
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် အရှေ့ခြမ်းရှိ အုပ်ရှစ်ကုန်းရွာ ဆေးခန်းနဲ့ အနောက်တောင်ခြမ်းမှာ ရှိတဲ့ မင်းရွာအနီးကို စစ်တပ်က မတ် ၃၀ ရက် နေ့ခင်းပိုင်းနဲ့ ညနေပိုင်းတို့မှာ လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါ အုပ်ရှစ်ကုန်းရွာနဲ့ မင်းရွာအနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အကြောင်းမဲ့ လေကြောင်းကနေ ဗုံးကြဲချသွားတာလို့လည်း သိရပါတယ်။
မင်းရွာဒေသခံတယောက်က “ကျနော်တို့ မင်းရွာကို ကနဦး စကြဲတာဗျ။ အချိန်က ၁၂ နာရီအချိန်ကပါ။ ဗုံးသီး ၄ လုံး ကြဲချတာ။ ရွာအပြင် တောင်ဘက်ကိုကျတာ။ လူအထိအခိုက်တော့ မရှိခဲ့ဘူး။ ယာစောင့်တဲတွေ မီးလောင်ပျက်စီးတာတော့ ရှိတယ်” လို့ ပြောပါတယ်။
မင်းရွာဟာ အိမ်ခြေ ၈၀၀ ကျော်ရှိတဲ့ ကျေးရွာဖြစ်ပြီး ၂၀၂၂ ခုနှစ် သြဂုတ် ၄ ရက်၊ ၅ ရက်၊ ၆ ရက် တွေကလည်း စစ်တပ်က စစ်ကြောင်းထိုး ရွာကိုမီးရှို့လို့ အရပ်သားပြည်သူတယောက် သေဆုံးခဲ့ရသလို လူနေအိမ် ၃၅၀ မီးလောင်ဆုံးရှုံးခဲ့တယ်လို့လည်း သိရပါတယ်။
ဒေသခံရွာသားတယောက်က “ကျနော်တို့ရွာကတော့ ဒီနေ့ညနေ ၄ နာရီလောက်က လေယာဉ် ၂ စီးနဲ့ ၆ ကြိမ်ထက်မနည်း ဗုံးကြဲချ တိုက်ခိုက်သွားတာ။ အဲလိုတိုက်ခိုက်လို့ တဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်ဗျ။ ရွာက ဆေးရုံကို ကြဲချသွားတာ။ ကျနော်တို့ရွာကို မကြဲခင် ဘုတလင်နယ်က ငပယင်းကိုကြဲချလို့ ကျနော်တို့ ကြိုတင်ပြင်ဆင်တာတွေ အရင်လုပ်နိုင်ခဲ့လို့ အသေအပျောက် နည်းသွားရတာ။ ဒါမို့ဆို မတွေးရဲစရာ” လို့ ပြောပါတယ်။
အုပ်ရှစ်ကုန်းကျေးရွာဆေးရုံကို တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာတစီးအပြင် မိတ္ထီလာ ရှမ်းတဲလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာတစီး စုစုပေါင်း လေယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်ပြီး အရပ်သား သေဆုံးထိခိုက်ခဲ့ရတာအပြင် ဆေးရုံအဆောက်အအုံတွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။










