DVB Logo
Home
မြန်မာသတင်း
လှုမှုဖူလုံရေးဆိုင်ရာ နည်းဥပဒေ ရေးဆွဲ
DVB
·
July 23, 2013
Donate to DVB

လူမှုဖူလုံရေးအသင်းဝင်တွေရဲ့ ကျန်းမာရေးဆိုင်ရာ ဆေးဝါးကုသခွင့်အတွက် အာမခံ စမက်ကတ်နဲ့ ၀န်ဆောင်မှုပေးဖို့အတွက် လူမှုဖူလုံရေးဆိုင်ရာ နည်းဥပဒေတရပ်ကို ရေးဆွဲ နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မင်းသန်းညွန့်က ဒီဗွီဘီကို ပြောပါတယ်။

“ဒီကိစ္စ ဒီနေ့တော့ စဉ်စားနေကြတုန်းပေါ့။ အစိုးရဆေးရုံလုပ်မလား၊ ဒါမှမဟုတ် ပုဂ္ဂလိကဆေးရုံလုပ်မလား။ ကျနော်သိရသလောက် သူတို့ မဆုံးဖြတ်ရသေးဘူး။ ဘာလုပ်ရင် ကောင်းမလဲဆိုပြီးတော့ သူတို့ တိုင်ပင်နေကြတုန်းပဲ ရှိသေးတယ်။ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်နေကြတယ်။ အမှန် ဥပဒေက ရှိပြီးသားခင်ဗျ။ လူမှုဖူလုံရေးအဖွဲ့ဥပဒေကို သူတို့ပြဌာန်းလိုက်ပြီး နည်းဥပဒေ ရေးနေကြတာ။ သူတို့ဆီက နည်းဥပဒေ တိတိကျကျထွက်လာလို့ရှိရင်တော့ ကျနော်တို့ ကျန်းမာရေးကလည်း နည်းနည်းပါးပါးသိရမှာပေါ့နော်။”

လူမှုဖူလုံရေးအသင်းဝင်တွေရဲ့ ကျန်းမာရေးအာမခံစနစ်အတွက် ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ မည်သည့်အပိုင်းက ပါဝင်သွားဖို့ရှိတာနဲ့ ပတ်သက်ပြီး ဒေါက်တာမင်းသန်းညွှန့်က ဆိုပါတယ်။

“သူတို့က third party နေရာမှာနေမှာလား၊ provider နေရာမှာ နေမှာလားပေါ့။ တကယ်လို့ ကျန်းမာရေး ၀န်ကြီးဌာနကပဲ third party တွေ မဟုတ်နိုင်ဘူး၊ လုံးဝ သေချာတယ်။ ကျနော်တို့က service provider ပဲ ဖြစ်မယ်။ တကယ်လို့ ကျနော်တို့နဲ့ စာချုပ်ချုပ်ခဲ့လို့ရှိရင်တော့ ဒီ အသက်အာမခံ စနစ်မှာ ကျနော်တို့ကတော့ provider ဖြစ်မှာပေါ့။ provider ဖြစ်ပြီးတဲ့ အခါကျမှ ကျနော်တို့က ပြန်ပြီး reverse လုပ်တာပဲဖြစ်ဖြစ်၊ clean လုပ်တာပဲ ဖြစ်ဖြစ်၊ ဖူလုံရေးဟာ ကျနော်တို့ကို ငွေပြန်ရှင်းရမယ်ဆိုတဲ့ သဘောတော့ ရှိမယ်။ ဒါတွေ ကျနော်တို့ကို ဘယ်လောက်ထိ ကုပေးပါ။ ပိုလာလို့ရှိရင် ဘာလုပ်မလဲ။ အလုပ်သမားဆီက ပြန်တောင်း ဆိုတာမျိုးကတော့ စောစောက ပြောသလိုပဲ နည်းဥပဒေ တိတိကျကျထွက်လာမယ်။ နောက် လုပ်ထုံးလုပ်နည်းတွေလည်း တိတိကျကျထွက်လာမယ်ဆိုရင်တော့ အဲဒီအချိန်ကျလို့ရှိရင်တော့ ကျနော်တို့ ကျန်းမာရေးက ဘာလုပ်လဲ ဆိုတဲ့ကဏ္ဍကိုပဲ ကျနော်ပြောပြနိုင်လိမ့်မယ်။”

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ အလုပ်သမားတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး လက်ရှိမှာတော့ အလုပ်သမားဆေးရုံတွေမှာ ဆေးကုသမှုအတွက် ကုန်ကျစရိတ်ကို ကင်းလွတ်ခွင့်ပေးထားပါတယ်။

ဒါပေမယ့် ဆေးရုံမှာ မရှိတဲ့ ဆေးဝါးအမယ်တွေကိုတော့ အပြင်ကနေ ကိုယ့်ဘာသာ ၀ယ်ယူရတာဖြစ်ပြီး ကုန်ကျစရိတ်ကို လူမှုဖူလုံရေးအသင်းက ပြန်လည်ထုတ်ပေးတယ်လို့ သူက ဆိုပါတယ်။

ခုလို လူမှုဖူလုံရေးစမတ်ကတ်တွေ လုပ်ပေးမယ့်အပေါ်အလုပ်သမားအခွင့် အရေးဆောင်ရွက်ပေးသူတဦးဖြစ်တဲ့  ကိုကျော်ကျော်က “တကယ်ဖြစ်တဲ့အတိုင်းကို သူတို့ မလုပ်ပေးနိုင်ဘူး။ ထိခိုက်ဒဏ်ရာရလို့သွားတယ်၊ ဒါပေမယ့် လူမှုဖူလုံရေး ဆေးပေးခန်းကို ရောက်တဲ့အခါမှာ ထိခိုက်ဒဏ်ရာရတာ မဟုတ်ဘဲနဲ့ နေမကောင်းဆိုပြီးတော့ သူတို့ လုပ်ပေးလိုက်တယ်။ အဲဒီအခါကျလို့ရှိရင် တခါဆေးရုံရောက်လို့ရှိရင်လည်း ဆေးရုံက အတွင်းလူနာအဖြစ် မကုပေးတော့ဘူး။ နေမကောင်းဖြစ်တဲ့ အတွက်ကြောင့် သူတို့ သာမန်ဆေးပေးပြီးတော့ပဲ ပြန်လွှတ်လိုက်တယ်၊ ထိခိုက်ဒဏ်ရာဆိုတဲ့ဟာ ပျောက်သွားရော။ ပြင်ရမှာကတော့ အဲဒီအပိုင်းတွေကိုပဲ ပြင်ရမှာပဲ” လို့ ပြောပါတယ်။

အလုပ်သမားဆေးရုံမှာ ကျန်းမာရေးအတွက် နှစ်စဉ် အသုံးစရိတ်မည်မျှရှိပြီး တက်ရောက် ကုသတဲ့ အလုပ်သမားဦးရေ မည်မျှရှိတယ်ဆိုတာကို သက်ဆိုင်ရာ အလုပ်သမားရေးရာ ၀န်ကြီးဌာနကသာလျှင် သိပြီး ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ လိုအပ်တဲ့ဆရာဝန်နဲ့ သူနာပြုဦးရေကိုသာ စေလွှတ်ပေးတာဖြစ်တယ်လို့ ဒေါက်တာမင်းသန်းညွှန့်က ပြောပါတယ်။

လူမှုဖူလုံရေးအသင်းဝင် စမက်ကတ်ရှိသူတွေဟာ အဲဒီကတ်နဲ့ လာမယ့် ၂၀၁၄ ခုနှစ်ကစပြီး ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုကို ရရှိတော့မှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာနကို အာမခံ ထားရှိတဲ့ လူမှုဖူလုံရေးအသင်းဝင်ဦးရေက ၆ သိန်းခွဲဝန်းကျင်ရှိပြီး တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ လူမှုဖူလုံရေးဆေးပေးခန်း ၁၀၀ နီးပါးနဲ့ အလုပ်သမား ဆေးရုံအရေအတွက်က ၃ ရုံသာ ရှိပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013