DVB Logo
Home
မြန်မာသတင်း
မြန်မာ့ဆက်သွယ်ရေးက SMS ဖြင့် အင်တာနက်လျှောက်ခွင့်ပြု
DVB
·
July 23, 2013
Donate to DVB

မြန်မာ့ဆက်သွယ်ရေးက အင်တာနက်အသုံးပြုခွင့်ကို လူကိုယ်တိုင်သွားရောက် လျှောက်ထားစရာမလိုတော့ဘဲ မိုဘိုင်းဖုန်းတွေကနေ မက်ဆေ့ခ်ျပို့ရုံနဲ့ တိုက်ရိုက်လျှောက်ထား နိုင်ပြီလို့ မနေ့က ကြေညာလိုက်ပါတယ်။

GSM နဲ့ WCDMA မိုဘိုင်းဖုန်း အသုံးပြုသူတွေအနေနဲ့ အင်တာနက်အသုံးပြုခွင့်ကို အရင်လို ဆက်သွယ်ရေးရုံးတွေနဲ့ ကုမ္ပဏီတွေမှာ အချိန်ကုန်ခံပြီး လူကိုယ်တိုင် သွားလျှောက်စရာ မလိုတော့ဘဲ လက်ကိုင်ဖုန်းမှ 1331 သို့ "Order data Service" ဟုဆိုကာ SMS ပေးပို့ရုံဖြင့် အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

ဒါပေမယ့် အသုံးပြုမယ့်ဖုန်းမှာ ကြိုတင်ငွေ ၁ သောင်းတိတိ ကျန်ရှိမှသာ "You have ordered data service successfully" ဟု SMS ပြန်စာရောက်လာမှာပါ။ အဲဒီအခါမှာ မိုဘိုင်းဖုန်းကို Restart ပြန်လုပ်ပေးပြီး အင်တာနက်ကို စတင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒီလို အင်တာနက်အလွယ်တကူ အသုံးပြုခွင့်ပေးလိုက်တာဟာ သုံးစွဲသူတွေအတွက် အရင်ကထက် ပိုမိုအဆင်ပြေစေမယ်လို့ ဆက်သွယ်ရေးသင်တန်းကျောင်းအုပ် ဦးကျော်စိုးက ပြောပါတယ်။

“မိုဘိုင်းဖုန်းနဲ့ အင်တာနက် အသုံးပြုချင်တယ်ဆိုရင် ခရီးသွားစရာလည်း မလိုတော့ပါဘူး။ ရန်ကုန်မှာ စောင့်ဆိုင်းရတဲ့ အချိန်လည်း မရှိတော့ပါဘူး။ သက်ဆိုင်ရာက တာဝန်ယူ ဆောင်ရွက်တဲ့ ၀န်ထမ်းတွေကိုလည်း ဆက်ဆံစရာ အကြောင်းမရှိတော့ပါဘူး။ သုံးစွဲတဲ့လူက စနစ်နဲ့ပဲ မိုဘိုင်းဖုန်းပေါ်မှာ ဆက်ဆံသွားတာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ အသုံးပြုသူတွေအနေနဲ့ ပိုပြီးတော့ အရင်ကထက် အများကြီး အဆင်ပြေသွားလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ကျနော်တို့နဲ့ ပြိုင်ရမယ့်လူတွေက တော်တော်ကြီးကို နာမည်ရ အထင်ကရ ကုမ္ပဏီကြီးတွေ ဖြစ်ပါတယ်။ ကမ္ဘာ့ထိပ်သီး ကုမ္ပဏီကြီးတွေက ယှဉ်ပြိုင်ပြီးတော့ ရသွားတဲ့ အတွက်ကြောင့် ကျနော်တို့ MPT (မြန်မာ့ဆက်သွယ်ရေး) အနေနဲ့ကလည်း ဒီလူတွေနဲ့ ပြိုင်နိုင်အောင် တော်တော်လေးကို စနစ်တကျ ကျနော်တို့ ပြင်ဆင်လုပ်ကိုင်နိုင်မှ ရေရှည်မှာ ကျနော်တို့ ပုံမှန်ရပ်တည်နိုင်မှာပါ။”

မြန်မာ့ဆက်သွယ်ရေးမှာ အနှစ် ၂၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အင်ဂျင်နီယာ ဦးကျော်နိုင်ကတော့ အခုလို အင်တာနက်ကို အလွယ်တကူ အသုံးပြုနိုင်အောင် ခွင့်ပြုတာကို ကြိုဆိုပေမယ့်  အင်တာနက် မြန်နှုန်းမြင့်အောင် အခြေခံအဆောက်အဦတွေ ကောင်းအောင်လုပ်ဖို့ လိုနေသေးတယ်လို့ ပြောပါတယ်။

“အင်တာနက်ကျတော့ သူက တဦးချင်း ဒေါင်းလော့လုပ်တာ ဖြစ်တဲ့အတွက်ကြောင့်မို့ သုံးတဲ့လူများလာလို့ရှိရင် ဘယ်လိုပဲ သူတို့ အာမခံ အာမခံ တကယ်သုံးတဲ့သူတွေကျတော့ သုံးတဲ့လူများရင် သူပြန်ကျသွားတယ်။ ပြန်ကျသွားရင် မိုဘိုင်းပေါ်မှာ သုံးတဲ့အခါ ကောင်းတဲ့ အခါ ကောင်းမယ်၊ မကောင်းတဲ့ အခါ မကောင်းဘူး၊ အဲဒီလို ပြဿနာမျိုးတွေ ရှိတယ်။ ပုံသေလိုင်းမှာကျတော့ သူ့ကို သီးသန့်ပေးထားတာ ဖြစ်တဲ့အတွက်ကြောင့်မို့ လူအများဝိုင်းသုံးလို့ ရတယ်။ အဲဒီလို ဆွဲသုံးလိုက်တဲ့အတွက်ကြောင့်မို့ မိုးဘိုင်းလို သိပ်အများကြီး ကျမသွားဘူး။ တကယ်တမ်းလုပ်ရတဲ့ အချိန်မှာ တွေ့ရတဲ့ အခြေအနေတွေကိုပြောတာ။”

အင်တာနက် အသုံးပြုခအနေနဲ့ GSM ဖုန်း ၁ မိနစ် ၂ ကျပ်၊ WCDMA ၄ ကျပ်နှုန်းနဲ့ မပြောင်းလဲဘဲ ကောက်ခံသွားမှာဖြစ်ပြီး CDMA ဖုန်းလိုင်းတွေရဲ့ အင်တာစနစ် ချိတ်ဆက်မှုကိုတော့ ယခင်အတိုင်း ဆက်သွယ်ရေးရုံးတွေမှာ လျှောက်ရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013