DVB Logo
Home
မြန်မာသတင်း
ကေအိုင်အို အလုပ်အဖွဲ့ရုံး မြစ်ကြီးနားတွင် ဖွင့်လှစ်
DVB
·
July 23, 2013
ကေအိုင်အို အလုပ်အဖွဲ့ရုံး မြစ်ကြီးနားတွင် ဖွင့်လှစ်
1 / 2
Donate to DVB

အစိုးရနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) တို့အကြား ရထားတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်တွေကို ဆက်လက်အကောင်အထည်ဖော်လုပ်ကိုင်မယ့် ကေအိုင်အိုရဲ့  Technical Team ခေါ် အလုပ်ဖွဲ့ရုံးကို မြစ်ကြီးနားမြို့မှာ ဒီကနေ့ ဖွင့်လှစ်လိုက်ပါတယ်။

[caption id="attachment_41814" align="alignright" width="300" caption="ပြီးခဲ့သည့်မေလက ကေအိုင်အိုနှင့်အစိုးရ ဆွေးနွေးစဉ်"][/caption]

ပြီးခဲ့တဲ့ မေလကုန်ပိုင်းက ကေအိုင်အိုနဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့တို့အကြား  တွေ့ဆုံဆွေးရေးရာမှာ အလုပ်ဖွဲ့ဖွဲ့စည်းဖို့ သဘောတူညီခဲ့ပြီး လက်တွေ့ကောင်အထည်ဖော်တဲ့ အနေနဲ့ ကေအိုင်အိုအလုပ်အဖွဲ့ရုံးကို မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ မနောကွင်းအနီးက အရင် ဆက်ဆံရေးရုံး ဟောင်းနေရာမှာ ဖွင့်လှစ်လိုက်တာပါ။

ရုံးဖွင့်ပွဲအခမ်းအနားကို အစိုးရပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်တို့ တက်ရောက်ခဲ့သလို ကေအိုင်အိုဘက်က ဦးဆွမ်လွတ်ဂမ် အပါဝင် ခေါင်းဆောင်တချို့ တက်ရောက်ခဲ့ပါတယ်။

ဖွင့်ပွဲအခမ်းအနားမှာ ဦးအောင်မင်းက အစိုးရနဲ့ ကေအိုင်အိုအကြား မကြာခင်ဆက်လက် ဆွေးနွေးသွားဖို့နဲ့ စစ်ရေးအရှိန်ကို ဆက်လက်ထိန်းထားဖို့ ပြောဆိုခဲ့တယ်လို့ အခမ်းအနားကို တက် ရောက်ခဲ့တဲ့ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဆန်အောင်က ပြောပါတယ်။

“ဦးအောင်မင်းလည်း အဲဒါကို ချိတ်ဆက်ပြီးမှ လုပ်ငန်းလုပ်ဖို့၊ အစိုးရဘက်က Technical Team နဲ့ ကေအိုင်အိုဘက်က Technical Team နှစ်ဖက်က ကြိုတင် ညှိနှိုင်း ဆွေးနွေးပြီးမှ ရှေ့ဆက်ပြီးတော့ ဒီအကောင်အထည်ဖော်မယ့်ဟာကိုလည်း အကောင်အထည်ဖော်၊ ဆွေးနွေးပွဲကိုလည်း မကြာခင် ပြုလုပ်သွားမယ်ဆိုတဲ့ဟာ အဲဒီလောက်ပါ။ ပြီးတော့ ဒီ စစ်ရေး အရှိန်ကို အခု ထိန်းထားသလိုပဲ ဆက်ပြီးတော့ ထိန်းထားနိုင်အောင် ကြိုးစားမယ်။ ပြီးတော့ ဒီလိုပဲ အပြုသဘောဆောင်တဲ့ ဖော်ဆောင်မှုတွေ အမြဲလုပ်သွားမှာပဲ ဆိုတဲ့ သဘောပေါ့။”

ကေအိုင်အို အလုပ်အဖွဲ့ ဖွဲ့စည်းပြီး ရုံးဖွင့်လှစ်နိုင်တာနဲ့ပတ်သက်လို့ ဒါဟာ ငြိမ်းချမ်းရေးတခါး တချပ်ပွင့် သွားသလိုပဲလို့လည်း ဦးဆန်အောင်က ပြောပါတယ်။

“မေလ ၂၈၊ ၃၀ ကနေ စပြီးတော့ ပြည်တွင်းမှာ လုပ်နိုင်တယ်။ လုပ်ပြီးမှ ဒီ Technical Team ဖွဲ့ဖို့အထိ သဘောတူညီချက်တွေ ရလာတယ်။ အခုဖွင့်တယ်ဆိုတော့ လူထုတွေရဲ့ အခက်အခဲတွေ၊ လူထုတွေ ပါဝင်နိုင်မှု အနေအထားတွေလည်း လမ်းပွင့်လာတဲ့ သဘောပြီးတော့ အစိုးရနဲ့ ကေအိုင်အိုနဲ့ ယုံကြည်မှု တည်ဆောက်တဲ့ နေရာမှာ ဒီမှာ သူတို့ ရုံးဖွင့်တယ်ဆိုတာ အများကြီး အထောက်အကူပြုမယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးအတွက် တံခါးကြီး တချပ် ပွင့်တယ်လို့ ကျနော် ပြောလို့ရပါတယ်။”

ကေအိုင်အိုရဲ့ အလုပ်အဖွဲ့ကို ဗိုလ်မှူးကြီး ဂေါ်လူလအောင် ဦးဆောင်ပြီး ဗိုလ်မှူးကြီး ဖုန်ဂန်ခွန်နောင်၊ ဗိုလ်မှူးကြီးဆင်ဝါး၊ ဆရာဒေါင်ခါးတို့အပါအ၀င် ၁၄ ဦးနဲ့ ဖွဲစည်းထားတာပါ။

ကေအိုင်အိုရုံးအဖွဲ့ရဲ့ ပြောခွင့်ရသူ ဦးဒေါင်ခါးက “ဘာတွေ ဆက်လုပ်မလဲဆိုတာ အသေးစိတ်တော့ ကျနော်တို့ မဆွေးနွေးဖြစ်သေးဘူး။ ပြီးရင် မှုတွေ မချသေးဘူး။ ဒါပေမယ့် အပေါ်ရံနဲ့ အဓိက ကျနော်တို့ အကောင်အထည်ဖော်သွားမယ့်ဟာက မေလ ၂၈၊ ၃၀ ရက်နေ့မှာ သဘောတူညီခဲ့တဲ့ အချက် ၇ ချက်ကို အခြေခံပြီးတော့ ကျနော်တို့ အလုပ်တွေ ဆက်လုပ်သွားမှာပါ” လို့ ပြောပါတယ်။

ကေအိုင်အိုနဲ့ အစိုးရအကြား မေလ ၂၈ ကနေ ၃၀ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ နိုင်ငံရေးဆွေးနွေးမှုတွေဆက်လုပ်ဖို့၊ နှစ်ဖက်တပ်တွေ ပစ်ခတ်မှု လျှော့ချဖို့၊ နှစ်ဖက် တိုက်ပွဲတွေ ထပ်မံမဖြစ်ပွားအောင် ထိန်းသိမ်းဖို့၊ နှစ်ဖက်ကိုယ်စားလှယ်တွေ ပါဝင်တဲ့ စောင်ကြပ်ကြည့်ရှုရေးအဖွဲ့ဖွဲ့ဖို့၊  နေရပ်စွန့်ခွာရွှေ့ပြောင်းတဲ့ အိုင်ဒီပီတွေအတွက် ပြန်လည်ထူထောင်ရေးလုပ်ဆောင်ဖို့ စတဲ့ သဘော တူညီချက် ၇ နှစ်ချက်ကို သဘောတူလက်မှတ် ထိုးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013