
မန္တလေး၊ အောင်မြေသာစံမြို့နယ်အတွင်း ကိုဗစ်-၁၉ လူနာများနေတဲ့ရပ်ကွက်တွေကို semi lockdown ချထားရာက အောက်တိုဘာ ၁၈ ရက်နေ့မှာ နေရာသုံးခုကို ဖြေလျှော့ပေးခဲ့ပြီး နေရာအသစ်နှစ်ခုကို ထပ်တိုးထားတယ်လို့ အောင်မြေသာစံမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးကနေ သိရပါတယ်။
အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်မှာရှိတဲ့ အကွက် ၂၉ မှ တစ်နေရာနဲ့ အကွက် ၂၀ တို့မှ နေရာနှစ်ခုကို ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုများပြားတာကြောင့် Semi lockdown ချထားခဲ့တာ ဖြစ်ပါတယ်။
အောက်တိုဘာလ ၁၈ ရက်နေ့မှာတော့ ဥပုသ်တော်ရပ်ကွက်၊ အကွက် ၂၀ က နှစ်နေရာနဲ့ အမရဌာနီအရှေ့ရပ်တို့ကို ပြန်ဖြေလျှော့ပေးခဲ့တာ ဖြစ်ပါတယ်။
အောင်မြေသာစံရပ်ကွက်၊ ဇဋိလရပ်၊ ၈၇ လမ်းနဲ့ ၈၈ လမ်းကြား၊ ၁၈ လမ်းနှင့် ၁၉ လမ်းကြားရှိ အကွက် ၁၂၈နဲ့ အကွက် ၁၂၉ တို့ကိုတော့ အောက်တိုဘာ ၁၈ ရက်နေ့က semi lockdown ထပ်တိုးခဲ့တာဖြစ်ပါတယ်။ အဆိုပါရပ်ကွက်တွေမှာ အောက်တိုဘာ ၁၈ ရက်နေ့အထိ ကိုဗစ်-၁၉ လူနာ ၁၇ ဦးရှိပြီဖြစ်ပါတယ်။
အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်က "ညနေပိုင်းကပဲ semi lockdown ချခဲ့တာပါ၊ အိမ်ထောင်စု၊ လူဦးရေ ဘယ်လောက်ရှိတယ်ဆိုတာတော့ ကျနော်တို့ စာရင်းကောက်နေဆဲပါ၊ အမရဌာနီနဲ့ ဥပုသ်တော်က နှစ်နေရာကို ပိုးတွေ့တာ မရှိတော့လို့ semi lockdown ပြန်ဖြည်လိုက်တာပါ"လို့ ပြောပါတယ်။
Semi lockdown ချထားတဲ့ နေရာတွေကိုတော့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ အလှူရှင်တွေက ဝိုင်းဝန်း လှူဒါန်း ထောက်ပံ့ပေးနေပါတယ်။
မန္တလေးတိုင်းမှာ အောက်တိုဘာ ၁၇ ရက်အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၉၅၇ ဦး၊ ရောဂါပိုးကင်းစင်သွားသူ ၅၂၅ ဦးနဲ့ သေဆုံးသူ နှစ်ဦးရှိခဲ့ပါတယ်။
သတင်း-ထိန်ထိန်လင်း










