DVB Logo
Home
မြန်မာသတင်း
မန္တလေး UAB ဘဏ်ခွဲကို ဓားပြတိုက်သူ ဆွဲကြိုးချသေဆုံးဟု ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်
DVB
·
October 20, 2020
မန္တလေး UAB ဘဏ်ခွဲကို ဓားပြတိုက်သူ ဆွဲကြိုးချသေဆုံးဟု ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်
Donate to DVB

မန္တလေးမြို့၊ UAB ဘဏ်ခွဲတစ်ခုမှာ  ဓားပြတိုက်ထွက်ပြေးသွားခဲ့တဲ့ တရားခံဟာ ဆွဲကြိုးချသေဆုံးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က အောက်တိုဘာ ၁၉ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက် ညနေပိုင်းက မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်းပေါ်မှာရှိတဲ့ UAB ဘဏ်ခွဲတစ်ခုဖြစ်တဲ့ မန္တလေး (စက်မှုဇုန်) ဘဏ်ခွဲမှာ ဘဏ်ဓားပြတိုက်သူဟာ ဆိုင်ကယ်ဦးထုပ်ဆောင်းထားပြီး သေနတ်ပြကာ ဘဏ်ကနေ ငွေကျပ် သိန်း ၂၀၀ ဓားပြတိုက်ပြီးနောက် ကားနဲ့  ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။

လတ်တလော ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်ထဲမှာတော့ တရားခံကို အောက်တိုဘာ ၁၇ ရက်နေ့က ချမ်းမြသာစည်မြို့နယ်၊ ဗဟိုမီးသတ်ခြံဝင်းအပြင်ဘက်မှာ ဆွဲကြိုးချ သေဆုံးနေတာကို တွေ့ရှိခဲ့ရပြီး အတည်ပြုနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ကနဦးစုံစမ်းရာမှာ ပြစ်မှုကျူးလွန်သူ အသုံးပြုခဲ့တဲ့ 4D-5422 MarkII အမျိုးအစား အဖြူရောင်ယာဉ်ကို ကားအတွင်း ထိုင်ခုံတွေကို ဓာတ်ဆီလောင်း မီးရှို့ထားပြီး ပြည်ကြီးတံခွန်မြို့နယ်၊ (ခ)ရပ် ကွက်အတွင်းရှိ ဒူးကြားလမ်းပေါ်မှာ အခင်းဖြစ်တဲ့နေ့ ညနေပိုင်းက တွေ့ရှိရကြောင်း၊ ယာဉ်နဲ့ပတ်သက်ပြီး စိစစ်ခဲ့ရာမှာ အဲဒီယာဉ်ဟာ လိုင်စင်မဲ့ယာဉ် ဖြစ်ကြောင်း၊ ယာဉ်အတွင်းရှာဖွေရာ လေသေနတ်မှာ ထည့်သွင်းအသုံးပြုတဲ့ ဘောစေ့တွေနဲ့ ယာဉ်ဒက်ရှ်ဘုတ်ပေါ်မှ ကားရွှေ့ပေးစေလိုရင် ပြန်ခေါ်ဆိုနိုင်ဖို့ ဖုန်းနံပါတ်ပါ စာရွက်တရွက် တွေ့ရကြောင်း၊ အဲဒီဖုန်းနံပါတ်ကို စိစစ်ရာမှာ ဖုန်းမှတ်ပုံတင်ထားသူမှာ အောင်ကျော်ထွန်း၊ မှတ်ပုံတင်အမှတ် ၅/ရဘန(နိုင်) ၁၇၈၀၁၁၊ ရွှေဘိုမြို့ နေသူဖြစ်ကြောင်း သိရှိရတယ်လို့ ဖော်ပြပါတယ်။

အဲဒီနောက် စစ်ကိုင်းရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်စုံစမ်းချိန်မှာတော့ အဆိုပါ မှတ်ပုံတင်ကိုင်ဆောင်သူဟာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက မန္တလေးမြို့ကို ပြောင်းရွှေ့ နေထိုင်တာကို တွေ့ရှိရပြီးနောက် ဆက်လက်စုံစမ်းခဲ့ရာမှာ အောင်ကျော်ထွန်းက မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်မှာ နေထိုင်ကြောင်း အတည်ပြုနိုင်ခဲ့ကြောင်း၊ သူ့ရဲ့ နေအိမ်ကို အောက်တိုဘာ ၁၆ ရက်နေ့ ညပိုင်းမှာ စောင့်ကြည့်ရာမှာ ထူးခြားလှုပ်ရှားမှု တစုံတရာ မရှိတဲ့အတွက် မနက်လင်းချိန်မှာ အိမ်အတွင်း ဝင်ရောက်စိစစ်ခဲ့ရာ သူ့ကို မတွေ့ရှိရဘဲ ဇနီးဖြစ်သူသာ တွေ့ရှိရပြီး ယာဉ်ပေါ်မှာ တွေ့ရတဲ့ ဖုန်းနံပါတ်မှာ အောင်ကျော်ထွန်းရဲ့ ဖုန်းနံပါတ် မှန်ကန်ကြောင်းနဲ့ ယာဉ်မှာလည်း သူတို့ ဝယ်ယူထားတဲ့ ယာဉ်မှန်ကန်ကြောင်းကို အတည်ပြု စိစစ်ရရှိခဲ့တယ်လို့ ထုတ်ဖော်နိုင်ခဲ့တာပါ။

တရားခံ အောင်ကျော်ထွန်းဟာ ဓားပြတိုက်ရာမှာ အသုံးပြုတဲ့ အဲဒီယာဉ်ကို ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက Online ကတဆင့် ချိတ်ဆက်ဝယ်ယူခဲ့ကြောင်း စိစစ်တွေ့ရှိရပြီး ဘောစေ့နဲ့ပစ်တဲ့ သေနတ်ကိုလည်း Online ကတဆင့် ချိတ်ဆက်ဝယ်ယူခဲ့တာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

အဲဒီနောက် အောင်ကျော်ထွန်းကို ဖမ်းဆီးရမိရေး ဆက်လက်စုံစမ်းနေချိန် ချမ်းမြသာစည်မြို့နယ်၊ ဗဟိုမီးသတ်ခြံဝင်းအပြင်ဘက်မှာ လူတဦး ဆွဲကြိုးချသေဆုံးနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ချိန်မှာ သေဆုံးသူရဲ့ လက်ကောက်ဝတ် သွေးကြောကို ဓားနဲ့ အနည်းငယ်လှီးထားတဲ့ ဒဏ်ရာနဲ့အတူ သေဆုံးသူအနားမှာ ၅၉ ယ/၅၂၆၉၈ နံပါတ်ပါ ဆိုင်ကယ်ကိုတွေ့ရပြီး ဆိုင်ကယ် Toolbox အတွင်းမှာတော့ အောင်ကျော်ထွန်း အမည်ပါမှတ်ပုံတင်မိတ္တူနဲ့ အိမ်ထောင်စုဇယားမိတ္တူတို့ကို တွေ့ရှိရတဲ့အတွက် တရားခံကို အတည်ပြုနိုင်ခဲ့ကြောင်း၊ ဆိုင်ကယ်အနားမှာ တွေ့ရတဲ့ စာအုပ်ကြားထဲမှာလည်း ဘရိတ်ဓားငယ်တခု၊ လုယက်မှုနဲ့ပတ်သက်ပြီး သွေးနဲ့ ရေးထားတဲ့ စာကိုလည်း တွေ့ရကြောင်း သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အဲဒီနောက် အမှုခိုင်မာစေဖို့အတွက် ယာဉ်ရောင်းချခဲ့သူကို စိစစ်ခဲ့ချိန်မှာ အဆိုပါယာဉ်ကို Online မှတဆင့် ချိတ်ဆက်ကာ အောင်ကျော်ထွန်းထံ ငွေကျပ် ၁၈ သိန်းနဲ့ ရောင်းချခဲ့တာ မှန်ကန်ကြောင်းနဲ့ ယာဉ်လာဝယ်တဲ့နေ့က အောင်ကျော်ထွန်းနဲ့ ဇနီးဖြစ်သူတို့က ဆိုင်ကယ်နဲ့ လာဝယ်သွားခဲ့တာ ဖြစ်ကြောင်း၊ ဇနီးဖြစ်သူကိုပါ တရားသူကြီးတဦးရှေ့မှာ အတည်ပြုရာမှ မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။

ရဲသတင်းထုတ်ပြန်ချက်ထဲမှာ ဘဏ်က ဓားပြတိုက်လုယက်သွားခဲ့တဲ့ ကျပ်သိန်း ၂၀၀ နဲ့ ပတ်သက်ပြီး ရှင်းလင်းဖော်ပြထားခြင်းတော့ မရှိပါဘူး။

Photo-Kaung Zaw Hein/ MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013