DVB Logo
Home
မြန်မာသတင်း
မြစ်ရေတက်မှုကြောင့် ရေစကြိုမြို့နယ်တွင် သီးနှံစိုက်ဧက ၄၉၀၀ ခန့် ပျက်စီးဆုံးရှုံး
DVB
·
October 20, 2020
မြစ်ရေတက်မှုကြောင့် ရေစကြိုမြို့နယ်တွင် သီးနှံစိုက်ဧက ၄၉၀၀ ခန့် ပျက်စီးဆုံးရှုံး
Donate to DVB

ရေစကြိုမြို့နယ်မှာ ချင်းတွင်းမြစ်ရေနဲ့ ဧရာဝတီမြစ်ရေကြီးပြီး  သီးနှံစိုက်ဧက ၄၉၀၀ လောက် ပျက်စီးဆုံးရှုံးခဲ့ရလို့ သီးနှံတွေ ပြန်လည်စိုက်ပျိုးဖို့ မျိုးစပါးနဲ့ စိုက်ပျိုးစရိတ်  ငွေကြေးအခက်အခဲဖြစ်နေတယ်လို့ တောင်သူတွေထံက သိရပါတယ်။

အောက်တိုဘာလအစောပိုင်းမှာ မြစ်ရေမြင့်တက်ခဲ့တာကြောင့် ရေစကြိုမြို့နယ်အတွင်းက ကျွန်းထဲကျေးရွာအုပ်စု ၄၁ အုပ်စုအတွင်းက သီးနှံတွေ ရေနစ်မြုပ်ပျက်စီးခဲ့ရာမှာ သီးနှံထိခိုက်ဧက ၄၆၅၅ ဧက ရှိခဲ့ပြီးတော့ ပျက်စီးဧရိယာကတော့  ၂၃၀ ဧကရှိတယ်လို့ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနစာရင်းများအရ သိရပါတယ်။

မိုးစပါး၊ အစေ့ထုတ်ပြောင်း၊ ကြက်သွန်နီ၊ ငရုတ်၊ မတ်ပဲ၊ ပဲရင်း၊ ပဲပုတ်၊ ပဲလွန်း၊ ပဲပိစပ်၊ နေကြာ(ဆောင်း)၊ ပဲတီစိမ်း(ဆောင်း)၊ ဆောင်းနှမ်း၊ ထောပတ်ပဲ စတဲ့ သီးနှံတွေ ထိခိုက်ပျက်စီးခဲ့တာ ဖြစ်ပြီး အများဆုံးပျက်စီးခဲ့တဲ့ သီးနှံတွေကတော့ မိုးစပါး၊ ကြက်သွန်နီ၊ အစေ့ထုတ်ပြောင်း၊ မတ်ပဲ၊ ထောပတ်ပဲတို့ဖြစ်ပါတယ်။

အဲဒီလို သီးနှံတွေရေနစ်မြုပ်ကာ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့တာကြောင့် တောင်သူတွေအနေနဲ့ စိုက်စရိတ်နဲ့မျိုးစေ့အတွက် အခက်အခဲကြုံနေလို့ အစိုးရအနေနဲ့ ကူညီနိုင်ရင် ကူညီစေချင်တယ်လို့ တောင်သူ တစ်ဦးက ပြောပါတယ်။

“အခက်အခဲကတော့ ကိုယ်လုပ်ကိုင်ထားတဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ ဟာဆုံးရှုံးသွားတာပေါ့ဗျာ အခက်အခဲကတော့ ဆုံးရှုံးသွားတယ်ဆိုမှတော့ အကုန်ခက်ခဲတာပေါ့။ ကိုယ်မျိုးထားတဲ့ဟာ ကုန်သွားတော့ ရှာရဖွေရဝယ်ရမှာပေါ့ဗျာ။ ဒါတွေက ခက်ခဲသော်ငြားလည်း ဒီလိုဘဲ စိုက်ကြ ပျိုးကြ ရင်းနှီးကြရတာပါပဲ။ ဆုံးရှုံးသွားတော့ အစိုးရအနေနဲ့ ကူညီနိုင်ရင်တော့ ကူညီစေချင်တာပေါ့။ အကူအညီကတော့ ငွေနဲ့မျိုးစေ့တို့လိုတာပေါ့။ ချေးနိုင်မယ် ဒါမှမဟုတ် ထောက်ပံ့နိုင်မယ် ဆိုရင်တော့ လိုချင်ပါတယ်”လို့ ဘုန်းတော်ပြည့်ကျေးရွာက တောင်သူ ဦးဖိုးကြည်က ပြောပါတယ်။

အခုအချိန်မှာ သီးနှံမျိုးဈေးနှုန်းတွေဟာလည်း အရင်ကထက် ပိုမိုမြင့်တက်နေတယ်လို့ တောင်သူတွေထံကနေ သိရပါတယ်။

သီးနှံထိခိုက်ပျက်စီးစာရင်းတွေကို မြေစာရင်းနဲ့ စိုက်ပျိုးရေးက ကွင်းဆင်းကောက်ယူနေတယ်လို့ သိရပါတယ်။ 

လတ်တလောအနေနဲ့ သီးနှံထိခိုက်ပျက်စီးဧကတွေကို တင်ပြထားပြီးတော့ မြစ်ရေ ထပ်မံကျပါက ပျက်စီးစာရင်းဧကတွေပေါ်လာမှာ ဖြစ်တာကြောင့် ထပ်တိုးစာရင်း တင်ပြရမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

ရေကြီးနစ်မြုပ်ပျက်စီးစာရင်းတွေကို တောင်သူတွေထောက်ပံ့မှုတွေ ပေးနိုင်ဖို့ ခရိုင်နဲ့တိုင်းကို အဆင့်ဆင့်တင်ပြထားတယ်လို့ ရေစကြိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်ဌေးကက ပြောပါတယ်။

“အခုက ပျက်စီးစာရင်းတွေက အကုန်ထွက်မလာသေးဘူး။ ဒီတပတ်ကျော်မှ ထွက်လာမှာ။ မပျက်ဖူးပျက်တယ်ဆိုတာ ထွက်လာမှာ၊ ဒီတပတ်ကျော်လောက်မှ ထွက်လာမှာ၊ သီးနှံတစ်မျိုးခြင်း အလိုက်ရေနစ်တဲ့ ဧကတွေ ပျက်စီးတဲ့ဧကတွေ ထိခိုက်တဲ့ဧကတွေကို တင်ပြပေးထားတယ်။ ဆက်လက်ပြီးတော့လည်း ရေကျသွားပြီဆိုရင် ပျက်တဲ့ဧကတွေကသိ သိသာသာကြီး ပေါ်လာမှာ လေ၊ အဲ့အခါကျရင်ထပ်ပြီးတော့ ထပ်တိုးစာရင်းတင်ပြပေးရမှာပေါ့။ လောလောဆယ်ကတော့ ပျက်စီးတဲ့ စိုက်ဧကတွေ ပြန်စိုက်ပျိုးနိုင်ဖို့က ဦးတို့က မျိုးစေ့တွေ ဘာတွေ ရှာပေးရတာပေါ့၊ ရေကြီးနစ်မြုပ်ပျက်စီးတဲ့အတွက် လိုအပ်တဲ့ထောက်ပံ့မှု နစ်နာမှုတွေကို ပေးနိုင်ဖို့အတွက် အဆင့်ဆင့်ခရိုင်ကနေ တိုင်းကိုတင်ပြထားတယ်။”

ရေနစ်မြုပ်တာကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့သီးနှံတွေကို ပြန်လည်စိုက်ပျိုးနိုင်ဖို့အတွက် တောင်သူတွေအနေနဲ့ ငွေကြေးအခက်အခဲကြုံနေရတာကြောင့် ငွေတိုးချေးတာနဲ့ လက်ဝတ်လက်စားတွေ ပေါင်နှံတာတွေကိုပြုလုပ်ပြီးတော့ မျိုးစေ့ပြန်လည်ဝယ်ယူနေရတယ်လို့ တောင်သူတွေထံကနေ သိရပါတယ်။

သတင်း- အိဝါမောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013