ့ ခရစ်ယာန်တယောက်နဲ့ အဆက်အသွယ် ရှိလာ ခဲ့ပါတယ်။ အိန္ဒိယမှာ ငွေပေးပြီး ခရစ်ယာန်အဖြစ် ကူးပြောင်းပေးနေတယ် ဆိုတာက ၀ါဒဖြန့်တာလို့ ကျနော် ထင်တယ်ဗျ။”

ဒီ ၁ နှစ်ထဲမှာတင် ခရစ်ယာန်တွေကို အတိုက်ခိုက်ခံရမှု ၉ မှု ရှိတယ်လို့ သိရှိရပါတယ်။

အန်ဂျီအို ခရစ်ယာန်ဖက်ဒရေးရှင်းရဲ့ ညှိနှိုင်းဆောင်ရွက်သူ အာနန် မွတ်တန်းဂယ်က  “ဟိန္ဒူအမာခံအုပ်စုတွေက ဥပဒေကို သူတို့ရဲ့ ရည်ရွယ်ချက်အတွက် အသုံးပြုကြပါလိမ့်မယ်။ ဘာသာကူးပြောင်းမှုတွေ မရှိဘဲ သူတို့က လွန်ခဲ့တဲ့ ၅ နှစ်တာကာလအတွင်းမှာ ကျနော်တို့ကို ဆန့်ကျင်တဲ့အမှုပေါင်း ၃၆ မှု တင်လာခဲ့ပါတယ်။  အဲဒီထဲက ၂ မှုကို တရားရုံးက ပယ်ချခဲ့ပြီးပါပြီ။ ဒါကို ကြည့်ခြင်းအားဖြင့် ကျနော်တို့ဟာ အစဉ်တစိုက် ခြိမ်းခြောက်ခံနေရတယ် ဆိုတာကို ပြနေတာပေါ့” လို့ ပြောပါတယ်။

ဘာသာရေးကူးပြောင်းမှု ဆန့်ကျင်ရေးဥပဒေအဖြစ် သဘောထားခံရတဲ့ ဘာသာရေး လွတ်လပ်ခွင့်ဥပဒေကို အိန္ဒိယနိုင်ငံ ၂၈ ပြည်နယ်ထဲက ၆ ပြည်နယ်မှာ အကောင်အထည်ဖော် ဆောင်ရွက်နေပါပြီ။ အတော်များများက နိုင်ငံအ၀ှမ်းမှာ ဘာသာရေးလူနည်းစုတွေကို တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာစေတယ်လို့ ပြောနေကြပါတယ်။

အိန္ဒိယနိုင်ငံလုံးဆိုင်ရာ မွတ်စလင်ကော်မတီရဲ့ ဥက္ကဋ္ဌ အောဆပ် ရှာမီရီ ခူရမ်က “ဒါဟာ လူပုဂ္ဂိုလ် တဦးချင်းဆိုင်ရာ အခွင့်အရေးကို လုံးဝချိုးဖောက်တာပဲဗျ။ လူတယောက်ဟာ ဘာသာတခုခုကို လွတ်လွတ်လပ်လပ် ရွေးချယ်လက်ခံခွင့် ရှိတယ်လေ။ ဘယ်လို နည်းနဲ့ အစိုးရ ဒါမှမဟုတ် အုပ်ချုပ်ရေးတခုက လူတဦးတွေရဲ့ ရွေးချယ်ခွင့်ကို ရပ်ဆိုင်းခိုင်းမှာ တဲ့လဲ။ ဒါဟာ အိန္ဒိယ နိုင်ငံရဲ့ အခြေခံဥပဒေကို လုံးဝ ချိုးဖောက်လိုက်တာပါပဲ” လို့ ပြောပါတယ်။

ဒါပေမယ့် ဟိန္ဒူအမျိုးသားရေး ၀ါဒီတွေကတော့ ဘာသာရေးအားလုံးအတွက် အတင်း အကျပ် ကူးပြောင်းမှုတွေကို ရပ်ဆိုင်းဖို့ ပိုပြီးပြင်းထန်တဲ့ ဥပဒေကို လိုလားနေကြပါတယ်။

အမာခံဟိန္ဒူအဖွဲ့အစည်းတခုဖြစ်တဲ့ ၀စ်ရှဝါ ဟင်ဒူ ပါရိရှပ်ရဲ့ အဖွဲ့ဝင် အာရှုတို ဂျာဆီဝါ ကတော့ “ဒီဥပဒေကို ပိုပြီးပြင်းထန်အောင်လုပ်ဖို့ ရှေ့အရှည်မျှော်တဲ့အမြင် ရှိပါတယ်။ အဲဒီလိုမှပဲ ကျနော်တို့က ကူးပြောင်းမှုတွေကို ရပ်ဆိုင်းနိုင်မှာပေါ့ဗျာ။ အဲဒီ ခရစ်ယာန်မစ်ရှင်တွေက ငွေနဲ့ အပြစ်မဲ့တဲ့ မျိုးနွယ်စုက လူတွေကို ဘာသာကူးပြောင်းပေးနေကြတယ်လေ။ ကျနော်တို့က ဒီဥပဒေကို ထောက်ခံရမယ်ဗျ။ လူတယောက်က ငွေကိုယူပြီး ဘာသာကူးပြောင်းတာကို ဘယ်လို ခွင့်ပြုနိုင်မှာလဲဗျာ။ အစိုးရက အဲဒီ ဘာသာကူးပြောင်းမှုတွေကို တားဆီးနိုင်ဖို့ ဖြစ်နိုင်သမျှ လုပ်ဆောင်မှုတွေ လုပ်ရမယ်” လို့ ပြောပါတယ်။

ဒါပေမယ့် ခရစ်ယာန်ဖက်ဒရေးရှင်းက အာနန်မွတ်တန်းဂယ်ကတော့ ဥပဒေသစ်ဟာ နောက်နှစ် ရွေးကောက်ပွဲမတိုင်မီ ဟိန္ဒူလူများစုကို သဘောကျအောင် ပြဋ္ဌာန်းသတ်မှတ်လိုက်တာ လို့ ယုံကြည်နေပါတယ်။

“ဒီအချိန်မှာ ဒီပြင်ဆင်ချက်ဖြစ်လာအောင် လုပ်ဆောင်မှုရဲ့ နောက်မှာ ဘာမှ ကြောင်းကျိုးတကျ မရှိပါဘူး။ ရွေးကောက်ပွဲတွေကို ဒီနှစ်ကျင်းပဖို့ရှိပြီး ဒီဥပဒေကြမ်းရဲ့ နောက်ကွယ်က အဓိက စေ့ဆော်မှုကတော့ သူတို့ဟာ ဟိန္ဒူတွေနဲ့ ပတ်သက်ပြီး အများကြီးပိုပြီး ဂရုစိုက်ထားတယ်။ ခရစ်ယာန်တွေဟာ အစိုးရရဲ့ အနုနည်း ပစ်မှတ်တခုဖြစ်တယ်ဆိုတာ ပြနေတာပဲ။”

ရှုရီးယား နီယာဇီက အာရှဒေသ သတင်းဆောင်းပါးကဏ္ဍအတွက် မက်ဒရာပရာဒက်ရှ်ပြည်နယ်ကနေ သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013