DVB Logo
Home
မြန်မာသတင်း
လွတ်လပ်ခွင့်ဆိုင်ရာ ရွေးကောက်ပွဲကတိကဝတ်များ 
DVB
·
October 19, 2020
လွတ်လပ်ခွင့်ဆိုင်ရာ ရွေးကောက်ပွဲကတိကဝတ်များ 
Donate to DVB

၂၀၂၀ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတွေရဲ့ ကတိကဝတ်တွေကို နှိုင်းယှဉ်ရာမှာ လွတ်လပ်ခွင့်တွေနဲ့ပတ်သက်ပြီး ပြည်သူ့ပါတီနဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့က အများဆုံး ကတိပြုထားတယ်လို့ လေ့လာချက် တခုက ဆိုပါတယ်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်း မြန်မာ (FEM) အဖွဲ့က လုပ်ထားတဲ့ လေ့လာချက်မှာ လက်ရှိအာဏာရပါတီ အန်အယ်လ်ဒီဟာ ခေါင်းစဉ် ၇ ခုထဲက ၁ ခုမှာပဲ တခြားနှိုင်းယှဉ်ပါတီတွေထက် သာလွန်ပြီး ၆ ချက်မှာတော့ သိသိသာသာကို လျော့နည်းနေပါတယ်။

အထွေထွေသောလူ့အခွင့်အရေး၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ အမုန်းစကား၊ မီဒီယာ လွတ်လပ်ခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်၊ သတင်းအချက်အလက် ရယူဖြန့်ဝေနိုင်ခွင့်နဲ့ ဒစ်ဂျစ်တယ် အခွင့်အရေးဆိုတဲ့ လွတ်လပ်ခွင့် ခေါင်းစဉ် ၇ ခုအကြောင်း ရွေးကောက်ပွဲကတိကဝတ်တွေမှာ ဘယ်လိုဖော်ပြထားလဲ ဆိုတာကို လေ့လာထားတာပါ။

အမှတ်ပေးစနစ်အရ ပြည်သူ့ပါတီ (PP) နဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)တို့ဟာ သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် နိုင်ငံတကာစံနှုန်းမီ ကတိပေးထားကြပြီး အန်အယ်လ်ဒီကတော့ ဘာကတိမှာ ပေးမထားပါဘူး။ 

အန်အယ်လ်ဒီဟာ လူ့အခွင့်အရေးကို အသင့်အတင့်ခိုင်မာတဲ့ကတိကဝတ်ပေးထားပြီး ပြည်ထောင်စု ရှေ့ဆောင်ပါတီ (UBP) နဲ့ ပြည်သူ့ပါတီ (PP) တို့ကလည်း အလားတူ ကတိပေးထားပါတယ်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကတော့ နိုင်ငံတကာ စံနှုန်းမီကတိပေးထားလို့ အမှတ်ပြည့်ရပါတယ်။

ဒစ်ဂျစ်တယ်အခွင့်အရေးမှာတော့ တစိတ်တပိုင်းကိုပဲ အန်အယ်လ်ဒီက ကတိပြုထားတာကြောင့် အသင့်အတင့်အားနည်းတဲ့ ကတိလို့ FEM က သုံးသပ်ပြီး တခြားနှိုင်းယှဉ်ပါတီတွေကလည်း အလွန်အားနည်းတဲ့ ကတိကဝတ်ပေးတာ၊ ကတိမပေးထားတာကို တွေ့ရပါတယ်။

အန်အယ်လ်ဒီဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ သတင်းမီဒီယာလွတ်လပ်ခွင့်၊ သတင်း အချက်အလက် ရယူပိုင်ခွင့်တို့ကို ဘာကတိမှာပေးမထားဘဲ အမုန်းစကားနဲ့ ဆန္ဒဖော်ထုတ်ခွင့်တို့ အပေါ်မှာတော့ အားအလွန်နည်းတဲ့ကတိပေးထားပါတယ်။

ကြံ့ခိုင်ရေးပါတီကတော့ လူ့အခွင့်အရေး၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်တို့ရဲ့ တစိတ်တပိုင်းကိုပဲ ကတိပြုထားပြီး အမုန်းစကားနဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်ကို အားအလွန်နည်းတဲ့ ကတိ၊ သတင်းအချက်အလက်ရယူပိုင်ခွင့်၊ ဒစ်ဂျစ်တယ်အခွင့်အရေးတို့ကို ဘာကတိမှာ မပေးထားပါဘူး။   

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဟာ လူ့အခွင့်အရေးနဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်တို့ကို နိုင်ငံတကာစံမီကတိပေးထားပြီး သတင်းအချက်အလက်ရယူပိုင်ခွင့်နဲ့ အမုန်းစကားတို့အပေါ် အသင့်အတင့်ခိုင်မာတဲ့ ကတိကဝတ်၊ ဆန္ဒထုတ်ဖော်ခွင့်နဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်ကို အသင့်အတင့်အားနည်းတဲ့ကတိပေးထားပါတယ်။

တခြားတိုင်းရင်းသားပါတီတော်တော်များများဟာ ဒီခေါင်းစဉ်တွေအပေါ်မှာ ကတိပေးထားတာ မရှိကြဘဲ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်၊ မွန်ညီညွတ်ရေးပါတီနဲ့ လီဆူအမျိုးသားဖွဲ့ဖြိုးတိုးတက်ရေးပါတီတို့ကပဲ တချို့ကို တစိတ်တပိုင်း ကတိပြုထားတာတွေ့ရပါတယ်။

အခုလေ့လာချက်ဟာ ပါတီ ၂၁ ခုကို ရွေးချယ်လေ့လာထားတာဖြစ်ပါတယ်။ ဒီလိုရွေးချယ်ရာမှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရပြီး လွှတ်တော်ထဲကိုရောက်ခဲ့တဲ့ ပါတီတွေနဲ့ လက်ရှိ အွန်လိုင်းမှာ လူကြိုက်အများဆုံးဖြစ်နေတာကို စံထားရွေးချယ်ခဲ့တာလို့ FEM တာဝန်ရှိသူ တယောက်က ပြောပါတယ်။

FEM ရဲ့ ဒါရိုက်တာ ဒေါ်ယဉ်ရတနာသိန်းကလည်း “ကျမတို့ရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံရေးပါတီတွေရဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ပေးထားတဲ့ ကတိကဝတ်တွေအကြောင်း ပြည့်စုံတဲ့၊ အချက်အလက်တိုက်ဆိုင်စစ်ဆေးထားတဲ့၊ ကတိကဝတ်တွေကို နှိုင်းယှဉ်ပြပေးထားတဲ့ သတင်းအချက်အလက်တွေ၊ ဒါမှမဟုတ်ရင်လည်း လူ့အခွင့်အရေးနဲ့ပတ်သတ်ပြီး ကတိကဝတ် ပြုထားခြင်း မရှိတဲ့ သတင်းအချက်အလက်တွေ ကို မဲဆန္ဒရှင်ပြည်သူတွေထံ ပေးပို့ဖို့ပါပဲ။ နိုင်ငံရေး ပါတီတွေရဲ့ မဲဆွယ်စည်းရုံးရေးတွေဟာ ရှင်းလင်းသေချာတဲ့ ကတိကဝတ်တွေကို ရရှိလိုတဲ့ မဲဆန္ဒရှင်တွေရဲ့ ဆန္ဒကို မဖြည့်နိုင်ဘဲ၊ ဝေဝေဝါးဝါး အာမခံချက်တွေနဲ့ ပြည့်နေပါတယ်”လို့ ပြောပါတယ်။

ဒီလေ့လာချက်ကို FEM ရဲ့ဝက်ဘ်ဆိုက်မှာ ခေါင်းစဉ်တခုချင်းအလိုက် ပါတီတွေနှိုင်းယှဉ် ပြီးတော့လည်း ကြည့်ရှုနိုင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013